..............................

Monday, July 27, 2009

တြိဂံတိုင်းကိုယ်စားလှယ်များ မိုင်းလားအဖွဲ့ဌာနချုပ် သို့ လူသူ လက်နက် စာရင်းသွားကောက်

တနင်္လာနေ့၊ 27 ဇူလိုင်လ 2009

ကျိုင်းတုံ တြိဂံတိုင်းစစ်ဌာနချုပ်မှ ဒုတိုင်းမှူး နှင့်အဖွဲ့ အထူးဒေသ ၄ မိုင်းလား ဌာနချုပ်သို့ သွားပြီး လူသူလက်နက် အင်အား စာရင်းအားလုံး ပေးအပ်ရန် ပြောကြားခဲ့သည်ဟု တရုပ်နယ်စပ် သတင်းရပ်ကွက်က ဆိုသည်။

“ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း နဲ့ ဂျီဝမ်း ဒုဗိုလ်မှူးကြီး သန်းထွဋ်သိန်း တို့ အဖွဲ့လာတယ်။ မိုင်းလား အဖွဲ့ရဲ့ လူ/လက်နက် စာရင်း လာကောက်တယ် ပြောတယ်”- ဟု အမည် မဖေါ်လိုသည့် မြောက်ပိုင်း ၀ ဒေသ ကုန်သည် တဦးကဆို၏။

၂၁/၀၇/၂၀၀၉ ရက်နေ့ ဒုတိုင်းမှူးဗိုလ်ချုပ်ဝေလင်းနှင့် အဖွဲ့က မိုင်းလားအဖွဲ့ ခေါင်းဆောင် ပိုင်းများ အားလုံး နီးပါးနှင့် တွေ့ဆုံကြောင်း၊ လူသူလက်နက် အင်အား၊ ရာထူးမှ အနားယူမည့် အသက် ၅၀ ကျော် အရာရှိကြီးများ စာရင်း အားလုံးပေးအပ်ရန် တောင်းဆိုရာ မိုင်းလားအဖွဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များက ပြည်သူလူထုနှင့် အောက်ခြေအဆင့် အရာရှိများ/ ခေါင်းဆောင်ပိုင်း များ၏ ဆန္ဒအရ စာရင်းများ ပေးအပ်ဖို့ မဖြစ်နိုင်သေးကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟု ဆိုသည်။

“စာရင်းပေးအပ်ဖို့ မဖြစ်နိုင်သေးဘူးလို့ ခေါင်းခါ ငြင်းဆန် လိုက်ပေမဲ့ သူတို့လူ အားလုံးအတွက် လက်ဆောင်တွေတော့ စီစဉ် ပေးလိုက်တယ်။ အဲဒီ့နေ့ ညနေပိုင်းမှာဘဲ သူတို့ ကျိုင်းတုံကို ပြန်သွားတယ်”- ဟု အဆိုပါ ကုန်သည် က ပြောပါသည်။

ကျိုင်းတုံဒေသခံတဦးက-“မကြာသေးခင်က တြိဂံတိုင်းရုံးမှာ အစည်းအဝေး လုပ်သွားတယ်။ သူတို့ ဆုံးဖြတ်ချက်က မိုင်းလား အကြီးအကဲ တွေရဲ့ အိမ်နေရာ၊ ဌာနချုပ်နေရာ၊ လက်နက်ခဲယမ်း မီးကျောက် သိုလှောင်ရုံ အခြေစိုက် အခြေချ လှုပ်ရှား တပ်တွေရဲ့ တပ်စခန်း အားလုံးရဲ့ တည်နေရာ မြေပုံ အတိအကျ လုပ်ထားဖို့ တာဝန်ရှိသူတွေကို မှာကြားခဲ့သေးတယ်”- ဟု ဆို၏။

နှစ်ဘက်ဆက်ဆံရေးကောင်းမွန်စေရန်၊ အထင်အမြင် လွဲမှုများ မရှိစေရန် စစ်အစိုးရ တပ်ပြေးများအား စစ်ဆေးရန် အတွက်ဟု ဆိုကာ နယ်ခြားဂိတ် အ၀င်အထွက် အားလုံး၌ လူဝင်လူထွက် ဧည့်စာရင်းများ၊ ထောက်ခံစာများ၊ မှတ်ပုံတင်များ အထူးကြပ်မတ် စစ်ဆေးသည် ဟုလည်း ဆိုသည်။ စာရွက်စာတမ်း ထောက်ခံချက် အပြည့်အ၀ မရှိပါက အခက်အခဲများ ကြုံတွေ့ရကြောင်း ခရီးသွား တဦးကလည်း ဆိုသည်။

NDD ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု၊ သုတေသနနှင့် မှတ်တမ်းတင် ဌာနမှ ထုတ်ဝေသည့် (၂၅၊ ၀၇၊ ၀၉ စာစောင်ပါ ) အပါတ်စဉ် ပြည်တွင်းသတင်း သုံးသပ်ချက် အရ မြန်မာ စစ်အစိုးရနှင့် အပစ် ရပ်ထားသည့် လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့ အနက် ၈ ဖွဲ့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို လက်ခံရန် ခေါင်းခါ ငြင်းဆန်ခဲ့သည် ဟု ဆိုသည်။

မိုင်းလားအဖွဲ့သည်လည်း လက်မခံနိုင်ကြောင်း မေလနှောင်းပိုင်း၌ စစ်အစိုးရထံ တရားဝင် အကြောင်း ပြန်ခဲ့သည့် အဖွဲ့ ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့