..............................

Friday, July 31, 2009

တိုင်းရင်းသားဘာသာဖြင့် ရေဒီယိုလိုင်းအသစ် နေပြည် တော်မှ ထုတ်လွှင့်

ဝီရ / ၃၀ ဇူလိုင် ၂၀၀၉

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပညာပေး အစီအစဉ်များနှင့် စည်းရုံးရေး ဆိုင်ရာ စစ်အစိုးရ အာဘော်များကို တိုင်းရင်းသား ဘာသာ စကားများဖြင့် ထုတ်လွှင့်သည့် ရေဒီယို လိုင်းသစ် တခုကို ယခု တပတ်အတွင်း စတင် တင်ဆက်နေသည်။

ယခုထုတ်လွှင့်နေသည့် ရေဒီယိုလိုင်းသစ်ကို နေပြည်တော် တိုင်းရင်းသား ရေဒီယိုဟုသာ ကြေညာထားပြီး တိုင်းရင်းသား လူမျိုး တမျိုးစီ အတွက် တရက်လျှင် အနည်းဆုံး တနာရီစီ အသံလွှင့် နေကြောင်း မော်လမြိုင် မြို့ခံ တဦးက ပြောသည်။

၎င်းက “မွန်ဘာသာအတွက် မနက်ပိုင်းဆိုရင် (၆) နာရီခွဲကနေ (၇) နာရီခွဲအထိ လွှင့်နေတယ်။ ညနေပိုင်း (၅) နာရီကနေ (၆) နာရီအထိက ဘာသာ တမျိုးစီ အလှည့်ကျ ထုတ်လွှင့်သေးတယ်။ ခေတ်ပေါ် တိုင်းရင်းသား သီချင်း (၃) ပုဒ်၊ (၄) ပုဒ်ရယ်။ စစ်အစိုးရရဲ့ အခြေခံ ဥပဒေနဲ့ ရွေးကောက်ပွဲ အတွက် စည်းရုံးရေး၊ ပညာပေးတာနဲ့ ဆိုင်တဲ့ ဆောင်းပါး အာဘော်တွေကို မွန်ဘာသာနဲ့ ထုတ်လွှင့်နေတယ်။ ကျနော် သတိထားမိတာက ဒီအပတ် တနင်္လာနေ့ကမှ စတာ” ဟု ပြောသည်။

ယခုလွှင့်သည့် ရေဒီယိုအစီအစဉ်သစ်သည် ပိတောက်မြေနှင့် နေပြည်တော် မြန်မာ့အသံတို့ ထုတ်လွှင့်နေသည့် စစ်အစိုးရ အာဘော်များအား တိုင်းရင်းသား ဘာသာစကားဖြင့် ထုတ်လွှင့်ခြင်းဖြစ်သည်။

အစီအစဉ်များထဲတွင် တိုင်းရင်းသား ဘာသာစကားဖြင့် သီချင်း တောင်းဆို နိုင်သောကြောင့် စိတ်ဝင်စားသူ များပြားကြောင်း မုဒုံမြို့နယ်မှ ရွာသားတဦးက ပြောသည်။

၎င်းက “အခု သူတို့လွှင့်နေတာက တိုင်းရင်းသားအသံ သက်သက်ဆိုတော့ ဒီအနား တဝိုက်က ရွာတိုင်းက နားထောင် နေကြတယ်။ ပြီးတော့ သီချင်းတွေကိုလည်း တောင်းဆို နိုင်သေးတယ်။ နေပြည်တော်က သီချင်း တောင်းနိုင်တဲ့ ဖုန်းနံပါတ် တွေကိုပါ ကြေညာ ပေးထားတော့ တိုင်းရင်းသား ဘာသာနဲ့ပဲ တောင်းဆိုရတယ်။ တိုက်ရိုက် မဟုတ်ပေမယ့် ဘယ်ရွာ၊ ဘယ်နယ်က၊ ဘယ်သူက တောင်းဆိုတယ် ဆိုတာပါ ကြေညာပေးတော့ လူငယ်တွေလည်း စိတ်ဝင်စား ကြတယ်။ သီချင်းထုတ်လွှင့်တဲ့ အပိုင်းကိုပေါ့။ ကျန်တဲ့ ပညာပေးတာတို့၊ ရွေးကောက်ပွဲ အကြောင်းတွေကို စိတ်ဝင်စားသူက နည်းတယ်။ အဲဒီအထဲက ကျနော်ကြိုက်တဲ့ အစီအစဉ် တခုက မိုးလေဝသ ကြေညာချက်ပါ။ တိုင်းရင်းသားစကားနဲ့ ကြေညာပေးတာ” ဟု ပြောသည်။

နေပြည်တော် တိုင်းရင်းသားရေဒီယိုလိုင်းသစ်အား နေပြည်တော် မြန်မာအသံနှင့် ပိတောက်မြေ ရေဒီယိုတို့ ကဲ့သို့ ထုတ်လွှင့် နေသည့် လှိုင်းတို မီတာနှင့် လှိုင်းလတ်မီတာ တို့တွင် နားဆင်နိုင်သည်။

အဆိုပါနေပြည်တော် တိုင်းရင်းသားရေဒီယို လိုင်းသစ်အား ၂၀၀၉ ခုနှစ် ဇူလိုင်လ အစောပိုင်း ကတည်းက စမ်းသပ်ကာလ အဖြစ် စတည် ထုတ်လွှင့်ခဲ့ပြီး တိုင်းရင်းသားလူမျိုး တမျိုးစီ အတွက် ဌာနေစကား တတ်မြောက်သူ ဘွဲ့ရ (၄) ဦးစီ ထပ်မံ ခေါ်ယူရန် စီစဉ် နေကြောင်း MRTV4 အစီအစဉ်အား ထုတ်လွှင့်နေသည့် Forever Group ကုမ္ပဏီမှ ဝန်ထမ်းတဦးက အတည်ပြု ပြောကြားသည်။

နေပြည်တော် မြန်မာအသံကို ၂၀၀၇ ခုနှစ် ဧပြီလတွင် စတင်ထုတ်လွှင့်ခဲ့ပြီး ပိတောက်မြေ ရေဒီယို အစီအစဉ်ကိုလည်း နေပြည်တော် မြန်မာအသံမှ ထုတ်လွှင့်နေသည့် လှိုင်းလတ် မီတာတွင်ပင် တထပ်တည်း ထုတ်လွှင့် နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားသီချင်းများ ထုတ်လွှင့်သည့် FM ရေဒီယို လိုင်းသစ်များ အနေဖြင့် ပဉ္စဝတီ (ရခိုင်ပြည်နယ်)အား စတင် ထုတ်လွှင့်ခဲ့ပြီး ရွှေ FM (မြန်မာပြည်တောင်ပိုင်း) နှင့် ချယ်ရီ FM (တောင်ကြီး) တို့အား ထုတ်လွှင့်နိုင်ရန် စိုင်းပြင်းနေကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့