..............................

Thursday, January 15, 2009

ကြံ့ဖွံ့အသင်း နိုင်ငံဦးဆောင်ရန် အသင့်ဟု ဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်ပြော

NEJ/ ၁၄ ဇန်န၀ါရီ ၂၀၀၉

ကြံ့ခိုင်ရေးအသင်းကြီးသည် နိုင်ငံတော်ကို ဦးဆောင်သွားနိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဇန်နဝါရီ (၉) ရက်နေ့ မြစ်ကြီးနားမြို့တွင် မြို့မိမြို့ဖများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်က ပြောသည်။

မြစ်ကြီးနားမြို့တွင် မြို့မိမြို့ဖများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် ကချင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း တာဝန်ခံလည်းဖြစ်သူ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်က ယခုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်ကို မည်သို့ဦးဆောင်မည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံအသင်း ၀င်ပြိုင်မည်၊ မပြိုင်မည် စသည့်အချက်များကိုမူ ဗိုလ်မှူးချုပ် သိန်းဇော်က ရှင်းရှင်းလင်းလင်း ပြောခဲ့ခြင်းမရှိဟု အဆိုပါ အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်ခဲ့သူ မြို့ခံတဦးက ပြောသည်။

သို့သော် ကြံ့ဖွံ့အသင်းက နိုင်ငံရေးပါတီ (၂) ခု ဖွဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၂၀၀၈ ခု နိုဝင်ဘာ (၃၀) ရက် ရန်ကုန် ဒီပီအေသတင်းတွင် ဖော်ပြထားသည်။ ရန်ကုန် ဒီပီအေသတင်းထောက် (ကိုကို-စက်မှုတက္ကသိုလ်) ဆိုသူသည် စစ်အစိုးရ အလိုကျ ရေးသားနေသည့် သတင်းထောက်ဖြစ်သည်ဟု ရန်ကုန်စာနယ်ဇင်း အသိုင်းအ၀န်းက ပြောသည်။

ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်သည် ကချင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တာဝန်ခံလည်း ဖြစ်သကဲ့သို့ ကြံ့ခိုင်ရေးအသင်း ဗဟို အတွင်းရေးမှူးလည်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံစည်းဝေးပွဲကို နံနက် (၁ဝ) နာရီ စမည်ဆို၍ (၉) နာရီခွဲကျော်ကတည်းက သွားစောင့် နေခဲ့ရကြောင်း၊ ဝန်ကြီး ခရီးစဉ် နောက်ကျနေ၍ နံနက် (၁၁) နာရီမှ စတင်ခဲ့ရပြီး နေ့လယ် (၁) နာရီလောက်တွင် ပြီးဆုံးခဲ့သည်ဟု မြစ်ကြီးနားမြို့ခံက ပြောသည်။

၎င်းက “သူတို့အသင်းဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ မပါဘူး။ ရပ်ကွက်တိုင်းက မြို့မိမြို့ဖ တွေလည်း မဟုတ်ဘူး။ လူရွေးပြီး ဖိတ်တာ။ ကျနော်လည်း သူတို့လာဖိတ်လို့ အခုမှ တက်ဖူးတာ။ ဗိုလ်မှူးချုပ်သိန်းဇော်က ဒီကို မကြာမကြာ လာတယ်။ လာရင် သူတို့ အသင်းသားတွေနဲ့ အစည်းအဝေး သီးသန့်လုပ်တာရှိတယ်။ မြို့မိမြို့ဖတွေနဲ့ တွေ့တာရှိတယ်။ ဘာသာရေး ခေါင်းဆောင်တွေကို တွေ့တာရှိတယ်” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲဥပဒေ မထွက်သေးသည့်အတွက် ပါတီအရေအတွက် မည်မျှ ယှဉ်ပြိုင်ခွင့် ရှိမည်ကို အတိအကျ မသိရသေး သော်လည်း နောက်ထပ် ပါတီတခု နှစ်ခု ထွက်လာနိုင်သည့်အပြင် အန်အယ်လ်ဒီလည်း ပါနိုင်သည်ဆိုပြီး ပြည်တွင်းဂျာနယ် တခုနှင့် တွေ့ဆုံရာတွင် တစညပါတီ ပြောခွင့်ရပုဂ္ဂိုလ်က မကြာခင် ရက်ပိုင်းအတွင်း ပြောခဲ့သည်။ စစ်အစိုးရနှင့် ရင်းနှီးသည်ဟု လူသိများသည့် ရန်ကုန်တိုင်းမ် ဂျာနယ်နှင့် တွေ့ဆုံရာတွင် တစညပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ကြီးက ယင်းသို့ ပြောခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ပြည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီကြီး (၃) ခုသာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်ဟု ၂၀၀၇ ခုနှစ် ဧပြီလတွင် ထိုင်းဝန်ကြီးချုပ်စမတ်က သတင်းထောက်များကို ပြောခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့