..............................

Monday, January 12, 2009

မြိုင် ရေနံမှော်တွင် အခြေနေများတင်းမာနေဆဲ ပွဲစား (၁၀) ဦးခန့် အဖမ်းခံထားရ

မင်းနိုင်သူ/ ၁၂ ဇန်န၀ါရီ ၂၀၀၉

မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ နှောပင်ရေနံမြေတွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲဖြစ်ပြီး အခြေအနေများ တင်းမာနေဆဲဖြစ်ကာ အာဏာပိုင်များက ရေနံစိမ်းပွဲစား (၁၀) ဦးခန့် ဖမ်းဆီးထိန်းသိမ်း ထားကြောင်း တွင်းပိုင်တဦးက ပြောသည်။

“သူတို့တွက်တာက ပွဲစားကြောင့် ဒီလိုဖြစ်တယ်ပေါ့ဗျာ။ ကုမ္ပဏီပေးတဲ့ ဈေးထက် ပွဲစားကဈေးပိုပေးတော့ ဒီလိုမကျေနပ်မှုတွေ ဖြစ်တာဟာ ပွဲစားကြောင့်ဖြစ်တယ်ဆိုပြီး သူတို့က ယူဆတာပေါ့။ အခုတော့ ပွဲစားတွေကို လိုက်ဖမ်းနေတယ်။ အဖမ်းမခံရသေးတဲ့ သူတွေလည်း တိမ်းရှောင်နေကြရတယ်။ ဖြစ်ပြီးတဲ့နေ့က (၇) ယောက်လောက်ဖမ်းတယ်။ ကိုချစ်ကိုနဲ့ ကိုခင်ရွှေတို့ကတော့ တိမ်းရှောင်ဖို့သွားရင်း မကွေးမှာ အဖမ်းခံလိုက်ရတယ်” ဟု ၎င်းက လက်ရှိအခြေအနေကို ပြောဆိုသည်။

စစ်အစိုးရနှင့် နီးစပ်သော ကောင်းဇော်ဟိန်းကုမ္ပဏီ၏ ဈေးနှိမ်ဝယ်ယူမှုကြောင့် မှော်လုပ်သားများနှင့် တွင်းပိုင်များ မကျေမနပ်ဖြစ်လာကာ (၈) ရက်နေ့တွင် ကုမ္ပဏီဖျက်သိမ်းရေးတောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ စစ်တပ်က ပစ်ခတ်နှိမ်နင်းမှုများ ပြုလုပ်ခဲ့သည်။ စစ်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး ပေါင်တွင် ကျည်ဆန်ထိမှန်ခဲ့ကြောင်း ဒေသခံမျက်မြင်များက ပြောသည်။

နှောပင်ရေနံမှော်သို့ ရောက်ရှိနေသော တွင်းပိုင်က “အဲဒီနေ့က ကုမ္ပဏီက အစည်းအဝေးလုပ်မယ်ဆိုပြီး ခေါ်တော့ သွားကြတာပေါ့။ တွင်းပိုင်ရော၊ လုပ်သားတွေရောဆိုတော့ လူများတယ်ဆိုပြီး သူတို့က အရေးပါတဲ့ လူ (၁၀) ယောက်လောက်ကိုပဲ ခေါ်ပြောတယ်။ ပြောတာတွေက သူတို့ပေးတဲ့ဈေးနဲ့ပဲရောင်း ရမယ်။ တခြားဘယ်ကိုမှမရောင်းရဘူး။ သူတို့ပေးတဲ့ ပေပါပဲသုံးရမယ် ဆိုတာမျိုးတွေ။ သူတို့ဖြစ်ချင်တာတွေ အကုန်ပြောတာပေါ့ဗျာ။ အဲဒီလိုလည်း သိရော အဲဒီနေ့ ညနေမှာပဲ မှော်ထဲကလူတွေ မခံနိုင်တော့ဘဲ အ၀င်အထွက်ဂိတ်ကို ၀ိုင်းတယ်။ အဲဒီမှာရှိတဲ့ စစ်သားနှစ်ယောက်၊ သုံးယောက်လောက် ဆက်သွယ်ရေးစက်တွေနဲ့ အကြောင်းကြားတာလည်းမြင်ရော လူထုက မခံနိုင်တော့ဘဲ ၀င်ရိုက်တဲ့အတွက် စစ်သားနှစ်ယောက် အရိုက်ခံရတယ်။ အဲဒီကနေမှ ဆီဝယ်တဲ့ ကုမ္ပဏီစခန်းကို သွားတယ်။ အဲဒီမှာတော့ စစ်သားများတယ်။ (၉) ယောက်၊ (၁၀) ယောက်တော့ရှိမှာပေါ့။ လူအုပ်ကတော့ ခင်များတို့ ပစ်လည်း မီးရှို့မှာပဲ။ မပစ်လည်းမီးရှို့ပဲဆိုပြီး ၀ိုင်းအော်တယ်။ အဲ..တကယ်လည်းပစ်ရော လူအုပ်က နောက်မဆုတ်ဘဲ ၀ိုင်းတက်တယ်။ သူတို့ကပစ်လို့ အမျိုးသမီးတယောက်ပေါင်မှန်တယ်။ အဲဒီစခန်းကိုလည်း မီးရှို့လိုက်နိုင်တယ်။ ကုမ္ပဏီပိုင် ပေပါအလုံး (၇၀) လောက် မီးထဲပါသွားတယ်။ နောက်ပြီး ခြောက်ဘီးကားတစီးပါသွားတယ်” ဟု ဖြစ်စဉ်ကို ပြောပြသည်။

ရေနံတူးဖော်ခပ်ယူမှုတွင် စက်ကိုအသုံးပြုရခြင်းကြောင့် မောင်းဆီခေါ် ဒီဇယ်ဆီချောကို အသုံးပြုရလေ့ရှိရာ ယင်းမောင်းဆီကိုပင် ကုမ္ပဏီက ပြင်ပမှ ၀ယ်ယူခွင့်မပြုဘဲ ၎င်းတို့ကြိုက်ဈေးဖြင့် ရောင်းချခြင်းကိုသာ တွင်းပိုင်များအား မ၀ယ်မနေရ ၀ယ်ယူစေသည် ဟု သိရှိသည်။ ထို့အပြင် ထွက်ရှိလာသော ရေနံစိမ်းများထည့်သွင်းရန် ကုမ္ပဏီပိုင် ပေပါများကိုသာ အသုံးပြုစေရာ တွင်းပိုင်နှင့် ကုမ္ပဏီအကြား ပေပါ ပိန်ဖောင်းလုပ်ထားခြင်း ရှိမရှိသည်လည်း ပြဿနာတရပ်ဖြစ်နေပြန်သည်။

“သူတို့က သူတို့ပေးတဲ့ ပေပါနဲ့ပဲ ထည့်ရမယ်ဆိုပေမယ့် ပေပါတွေလည်း လောက်ငအောင် မပေးနိုင်ဘူး။ တတွင်းကို ပေပါအလုံး (၂၀) ဆိုတာ သူတို့အများဆုံးပေးနိုင်တာပဲ။ ပုံမှန်တွင်းတွေက (၈၀)၊ (၁၀၀) လောက်ထွက်ပြီး တကယ်ထွက်တဲ့ လျှံတွင်းက တရက်ကို ပေပါ (၃၀၀) လောက်တောင်ထွက်တာဆိုတော့ သူတို့ပေးတာလောက်နဲ့မလောက်ဘူး။ မလောက်တော့ ကန်ထဲမှာပဲ ထည့်ထားရတော့ လေလွင့်မှုတွေရှိတာပေါ့။ ပြီးတော့ မီးရေးစိတ်ချရမှု မရှိဘူးပေါ့။ (၁၀) ရက်နေ့ကတောင် တွင်းတတွင်း မီးလောင်သေးတယ်။ အဲဒါ ပေပါမရှိဘဲ ကန်ထဲထည့်ထားရတာကြောင့်ပဲ” ဟု တွင်းပိုင်က ဆိုသည်။

ယခုအခါ ရေနံမှော်အတွင်း ည (၇) နာရီမှ နံနက် (၅) နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားကာ ရေနံမြေသွားရာလမ်းတွင်လည်း ရဲကမှတ်ပုံတင်စစ်ဆေးမှု၊ မေးမြန်းမှုများကို ပြုလုပ်လျက်ရှိကြောင်း ခေတ်ပြိုင်က စုံစမ်းသိရှိရသည်။

“သူတို့က လက်နက်ရှိတော့ ဗိုလ်ကျချင်တိုင်းကျနေတာပေါ့။ ဒါပေမယ့် ရေရှည်မှာ သူတို့ထိန်းနိုင်ဖို့ မလွယ်ဘူးထင်တယ်။ နယ်ခံရွာတွေကလည်း ကျေနပ်ကြတာမဟုတ်ဘူး။ နောက်တချက်က သူတို့က အခုမြေပိုင်ရှင်တွေဆီက မြေသိမ်းယူတာမျိုးတွေကိုပါ လုပ်လာနိုင်တယ်ဆိုတာ နယ်ခံတွေက တွက်ထားတယ်။ အခုဖမ်းထားတဲ့ ပွဲစားတွေကိုလည်း ကုမ္ပဏီဆီက ရေနံလုဝယ်လို့ ဆိုပြီး ထောင်ချလို့မဖြစ်တော့ နိုင်ငံရေးမှုတွေဘာတွေတပ်ပြီး လုပ်နိုင်တယ်လို့ တွက်ထားကြတယ်” ဟု ဒေသခံတွင်းပိုင်က ပြောသည်။

အရပ်ဘက် ပေါ်ပင် ရေနံစိမ်းတူးဖော်ရေးလုပ်ငန်းကို ၂၀၀၅ ခုနှစ်မှစပြီး စစ်ကိုင်း တန့်ဆည်မြို့နယ်၊ ယင်းမာပင်စသည့် နယ်မြေများအပြင် မကွေးတိုင်း မြိုင်မြို့နယ် ဆူးကွင်း၊ ပုံတောင်ပုံညာ နတ်ထိပ်၊ ဆောမြို့နယ် ဆိပ်ဖြူ စသည့် ဒေသများတွင် စတင်လုပ်ကိုင်ခဲ့ကြသည်။

စီးပွားရေးကျပ်တည်းမှုကြောင့် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ လူငယ်များ အဆိုပါ ရေနံမှော်များသို့ သွားရောက်လုပ်ကိုင်ခဲ့ကြသည်။ ထိုအချိန်က မြို့ပေါ်၌ ကျွမ်းကျင်အလုပ်သမားတဦးကို တနေ့ ကျပ် (၁,၀၀၀) ပေးနေသည့်အချိန်တွင် ရေနံမှော်အလုပ်သမားတဦးအား တနေ့ (၂၀၀၀) ထိပေးသည့်အတွက် လူငယ်များပိုပြီး သွားရောက်ခဲ့ကြသည်။

မြိုင်မြို့နယ် ရေနံမှော်ဆိုလျှင် ဖြစ်ကတတ်ဆန်း စက်ပစ္စည်းများသုံးပြီး ထွက်လာသည့် ရေနံစိမ်းကို မုံရွာသို့ ပိုပေးရပြီင်္း လုပ်ငန်းခွင်အန္တရာယ် အများအပြားကြုံတွေ့ခဲ့ရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့