..............................

Friday, February 15, 2008

မလွတ်လပ်ရေးနေ့ အကြောင်း

ဂါမဏိ

ကျနော်တို့ ကလေးဘ၀ သိတတ်စအချိန်တွင် လွတ်လပ်ရေး နေ့ကို စတင်တွေ့ထိ ခဲ့ရပါသည်။ မုန့်စား ပြေးပြိုင်ပွဲ၊ ဂုန်အိတ်စွပ် ပြေးပြိုင်ပွဲများကို ၀င်ရောက် ယှဉ်ပြိုင် ကစားရသည်။ ကျနော့်ထက် ကြီးသော ကိုကို၊ မမတို့ ကတော့ ရေအိုးရွက် ပြေးပြိုင်ပွဲ၊ မျက်စိအ၀တ်စည်းသံပုံးရိုက်ပြိုင်ပွဲ စသည်တို့ကို ဆင်နွှဲရပါသည်။ ကျနော်လည်း ကိုကိုတို့ အရွယ် ရောက်လာသောအခါ ထိုကစားပွဲများ၌ ရယ်မောပျော်ရွှင် ပါဝင်ခွင့် ရလာပါသည်။ အကိုကြီးများ၊ ဦးလေးများကတော့ ချောတိုင်တက်ပွဲ၊ ခေါင်းအုံး ရိုက်ပြိုင်ပွဲများကို တပျော်တပါး ဆင်နွှဲကြပါသည်။

ဇန်န၀ါရီ (၄) ရက် လွတ်လပ်ရေးနေ့ ဆိုသည်မှာ ကစားနည်းမျိုးစုံ ကစားရ၊ မုန့်မျိုးစုံ စားရပြီး လွတ်လပ်စွာ ရယ်မော ပျော်ရွှင် သော နေ့တနေ့ အဖြစ်သာ စွဲမှတ်ခဲ့မိပါသည်၊ ထိုရက်ကို လွန်မြောက်သွားသော အခါ ကလေးတို့ ထုံးစံအတိုင်း အခြားအရေး ကြီး သို့မဟုတ် ဦးစားပေး ကစားခုန်စားမှု များတွင် နစ်မျော သွားခဲ့ ပြန်ပါသည်။ ထို့အပြင် စိတ်ညစ်စရာ ကောင်းလှသော စာသင်ရခြင်းနှင့် စာကျက်ရခြင်း တို့ကိုလည်း မပျော်ရွှင်စွာ ဖြတ်သန်း ရပါသေးသည်၊ အဆော့လွန်၍ မိဘများ၏ ဆဲဆို ငေါက်ငန်းမှုမှသည် ရိုက်နှက် ကန်ကျောက်မှု အဆုံး မျက်ရည်နှင့် ရင်ဆိုင်ရခြင်းမှာလည်း မဆန်းလှ။ စင်စစ် ကလေးဘ၀ သည် သီချင်းထဲကလို လုံးဝ အပူအပင်ကင်းတဲ့ ဘ၀တော့ မဟုတ်ဟု ယူဆမိပါသည်။

ဤသို့ဖြင့် လွတ်လပ်ရေးနေ့များကို နှစ်စဉ်နှစ်စဉ် ဖြတ်သန်းလာရင်း ထိုတနှစ် တနှစ်စီ၌ မလွတ်လပ် သောနေ့များ ကလည်း အမှတ်ထင်ထင် ဖြစ်လာခဲ့ပါသည်၊ ထိုမှသည် လက်တွေ့ လူမှုစီးပွားနယ်ပယ်၌ ကူးခတ်နေရသော ဘ၀များနှင့် တရွေ့ရွေ့ နီးကပ် ယှက်ဖြတ်လာရသလို ရှောင်လွှဲ မရသော အထွေထွေ သုတ အသိပညာတို့ကလည်း ကျနော်၏အတွေးအခေါ်များ အပေါ် အရိပ်ထိုးလာခဲ့ပါသည်။

စစ်အာဏာရှင်စနစ်အောက် စီးပွားရေး အဆိုးဆုံး သံသရာတွင်းမှ မိဘများ၏ မွန်းကြပ်မှု၊ ရပ်ရွာ ပတ်ဝန်းကျင်မှ ဆွေမျိုးများ၊ မိတ်ဆွေ အပေါင်းအသင်းများ၊ အသိအကျွမ်း အရပ်သားများတို့၏ မောဟိုက်မှု များသည် ကလေးဘ၀မှ မလွတ်လပ်ရေးနေ့ များကို အရည်အချင်းအရ လည်းကောင်း၊ အရေအတွက်အရ လည်းကောင်း ပြောင်းလဲ အရောင်ဆိုးပစ်လိုက်ပါသည်။

ဇန်န၀ါရီ (၄) ရက် လွတ်လပ်ရေးနေ့၏ အရိပ်ကို ကျနော့် နှလုံးသားထဲမှ အပြီးအပိုင် ပျောက်ကွယ် သွားစေခဲ့သော (ကျနော့် အတွက်) ပထမဆုံး မလွတ်လပ်ရေးနေ့မှာ ၁၉၇၄ ဇွန် (၆) ရက်နေ့ ဖြစ်ပါသည်။ ဆင်းရဲပင်ပန်းစွာ ခွန်အားစိုက်ထုတ် အလုပ် လုပ်ရသော အလုပ်သမားကြီးများ စားစရာ မရှိ၍ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုသည်ကို အစုလိုက်အပြုံလိုက် ပစ်သတ် လိုက်ခြင်းအား ကျနော် ကြုံတွေ့ရသည့် အခါ ကျနော့်ဘ၀၌ လွတ်လပ်ရေးနေ့ ပျောက်ဆုံး သွားပါတော့သည်၊ ဇန်န၀ါရီ(၄) ရက်နေ့သည် မလွတ်လပ်သော လွတ်လပ်ရေးနေ့ ဖြစ်သွားရပါသည်။

ထိုမှတဖန် နောက်ခြောက်လအကြာ ၁၉၇၄ ဒီဇင်ဘာ (၁၁) ရက်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်၏ ဈာပနကို ငြိမ်း ချမ်းစွာစုဝေးလျက် စီစဉ်ခင်းကျင်းနေသော ကျောင်းသားများ၊ သံဃာတော်များနှင့် ပြည်သူ လူထုများအား အကြမ်းဖက် တိုက်ခိုက်ပြီး ထောင်သွင်းအကျဉ်းချ၊ ပစ်ခတ် သတ်ဖြတ် ပြန်သောအခါ ကျနော့်အတွက် ဒုတိယမြောက် မလွတ်လပ်ရေးနေ့ ကို တွေ့ရှိခဲ့ရ ပြန်သည်။ ဤသို့ဖြင့် နောက်ထပ် ခြောက်လအကြာ ၁၉၇၅ ဇွန် (၁၁) ရက်နေ့သည်လည်းကောင်း၊ ၁၉၇၆ ခု မတ်လ (၂၃) ရက်သည် လည်းကောင်း နောက်ထပ်နောက်ထပ် မလွတ်လပ်ရေး နေ့များ ဖြစ်ခဲ့ရပါသည်၊ စင်စစ် အားဖြင့် ကျနော် တဦးတည်း အနေဖြင့် မစဉ်းစားမခံစားဘဲ မြန်မာနိုင်ငံ လူ့အဖွဲ့အစည်း အရ ကြည့်လျှင်မူ ၁၉၆၂ ခု မတ်လ(၂) ရက်နေ့သည် ပထမဦးဆုံးသော မူလလက်ဟောင်း မလွတ်လပ်ရေးနေ့ ဖြစ်သည်ကို နောက်ပိုင်းတွင် ကျနော် သိလာခဲ့ရပါသည်။ တနည်းအားဖြင့် ဘ၀များနှင့် ဆက်နွယ်ပြီး လောကအမြင်များ ရရှိလာသလို ထိုဘ၀များကို ထင်ဟပ်နေသည့် စာပေ၊ စာနယ်ဇင်းတို့မှလည်း လောက အသိတရားများ ရရှိလာခဲ့ပါသည်။

၁၉၇၄ ဇွန် (၆) ရက်၊ ၁၉၇၄ ဒီဇင်ဘာ (၁၁) ရက်၊ ၁၉၇၅ ဇွန် (၁၁) ရက်၊ ၁၉၇၆ မတ် (၂၃) ရက်တို့သည် ၁၉၆၂ မတ်လ (၂) ရက်နေ့မှစတင်ခဲ့သော မလွတ်လပ်ရေးနေ့ ရှည်ကြီး အတွင်းမှ ၁၉၆၂ ခု ဇူလိုင် (၇) ရက်လို မလွတ်လပ်ရေးနေ့၊ ကစား ခုန်စားပွဲများသာ ဖြစ်နေသည်ကို တုန်လှုပ် ချောက်ချားစွာ တွေ့ရှိ သွားမိပါသည်။ ဤသို့ဖြင့် ၁၉၈၈ ခု မတ်လ (၁၃) ရက် သည်လည်းကောင်း၊ ၁၉၈၈ ခု ဇွန်လ (၂၁) ရက်သည် လည်းကောင်း၊ ၁၉၈၈ သြဂုတ် (၈) ရက်သည် လည်းကောင်း၊ မလွတ်လပ်ရေးနေ့ မပျော်ပွဲ မရွှင်ပွဲများ အထူးဝှဲ ချီးကျင်းပရာ ကာလများ ဖြစ်သွားပါတော့သည်။

၁၉၈၈ ခု သြဂုတ် (၁၂) ရက် ဖက်ဆစ်လက်ရုံး လူသတ်သမ္မတ ရာထူး ကျပြီးနောက် သြဂုတ် (၂၆) ရက် ရွှေတိဂုံ အနောက် မုခ်၌ ဒေါ်အောင်ဆန်းစုကြည် ထူထုရင်ထဲသို့ လွတ်လပ်ရေးပန်း မျိုးစေ့ချလိုက် သည့်အခါ ပျောက်ဆုံးနေခဲ့သော လွတ်လပ် ရေးနေ့၏ ရနံ့များကို ဝေ့ခနဲ ရှူလိုက်ရပါသည်၊ သို့သော် လွပ်လပ်ရေးနေ့၏ ရနံ့ မွှေးမြမြလေးမှာ တလမကြာမီ လွင့်ပြယ်သွား ခဲ့သည်။ ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်သည် ရိုင်းစိုင်း ညစ်ထေးလှသော မလွတ်လပ်ရေးနေ့ သစ်အဖြစ် ယမ်းငွေ့ တလူလူ လွင့်ကာ မပျော်ပွဲ မရွှင်ပွဲ အကြီးအကျယ် ပွဲခံခဲ့ပါသည်။

မလွတ်လပ်ရေးနေ့သည် ၁၉၆၂ ခု မတ်လ (၂) ရက် သို့မဟုတ် ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်တို့ တွင်သာ မြစ်ဖျားခံခဲ့ သည်မဟုတ်ပါ။ မြန်မာပြည်ဖွား တိုင်းရင်းသား လူမျိုးစုများ အတွက် သီးသန့် မလွတ်လပ် ရေးနေ့များ စောစွာ ကတည်းက ရှိခဲ့သည်ကို ကြည့်သောသူ မြင်တွေ့ သိမှတ်လာရပါသည်။

၁၇၅၇ ခု မေလ (၆) ရက်သည် မွန်အမျိုးသားတို့၏ လွတ်လပ်သော ဟံသာဝတီ နိုင်ငံကို မုဆိုးဘို ရွာသူကြီး တဖြစ်လဲ ရွှေဘိုဘုရင် ဦးအောင်ဇေယျက သိမ်းပိုက် ဖျက်ဆီးလိုက်သော မလွတ်လပ်ရေးနေ့ တနေ့ ဖြစ်ပါသည်။ မွန်တို့မှာ ၁၇၄၀ ခုနှစ်စ၍ အင်းဝဘုရင် မဟာ ဓမ္မရာဇာဓိပတိကို စတင် တော်လှန်ခဲ့ သော်လည်း ၁၇၅၁ ခုနှစ်ကျမှ လွတ်လပ်သော တတိယမွန်နိုင်ငံ ပြန်လည် ထူထောင်နိုင်ခဲ့သည် ဖြစ်၍ လွတ်လပ်ရေးနေ့ကို (၆) နှစ်သာ ခံစားလိုက်ရပါသည်။ သည့်အရင်ကမူ ၁၀၅၇ ခု အနော်ရထာဘုရင် သထုံမသိမ်းမီ ပထမမွန်နိုင်ငံ နှစ်ပေါင်း (၅၀၀) ခန့်၊ ပုဂံပျက်ပြီးနောက်ပိုင်း ၀ါရီရူမင်း၏ အဆက်အနွယ်များ ယိုးဒယားမင်း သြဇာခံဘ၀မှ ရုန်းထွက်နိုင်ခဲ့သည့် ၁၃၄၀ ခုနှစ်နှင့် တောင်ငူဘုရင် တပင်ရွှေထီး ဟံသာဝတီ သိမ်းသည့် ၁၅၃၆ ခုကြား ဒုတိယ မွန်နိုင်ငံ နှစ်ပေါင်း (၂၀၀) နီးပါး စသည်ဖြင့် လွတ်လပ် ရေးနေ့များကို ခံစားခဲ့ရပါသည်။ ပထမဦးဆုံး သော မွန်လွတ်လပ်ရေး တိုက်ပွဲဖြစ်သည့် ၁၀၈၃ ခု ငရမန်ကန်း၏ တော်လှန်ရေးကို ကျန်စစ်သားက ချေမှုန်း ပစ်ခဲ့သလို နောက်ဆုံး မွန်လွတ်လပ်ရေး တိုက်ပွဲ ဖြစ်သည့် ၁၈၂၇ ခုနှစ်ဆန်း သမိန်ဗရူး ခေါင်းဆောင်သော မွန်နှင့် ကရင်တို့၏ တော်လှန်ရေးကိုလည်း ဘကြီးတော်မင်းက နှိမ်နင်းပစ်ခဲ့ပါသည်။

အလောင်းဘုရားခေါ် ဦးအောင်ဇေယျနှင့် ဗမာအမျိုးသားတို့မှာ ၁၇၅၂ ခု မတ်လ (၁၁) ရက်တွင် အင်းဝဘုရင် မဟာ ဓမ္မရာဇာဓိပတိအား ဟံသာဝတီနိုင်ငံက လက်ရဖမ်းဆီးပြီး အင်းဝ တနိုင်ငံလုံးကို သိမ်းပိုက်လိုက်ချိန်မှ ၁၇၅၄ ခု ဇန်န၀ါရီ (၃) ရက်တွင် အင်းဝမြို့တော်ကို မွန်တို့ လက်လွှတ်လိုက်ရချိန် အထိ မလွတ်လပ်ရေးနေ့ကို ခံစားခဲ့ရသည်။ ယင်း၏ အကျိုးဆက်အဖြစ် ဦးအောင်ဇေယျက မွန် အမျိုးသားတို့ကို ၁၇၅၇ ခု၌ မလွတ်လပ်ရေးနေ့ တန်ပြန် သက်ရောက် စေခဲ့ပါသည်။ သို့ရာတွင် လူမျိုးရေးအရ လက်စားချေ သန့်စင်ပစ်မှုကြောင့် မွန်အမျိုးသားတို့ ခံစားရသော မလွတ်လပ်ရေးနေ့မှာ ပို၍ပြင်းထန် ခါးသီးခဲ့ပါသည်။ တချိန်က မွန်အမျိုးသားတို့ ပျံ့နှံ့ပွားစီးရာ အောက်မြန်မာပြည် မြစ်ဝကျွန်းပေါ် ဒေသကြီး တခုလုံးတွင် မွန်များ ပြောင်တလင်း ခါသွားခဲ့ပါသည်။

၁၇၈၄ ခု ဒီဇင်ဘာ (၂၈) ရက်မှာမူ ရခိုင်အမျိုးသားတို့၏ မလွတ်လပ်ရေးနေ့ ဖြစ်ခဲ့ပါသည်။ ယင်းနေ့တွင် အင်းဝဘုရင် ဘိုးတော်ဘုရားခေါ် မောင်ဝိုင်းက လွတ်လပ်သော မြောက်ဦး နိုင်ငံကို သိမ်းပိုက်ခဲ့ပါ သည်။ ယခင်က ပုဂံမင်း၊ အင်းဝမင်း ဟံသာဝတီမင်းတို့ထံ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရခြင်းများ ရှိသော်လည်း ယခု နောက်ပိုင်း အကြိမ်လို ကြာရှည်ခြင်း မရှိခဲ့။

ရှမ်းတို့၏ မလွတ်လပ်ရေးမှာမူ ၁၅၅၈ ခုကပင် စတင်ခဲ့ပါသည်။ ယင်းနှစ်တွင် တောင်ငူ- ဟံသာဝတီ ဘုရင် ဘုရင့်နောင်က ယခု အထက်မြန်မာနိုင်ငံနှင့် ရှမ်းပြည်နယ်ရှိ လွတ်လပ်သော ရှမ်းစော်ဘွားနယ် အားလုံးကို အပြီးအပိုင် သိမ်းပိုက်လိုက်ခြင်းဖြင့် ရှမ်းတို့၏ မလွတ်လပ်ရေးနေ့များ စတင်ခဲ့ပါသည်။ သည့်အရင်က ရှမ်းတို့သည် ၁၄၅၀ ခုအထိ ရွှေလီကို ဗဟိုပြုသော လွတ်လပ်သည့် မောရှမ်း ဘုရင့် နိုင်ငံကြီးကို တည်ထောင် စိုးစံ ခဲ့ဖူးပါသည်။ ထိုမျှမက ပုဂံပြည်ကို မွန်ဂိုတို့ သိမ်းပိုက်ဖျက် ဆီးပြီးနောက် ရှမ်းတို့က လွတ်လပ်သော အင်းဝနိုင်ငံ ထူထောင်ခဲ့ရာ ၁၅၅၅ ခု အင်းဝကို တောင်ငူဘုရင် တပင် ရွှေထီး သိမ်းပိုက်သည့် အချိန်ထိ ရှမ်းမင်းများ၊ ဗမာမင်းများ သို့မဟုတ် ရှမ်းဗမာ ကပြားမင်းများက ရှမ်း-ဗမာပူးတွဲ နိုင်ငံဖြစ်သော အင်းဝ ထီးနန်းကို အုပ်စိုးခဲ့ကြပါသည်။

ကရင်နီတို့၏ မလွတ်လပ်ရေးနေ့မှာ ၁၉၄၈ ခု သြဂုတ်လ (၉) ရက်ဖြစ်ပါသည်၊ ၁၈၇၅ ခု အင်္ဂလိပ်-မြန်မာ စာချုပ်အရ အနောက်ပိုင်းတခြမ်း လွတ်လပ်ရေး ရထားသော ကရင်နီပြည်ကို ဖဆပလဦးနု၏ တပ်များက ထိုနေ့တွင် တိုက်ခိုက်သိမ်း ပိုက်လိုက်သဖြင့် မလွတ်လပ် သွားခြင်း ဖြစ်ပါသည်။

လက်နက်အားကိုး စုစည်းထားသော ရှေးဟောင်းမြန်မာနိုင်ငံ အဖို့ ကမ္ဘာ့နယ်ချဲ့ စနစ်ဟူသော ပထမ ဂလိုဘယ် လိုက်ဇေးရှင်း နှင့် ကြုံရသည့်အခါ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိ တိုင်းရင်းသား လူမျိုးအားလုံး အတွက် မလွတ်လပ်ရေးနေ့များ ပေါင်းဆုံ သွားခဲ့ပါသည်။ ရန္တပိုစာချုပ် ချုပ်ပြီး ပထမအင်္ဂလိပ် -မြန်မာစစ် အဆုံးသတ်သွားသော ၁၈၂၆ ခု ဖေဖေါ်ဝါရီ (၂၄) ရက်သည် လည်းကောင်း၊ ဒုတိယစစ်အပြီး အောက် မြန်မာနိုင်ငံကို ဗြိတိသျှ သိမ်းပိုက်ကြောင်း ကြေညာသည့် ၁၈၅၂ ခု ဒီဇင်ဘာ (၁၇) ရက်သည်လည်း ကောင်း၊ တတိယ စစ်အပြီး မြန်မာ့ အချုပ်အခြာပြယုဂ် သီပေါမင်း ပါတော်မူသည့် ၁၈၈၅ ခု နိုဝင်ဘာ (၂၉) ရက်သည် လည်းကောင်း၊ တတိယစစ်အပြီး မြန်မာ့ အချုပ်အခြာ၏ ပြယုဂ် သီပေါမင်း ပါတော်မူသည့် ၁၈၈၅ ခု နိုဝင်ဘာ (၂၉) ရက်သည်လည်းကောင်း၊ မြန်မာ တနိုင်ငံလုံးအား ဗြိတိသျှအင်ပါယာ တွင်း တရားဝင် သွတ်သွင်းလိုက်သည့် ၁၈၈၆ ခု ဇန်န၀ါရီ (၁) ရက်နေ့သည် လည်းကောင်း ထပ်ဆင့် မလွတ်လပ်ရေးနေ့များ ဖြစ်ခဲ့ပါသည်။

ဤသို့သော မလွတ်လပ်ရေးနေ့များသည် ၁၉၄၇ ခု ဖေဖေါ်ဝါရီ (၁၂) ရက်၌ တခုတည်းသော လွတ် လပ်ရေးနေ့ အဖြစ်သို့ လှပစွာ ပေါင်းစည်းသွားနိုင်မည့် အခွင့်အလမ်း ရရှိခဲ့ပါသည်။ အမြော်အမြင် ကြီးမားပြီး စိတ်ရင်းစေတနာ ပြည့်ဝလှသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အလားတူ ဉာဏ်ပညာ ကြီးမားသော တိုင်းရင်းသားခေါင်းဆောင် တို့နှင့်အတူ၊ ပင်လုံစာချုပ် အားဖြင့် မြန်မာပြည်ဖွား တိုင်းရင်းသား အားလုံးအတွက် လွတ်လပ်ရေးနေ့ကို ဆောင်ကြဉ်းနိုင်ရန် လုံ့လစိုက် ထုတ်ခဲ့ပါသည်။
သို့ရာတွင် ယင်းတိုင်းရင်းသား အားလုံး၏ လွတ်လပ်ရေးနေ့ အလင်းစသည် ဗိုလ်ချုပ် ကျဆုံးခြင်းနှင့် အတူ ပိတ်ဖုံးသွားခဲ့ရ ပါသည်။ ၁၉၄၈ ခု ဇန်န၀ါရီ (၄) ရက် လွတ်လပ်ရေးနေ့သည် အနော်ရထာ-ကျန် စစ်သား၊ တပင်ရွှေထီး-ဘုရင့်နောင်၊ ဦးအောင်ဇေယျ-ဘိုးတော်မောင်ဝိုင်းတို့၏ မျိုးဆက်သစ် ဖဆပလ- ဆိုရှယ်လစ် ခေါင်းဆောင်များက တိုင်းရင်းသားတို့အပေါ် မလွတ်လပ်ရေး ပေးသောနေ့ ဖြစ်သွားခဲ့ပါသည်။ တိုင်းရင်းသား လူမျိုးစုများသာ မကဘဲ ကျောမွဲနင်းပြား လူတန်းစားများ အတွက်လည်း မလွတ် လပ်ရေးနေ့ ဖြစ်နေခဲ့ရ ပါသည်။

ဤမလွတ်လပ်ရေးနေ့များသည် ၁၉၆၂ ခု မတ်လ (၂) ရက်တွင် အဆင့်သစ် တခုဆီ ပေါင်းဆုံ တိုးတက် သွားခဲ့သည်။ လက် တဆုပ်စာ စစ်အုပ်စုမှအပဖြစ်သော လူမျိုးအားလုံး၊ လူ့အလွှာအားလုံး၊ လူတန်းစား အားလုံး၏ မလွတ်လပ်ရေး နေ့များသည် ၁၉၈၈ ခု စက်တင်ဘာ (၁၈) ရက်တွင် နောက်ထပ်တဖန် တဆင့်မြင့် ပေါင်းစည်းသွားခဲ့ပြီး၊ ၁၉၉၀ မေ (၂၇) ရက်နေ့တွင်မူ မလွတ်လပ်ရေးနေ့ အောက်မှ ပျော်ပွဲရွှင်ပွဲကို ထူးထူးခြားခြား ကျင်းပနိုင်ခဲ့ပါသည်။ သို့ရာတွင် ထုံးစံအတိုင်း ဤပျော်ပွဲရွှင်ပွဲ သည် မကြာမီ ခဏတာ အတွင်း မပျော် မရွှင်ပွဲ အဖြစ်သို့၊ မလွတ်လပ်ရေးနေ့ စစ်စစ် အဖြစ်သို့ ကြေကွဲ နာကျင်စွာပြောင်း လဲသွားရပါသည်။
ကျနော်တို့ အားလုံး၏ မလွတ်လပ်ရေးနေ့များကို သာယာပျော်ရွှင်ဖွယ် ကောင်းသော၊ တခုတည်းသော လွတ်လပ်ရေးနေ့ အဖြစ် တပျော်တပါး ၀ိုင်းဖွဲ့ဆင်နွှဲ ခံစားနိုင်ဖို့ အားလုံးမှာ အိပ်မက်များ ရှိနေပါသည်။

ဂါမဏိ

0 comments:

အပေါ်သို့