..............................

Wednesday, December 24, 2008

နေပြည်တော် နေ့စဉ်သတင်းစာ ထွက်တော့မည်

Tuesday, 23 December 2008

နေပြည်တော် နေ့စဉ်သတင်းစာ အမည်ရှိ သတင်းစာ တစောင်ကို လာမည့် ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ အတွင်း စတင် ထုတ်ဝေတော့မည် ဖြစ်ကြောင်း နေပြည်တော် ပြန်ကြားရေး ၀န်ကြီး ဌာနမှ အရာရှိကြီး တဦးက ပြောကြားသည်။

အသစ်ထုတ်ဝေမည့် နေပြည်တော် သတင်းစာသည် မြန်မာ့အလင်း၊ ကြေးမုံတို့ကဲ့သို့ပင် အစိုးရ ခေါင်းဆောင်များနှင့် ပတ်သက်သော သတင်းများကို ဦးစားပေး ဖော်ပြမည်ဖြစ်ကာ တနိုင်ငံလုံး အတိုင်းအတာထိ ဖြန့်ချိ သွားမည်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကာလအတွက် စစ်အစိုးရ၏ ၀ါဒဖြန့်ချိရေး သတင်းများကို ဆက်တိုက် ဖော်ပြသွားမည့် သတင်းစာတစောင် ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။

“မြန်မာ့အလင်းတို့ ကြေးမုံတို့လိုပဲ နိုင်ငံတော် အစိုးရနဲ့ ပတ်သက်တဲ့ သတင်းတွေ ဦးစားပေး ထုတ်မှာ။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်သွားဖို့ အဓိကပါ” ဟု လည်း ၎င်းကဆိုသည်။

နေပြည်တော် သတင်းစာသည် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာ များထက်ပင် ပိုမို ကြီးကျယ်သော သတင်းစာကြီး တစောင် ဖြစ်လာနိုင်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနနှင့် နီးစပ်သော အသိုင်းအ၀န်းမှ ကြားသိရသည်။

“အဲဒီသတင်းစာက စစ်အစိုးရ အခြေစိုက်တဲ့ မြို့တော်ကနေ ထုတ်မှာဆိုတော့ ရှိပြီးသား သတင်းစာ တွေထက် ပိုပြီး အရှိန်အ၀ါ ကြီးလာနိုင်တယ်” ဟု မန္တလေး စာနယ်ဇင်း အသိုင်းအ၀န်းမှ သတင်းစာ ဆရာကြီး တဦးက သုံးသပ်သည်။

မီဒီယာကို မီဒီယာနှင့် တိုက်မည်ဟူ၍ သတင်း မီဒီယာကို စစ်လက်နက် ပစ္စည်းသဖွယ် သဘောထား ပြောဆို ကြုံးဝါးလေ့ရှိသော ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း လက်ထက်တွင် နေပြည်တော် သတင်းစာသည် ပြည်ပအခြေစိုက် မြန်မာမီဒီယာများကို တိုက်ခိုက်မည့် သတင်းစာ တစောင် ဖြစ်လာနိုင်ကြောင်း ရန်ကုန်အခြေစိုက် သတင်းသမား တဦးက ပြောသည်။

“သတင်းစာ တစောင် ထပ်တိုးလာတယ် ဆိုပေမယ့် ရှေ့က ထုတ်ဝေနေတဲ့ နောင်တော် သတင်းစာတွေလို အစိုးရ အာဘော်နဲ့ ပြည်ပမီဒီယာတွေကို တိုက်ခိုက် ဝေဖန်မယ့် ပုံစံမျိုးပဲ လာမှာပါ။ ပြည်သူတွေ အတွက်တော့ ဘာမှ သိပ်ထူးလာမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

အစိုးရက ၀ါဒဖြန့် သတင်းစာများ ထပ်မံ ထုတ်ဝေ နေသကဲ့သို့ ပြည်တွင်း ပုဂ္ဂလိက သတင်း မီဒီယာများအပေါ် တင်းကျပ်သော မူဝါဒများနှင့် ချုပ်ကိုင် အရေးယူမှုများ ပြုလုပ်ကာ သတင်း သမားများ ကိုလည်း သတိကြီးစွာ စောင့်ကြည့် နေကြောင်း ပြည်တွင်း စာနယ်ဇင်း အသိုင်း အ၀န်းမှ သိရှိရသည်။

“အခု ၂၀၀၈ ခုနှစ် နာဂစ်ကာလမှာကော အခြေခံဥပဒေ ဆန္ဒခံယူပွဲမှာပါ ပြည်တွင်း သတင်း ဂျာနယ်တွေရဲ့ သတင်း ရေးသားမှုတွေကို အကြီးအကျယ် ဆင်ဆာ ဖြတ်တောက်ခဲ့တယ်။ ဒါ့အပြင် စာပေစိစစ်ရေး ပေါ်လစီကို ချိုးဖောက်ပြီး ကိုယ့်သဘောနဲ့ကိုယ် သတင်း ဖော်ပြရေးသားလာရင် ဂျာနယ်ပိတ်သိမ်းမယ်၊ လူကိုပါ ထောင်ချမယ်ဆိုတဲ့ ခြိမ်းခြောက်မှု မျိုးတွေကလည်း ရှိနေတယ်” ဟု မန္တလေးသား သတင်း အယ်ဒီတာ တဦးက ရှင်းပြသည်။

၂၀၁၀ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ အစိုးရအနေဖြင့် ပြည်တွင်း သတင်း မီဒီယာများ အပေါ် ပိုမို ထိန်းချုပ်လာဖွယ်ရှိပြီး ယခုထက် ပိုမိုတင်းကျပ်သော သတင်း ရေးသားခွင့် ပိတ်ပင် တားဆီးမှုမျိုး ရင်ဆိုင်ရဖွယ် ရှိကြောင်းနှင့် သတင်းသမားများအပေါ် အလွန် သတိကြီးစွာ စောင့်ကြည့် လာနိုင်ပြီး ထောင်ချ အရေးယူမှုများ ပြုလုပ်လာနိုင်ကြောင်း ပြည်တွင်း စာနယ်ဇင်း အသိုင်းအ၀န်းက သုံးသပ်သည်။

“ကင်မရာ၊ ကွန်ပျူတာရှိရင် အီလက်ထရွန်းနစ် အက်ဥပဒေအရ ဆိုပြီး ထောင်ချလို့ရတယ်။ အီးမေးလ်ရှိရင် တရားမ၀င် အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ် ဆိုပြီး ထောင်ချလို့ ရတယ်။ ဒါ့အပြင် နိုင်ငံတော် အကြည်အညို ပျက်စေမှုဆိုပြီး သတင်းသမားတွေ အပေါ် ထောင်ချခဲ့တဲ့ ဥပမာတွေ ရှိနေလေတော့ သူတို့မျက်စိထဲမှာ ကြည့်မရတဲ့ သတင်းသမားကတော့ အချိန်မရွေး ပုဒ်မ တခုခုတပ်ပြီး ထောင်ထဲ ပို့လိုက်ရုံပဲ။ ၂၀၁၀ ရွေးကောက်ပွဲ နီးလာတာနဲ့ အမျှ သတင်း သမားတွေ အများကြီး သတိထားဖို့ လိုလာပါပြီ” ဟု မန္တလေးသား သတင်း အယ်ဒီတာက ပြောသည်။

စစ်အစိုးရသည် ပြည်တွင်း သတင်း ဂျာနယ်များ အပေါ် သတင်းရေးသား ဖော်ပြခွင့် တင်းကျပ် နေရုံမျှမက ၀န်ကြီးဌာန များကိုလည်း သတင်း ဂျာနယ်များနှင့် ဆက်သွယ် ဖြေကြားမှုများ မပြုလုပ်ရန် တားမြစ်မှုများ ရှိနေကြောင်း သိရှိရသည်။

“နာဂစ် နောက်ပိုင်း ၀န်ကြီးဌာန သတင်း လိုက်ရတာ တော်တော် ခက်လာတယ်။ သူတို့ပေးတဲ့ သတင်းလောက်ပဲ ရေးခွင့်ရှိတယ်” ဟု ရန်ကုန် အပတ်စဉ်ထုတ် သတင်းဂျာနယ် တခုမှ အလွတ် သတင်းထောက် တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ဦးဇော်သက်ထွေး၊ ဦးသက်ဇင်၊ ဒေါ်အိမ့်ခိုင်ဦး အပါအ၀င် ထောင်ချ ခံနေရသည့် စာနယ်ဇင်းသမား ဆယ်ဂဏန်း နီးပါးရှိနေပြီး အကျဉ်းကျ ခံရသူများမှာ နိုင်ငံတော် အစိုးရ အကြည်ညို ပျက်စေမှုပုဒ်မ၊ အီလက်ထရွန်းနစ် ပုဒ်မ၊ တရားမ၀င် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု အစရှိသည့် စစ်အစိုးရ စိတ်ကြိုက် ဥပဒေပုဒ်မများဖြင့် အနည်းဆုံး ထောင်ဒဏ် ၂ နှစ်မှ ထောင်ဒဏ် အနှစ် ၂၀ ကျော်အထိ ချမှတ်ခံကြရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့