..............................

Tuesday, December 23, 2008

တခါသုံး ဖုန်းကတ်များ ဈေးနှုန်း အဆမတန်မြင့်တက်

22 December 2008
အောင်သက်ဝိုင်း

ရန်ကုန်နှင့် မန္တလေးမြို့ များတွင် ရောင်းချနေသာ တခါသုံး GSM လက်ကိုင်ဖုန်း Prepaid Card များသည် ၀ယ်ယူသူ များပြားနေပြီး ဈေးကွက် အတွင်း ဈေးအဆမတန် မြှင့်တင်၍ တဆင့်ပြန်လည် ရောင်းချမှုများ ရှိနေကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအ၀န်းမှ သတင်းရရှိသည်။

ဦးတေဇပိုင် စင်ထရယ်မားကတ်တင်း ကုမ္ပဏီနှင့် စစ်အစိုးရတို့အကျိုးတူပူးပေါင်းရောင်းချသည့် ယင်း တခါသုံး ဖုန်းကတ်များမှာ စတင်ရောင်းချသည့်အချိန်ကပင် ၀ယ်လိုအားအထူးများပြားပြီး ဖုန်းကတ်များ ပြတ်လတ်မည့် အခြေအနေကြောင့် မှောင်ခိုဈေးကွက်ဖြစ်ပေါ်ကာ ဈေးနှုန်းအမြင့်ဖြင့် ၀ယ်ယူအသုံးပြုနေရကြောင်း ရန်ကုန် စီးပွားရေး သမားတဦးက ပြောသည်။

FEC ၂၀ တန် ဖုန်းကတ်တကတ်၏ ဈေးနှုန်းအမှန် မြန်မာငွေ ကျပ် ၂၄၀၀၀ ၀န်းကျင် ဖြင့်ရောင်းချရမည် ဖြစ်သော်လည်း တဆင့်ပြန်လည်ရောင်းချသည့် ဈေးကွက်တွင် တကတ်လျှင် ကျပ် ၄၀၀၀၀ ခန့်ဖြင့် ရောင်း ၀ယ်နေကြကြောင်း၊ FEC ၁၀ တန်ဖုန်းကတ်တကတ်၏ဈေးနှုန်းအမှန် ၁၂၀၀၀ ၀န်းကျင်ကိုလည်း ကျပ် ၂၀၀၀၀ ခန့် ဖြင့်ရောင်းနေသည်ဟုလည်း ဆိုသည်။

"FEC ၂၀ တန်ဖုန်းကတ်ကို ကျပ် ၄၀၀၀၀၊ ၁၀ တန်ဖုန်းကတ်ကို ၂၀၀၀၀ နဲ့ ရောင်းတယ်။ အဓိက ကတော့ ၀ယ်လို အား များပြီး ပစ္စည်း နည်းနေတော့ မှောင်ခိုဈေးပုံစံဖြစ်ကုန်တာ" ဟု ရန်ကုန်ဖုန်း Handset အရောင်းဆိုင် ပိုင်ရှင်တဦးကဆိုသည်။

FEC ၂၀ တန်တခါသုံး GSM Prepaid Card ကို ကျပ် ၄၃၀၀၀ ဖြင့် ယုဇနပလာဇာ ဖုန်းအရောင်းဆိုင် တခုမှဝယ် ယူ ခဲ့သူ ရန်ကုန်သား တဦးကလည်း ၄င်းအနေဖြင့် ၂၀ တန်တခါသုံး ဖုန်းကတ် ၀ယ်ယူရန် ရန်ကုန်မြို့ရှိ မိုဘိုင်းလ် ဖုန်းအရောင်းဆိုင်များကို သွားရောက်ခဲ့သော်လည်း ဖုန်းကတ်များကုန်နေသည့်အတွက် မှောင်ခိုဈေးဖြင့် ၀ယ်ယူ ခဲ့ရကြောင်း ရှင်းပြသည်။

ယုဇနပလာဇာ၊ ရွှေဂုံတိုင် အပါအ၀င် ရန်ကုန်မြို့ရှိ ဖုန်းHandset အရောင်းဆိုင်များတွင် မှောင်ခိုဈေးဖြင့် တခါသုံး ဖုန်းကတ်များရောင်းချသကဲ့သို့ ပွဲစားများလည်း ရှိလာကြောင်းသိရသည်။

"ရွှေဂုံတိုင်ဆက်သွယ်ရေးရုံးရှေ့မှာလည်း တခါသုံးဖုန်းကတ်တွေ မှောင်ခိုဈေးနဲ့ ရောင်းတယ်။ ပြီးတော့ ဖုန်း Handset ဆိုင်အသေးစားလေးတွေမှာလည်း ရောင်းတယ်။ မတန်တဆ ဈေးပေမယ့်ဝယ်တဲ့လူကများတယ်" ဟု မင်္ဂလာတောင်ညွှန့် မြို့နယ်မှ ဖုန်း Handset နှင့် ကွန်ပျူတာပစ္စည်းများရောင်းချသည့် ဆိုင်ပိုင်ရှင်တဦးကပြော သည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ လေးရက်တာအတွင်း တခါသုံး GSM Prepaid Card နှစ်သောင်း နီးပါး ရောင်းချနေရပြီး ရန်ကုန်နှင့် မန္တလေးရှိ မိုဘိုင်းလ်ဖုန်းအရောင်းဆိုင်များသို့ ယင်းတခါသုံးကတ်များကို လက်ကား ဈေးနှုန်းဖြင့် ဖြန့်ဖြူးနေပြီဖြစ်ကြောင်း၊ ၂၀၀၉ နှစ်ဆန်းပိုင်းတွင် ဖုန်းကတ်များကို နိုင်ငံတ၀န်းမြို့ကြီးများရှိ မိုဘိုင်းလ်ဖုန်းအရောင်းဆိုင်များ၊ စူပါမားကတ်များနှင့်ကုန်တိုက်များတွင်ပါ ရောင်းချမည်ဖြစ်ကြောင်းစင်ထရယ် မားကတ်တင်းကုမ္ပဏီနှင့် နီးစပ်သူ တဦးက ပြောဆိုသည်။

တခါသုံးဖုန်းကတ်များ ရောင်းအားမြင့်တက်နေခြင်းနှင့်အတူရန်ကုန်မြို့တွင် ဈေးနှုန်းချိုသာသည့် တရုတ်နိုင်ငံလုပ် မိုဘိုင်းလ်ဖုန်းများ အလွန်ဝယ်လိုအား များပြားနေပြီး ဈေးကွက်တွင်ပစ္စည်းပြတ်လပ်သည်အထိရောင်းချ နေရ ကြောင်း ရန်ကုန် မိုဘိုင်းလ်ဖုန်းဈေးကွက်မှစုံစမ်း သိရှိရသည်။

"အခုဈေးကွက်မှာ အရောင်းရဆုံးက ကျပ် ၅၀၀၀၀ ပတ်ဝန်းကျင်ဈေးရှိတဲ့ SecondHand ဖုန်း တွေနဲ့ ၄၀၀၀၀ ၀န်းကျင်ပဲရှိတဲ့ တရုတ်လုပ်ဖုန်းတွေပဲ။ အရမ်းရောင်းရတယ်။ ဒီပုံစံအတိုင်းဆက်ရောင်းသွားရင် တရုတ်လုပ်ဖုန်း တွေဈေးကွက်မှာ ပြတ်သွားနိုင်တယ်"ဟု ရန်ကုန် ယုဇနပလာဇာရှိ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် မန်နေဂျာ တဦးကပြောသည်။

ဈေးကွက်အတွင်း ၀ယ်လိုအားများပြားနေသည့် တခါသုံး ဖုန်းကတ်များကိုမြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မှ ပမာဏ အများအပြားထပ်မံထုတ်လုပ်ဖြန့်ချိရန်ရှိကြောင်း၊ ယခုရောင်း ချနေသော ဖုန်းကတ်များသည် ၂၀၀၉ မတ်လ မတိုင်မီအသုံးပြုရောင်းချနိုင်သည့် ဖုန်းကတ်များဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အရာရှိကြီး တဦးက ပြောပြသည်။

"တခါသုံး ကတ်တွေအရမ်းရောင်းရတာ လူတွေအတွက်ဆက်သွယ်ရေးလိုအပ်ချက်ကြီးရှိနေတယ်။ ဒီ ဆက်သွယ် ရေးလိုအပ်ချက်ကြီးက အရမ်းကြီးမားနေတယ် ဆိုတာသိသာ ထင်ရှားပါတယ်" ဟု မန္တလေးမြို့ခံဝါရင့် သတင်းစာ ဆရာ တဦးက သုံးသပ်ပြောဆိုသည်။

စင်ထရယ်မားကတ်တင်းကုမ္ပဏီအနေနှင့် လာမည့် ၂၀၀၉ ခုနှစ် အတွက် ယင်း GSM Prepaid Card များဖြန့်ချိရောင်းချနိုင်ရန်စီစဉ်နေကြောင်းလည်း သိရှိရသည်။

လက်ရှိ ဈေးကွက်တွင်း ရောင်းချနေသည့် တခါသုံးကတ်များသည် ပြည်တွင်းအ၀င်ခေါ်ဆိုမှု လက်ခံ တမိနစ် FEC ၀.၀၅ (ကျပ် ၆၀ ၀န်းကျင်)၊ ပြည်တွင်း အထွက်ခေါ်ဆိုလျှင် FEC ၀.၃ (ကျပ် ၃၆၀၀န်းကျင်)၊ ပြည်ပအထွက် ခေါ်ဆို လျှင် တမိနစ် FEC ၁.၅ ကျသင့် ပြီး ၁၀ တန်ကတ်မှာအသုံးပြုနိုင်သည့်သက်တမ်း ၁၄ ရက်၊ ၂၀ တန် ကတ်မှာ အသုံးပြုနိုင်သည့်သက်တမ်း ရက် ၃၀ ဖြစ်သည်။

အဆိုပါ တခါသုံး ဖုန်းကတ်များ၏ ဖုန်းနံပါတ်မှာ ၀၉၄၄ ဖြင့် စပြီး ဂဏန်း ၁၀ လုံးပါဝင်ကြောင်းလည်း သိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့