..............................

Sunday, December 28, 2008

ဗမာပြည်ကို အမေရိကန်ဝင်မဝင် စစ်ရေးနည်းလမ်း သုံးသင့်မသင့်

ဂါမဏိ

အမေရိကန်က စစ်ရေးအရဝင်ရေးဆိုတာ အလွယ်သုံးစကား၊ အများနားလည်တဲ့စကားနဲ့ ပြောတာဖြစ်ပါ တယ်။ အတိအကျပြောရရင်တော့ အမေရိကန် (သို့) နေတိုး (သို့) ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းတပ် (သို့) ဒေသ ဆိုင်ရာ ငြိမ်းချမ်းရေးတပ် လို့ပြောရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘာခေါင်းစဉ်ဘဲတပ်ထားတပ်ထား အမေရိကန်ရဲ့ ကမ ကထပြုမှု၊ ဒါမှမဟုတ် မီးစိမ်းပြမှုနဲ့ဘဲ ဝင်ရတာဖြစ်ပါတယ်။ အဲဒီအောက်က လွတ်ကင်း တာ ရှားပါတယ်။ ဟိုတုံးက ကမ္ဘောဒီးယားကို ဗီယက်နမ်ဝင်တိုက်တာ၊ အရှေ့ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်) ကို အိန္ဒိယဝင်တိုက်တာတွေက စစ်အေး ခေတ်ကာလ ဆိုဗီယက်ရုရှ မီးစိမ်းပြမှုနဲ့ ဝင်ခဲ့ကြတာဖြစ်ပါတယ်။

စစ်အေးခေတ်ဒီဘက်ပိုင်းမှာတော့ အားလုံးဟာ အမေရိကန်အပေါ်တည်နေပါတယ်။ အကြမ်းဖက်ဝါဒ ဆန့် ကျင်ရေးဆိုတာ ဒါလောက်ကြီးအရေးမပါပါဘူး။ အကျိုးစီးပွား (တိုက်ရိုက် နဲ့ သွယ်ဝိုက်) ဘဲ အဓိက ဖြစ် ပါတယ်။ အမေရိကန်တော်လှန်ရေးတုံးကလည်း ဂျော့ဝါရှင်တန်တို့၊ ဂျက်ဖာဆန်တို့ကို အင်္ဂလိပ်က အကြမ်း ဖက်သမားလို့ သတ်မှတ်ခဲ့သလို ဂန္ဓီကိုလည်း ဗြိတိသျှဝန်ကြီးချုပ်ချာချီက ဆူပူရေးသမားလို့ သတ်မှတ်ခဲ့ပါ တယ်။

အမေရိကန် (သို့) ကုလ ဝင်တဲ့အခြေအနေတွေက ဘာလဲ။ အဓိကကတော့ အကျိုးစီးပွားဖြစ်ပါတယ်။ အရှင်းဆုံးဥပမာကတော့ အီရတ်ကရေနံ၊ ပနားမားက တူးမြောင်းကြီးတို့ဘဲဖြစ်ပါတယ်။ ဒါတွေက တိုက်ရိုက် ဒြဗ်ရှိ အကျိုးစီးပွားတွေဖြစ်ပါတယ်။ ဒီတော့ သွယ်ဝိုက်ဒြဗ်မဲ့အကျိုးစီးပွားကြောင့် ဝင်တာလည်းရှိတယ်လို့ အဓိပ္ပာယ်ကောက် လို့ရပါတယ်။ တိုင်းပြည်တပြည်မှာ အကြီးအကျယ် အပြန်အလှန်သတ်ဖြတ်နေကြ ဆူပွက်လောင်ကျွမ်းနေကြရင် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကမ္ဘာကြီးတခုလုံးမဟုတ်ရင်တောင် ဒေသကြီး တခုရဲ့ တည်ငြိမ်မှုကို ထိခိုက်လာပါတယ်။ တည်ငြိမ်မှုထိခိုက်တယ်ဆိုတော့ ဂလိုဘယ်လိုက်ဇေးရှင်း အရင်း ရှင်စီးပွားရေးစနစ်ကို ထိခိုက်လာပါတယ်။ (ဂလိုဘယ် အရင်းရှင်စနစ်ထဲမှာ တရုတ်လဲပါပါတယ်။) ဒါကြောင့် ဒီလို သွယ်ဝိုက်ဒြဗ်မဲ့အကျိုးစီးပွား ထိခိုက်တာတွေကိုလည်း အမေရိကန် (သို့) အမေရိကန်က ခေါင်းခံခိုင်း တဲ့အင်အားစုတွေက စစ်ရေးအရ ဝင်ရောက်စွက်ဖက်တာ မလုပ်မဖြစ် လုပ်ရပါတယ်။ တရုတ်လည်း (သွယ် ဝိုက် ဒြဗ်မဲ့အကျိုးစီးပွားပါနေတာကြောင့်) ဒါကို ဆန့်ကျင်လို့မဖြစ်ပါ။

အီရန်၊ မြောက်ကိုးရီးယားတို့ နျူကလီးယားတွေနဲ့ ကမြင်းကြောထနေကြပေမဲ့ သူတို့ပြည်တွင်းမှာ ဆူပူ တိုက်ခိုက် အပြန်အလှန်သတ်နေတာ မရှိတော့ အမေရိကန်လည်း ဝင်မစွက်ပါဘူး။ လေနဲ့ဘဲ အမြောက် ဖောက် နေပါတယ်။ ဒီနျူကလီးယားတွေဟာ တကယ်ဘဲ ဂလိုဘယ်အရင်းရှင်စနစ်အကျိုးစီးပွားကို ခြိမ်း ခြောက်တဲ့ အခါကျမှ ဝင်စွက်မှာဖြစ်တယ်။ အီရတ်မှာ နျူကလီးယားလုပ်လို့ ဝင်တိုက်တယ်လို့ အမေရိကန် က အကြောင်းပြပေမဲ့ ကာ့ဒ်သူပုန်တွေ၊ ရှီအာသူပုန်တွေရဲ့ ဆဒ္ဒမ်ဟူစိန်ဆန့်ကျင်ရေးအခံရှိနေတာဟာ ရေနံ လိုဘဲ အရေးပါတဲ့အကြောင်း တချက်ဖြစ်ပါတယ်။ အီရန်မှာ ၁၉၇၉ ခု ဘာသာရေးအာဏာရှင်စနစ် စတင် ထူထောင်ကတည်းက အခုအချိန်ထိ နှစ် ၃၀ နီးပါးကာလတလျှောက်လုံး အဲဒီအာဏာရှင်စနစ်ကို ဆန့်ကျင် တဲ့ လက်နက်ကိုင်တိုက်ပွဲမရှိခဲ့ပါဘူး။

ဒါကြောင့် ပြင်ပကနေ စစ်ရေးအရဝင်စွက်ဖို့ဆိုတာ အထဲကအင်အားစုတွေ စစ်ရေးအရ ဆူပွက်သဲသန် မနေဘဲ မဖြစ်နိုင်ပါဘူး။ ဒါကို ၂၀ ရာစုအကုန်နဲ့ ၂၁ ရာစုအဆန်း နိုင်ငံခြားတပ်ဝင်ရောက်စွက်ဖက်မှုရှိခဲ့တဲ့ နိုင်ငံ အားလုံးက သက်သေပြနေပါတယ်။ ဒါဆိုရင် ဗမာပြည်ကို အမေရိကန်တပ်တွေ ဝင်သင့်မသင့်၊ ဝင်ဖို့အလားအလာ ရှိမရှိ၊ ဝင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ဆက်စဉ်းစားလို့ ရမယ်ထင်ပါတယ်။

ဒီတော့ ပြည်တွင်းမှာ စစ်ရေးအရ ဆူပွက်သဲသန်ဖို့ ဘာလုပ်ကြမလဲ။ ရှိနေတဲ့ တော်လှန်ရေးတပ်တွေဟာ နှစ် ၂၀၊ နှစ် ၅၀ တိုက်ခဲ့ကြပေမဲ့ ဘာမှဖြစ်မလာခဲ့ပါဘူး။ အမျိုးမျိုးသော အကန့်အသတ်တွေကို မကျော်နိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် အင်အားသစ်တွေက စစ်ရေးလမ်းသစ်ကို ထွင်ရမှာ ဖြစ်ပါတယ်။ နိပေါနိုင်ငံမှာ မော်ဝါဒီတွေက ရေဆန်လေဆန် လမ်းကြောင်းသစ်ဖောက်ခဲ့လို့ အောင်ပွဲခံ သွားပါတယ်။ (တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးက ဗမာပြည်က နအဖကိုထောက်ခံသလိုမျိုး နီပေါဘုရင်ကို လက်နက်ထောက်ပံ့ပေးခဲ့တဲ့ကြားက အောင်ပွဲခံသွားတာ ဖြစ်ပါတယ်) ကိုဆိုဗိုမှာလည်း ကေအယ်လ်အေ သူပုန်တွေက မြို့တွင်းပြောက်ကျားလမ်းသစ်ဖောက်ခဲ့လို့ တိုင်းပြည်ရသွားတယ်။ (အမေရိကန်ဟာ ရုရှ သြဇာခံ ဆားဘီးယားသမတ မီလိုဆီဗစ်လက်ထက်မှာ ၁၉၉၆ ခုကနေ ၁၉၉၉ အထိ ကိုဆိုဗိုသူပုန်ကို အားပေးခဲ့ပေမဲ့ ၂၀၀၀ ခုနှစ်မှာ မီလိုဆီဗစ်ပြုတ်ပြီး အမေရိကန်လိုလားတဲ့အစိုးရ တက်လာတဲ့အခါမှာတော့ ကိုဆိုဗိုကိစ္စ အားပေးမခံရတော့ပါဘူး။ ဒီကြားထဲက ၂၀၀၈ မှာ လွတ်လပ်ရေးကြေညာ နိုင်ခဲ့တာ ဖြစ်ပါ တယ်။)

ရူမေးနီးယားနိုင်ငံမှာ တပ်မတော်က လမ်းသစ်ဖောက်လိုက်လို့ အာဏာရှင် ချောင်ချက်စကူး ကြိုးစင်ရောက် သွားတယ်။ ဖိလိပိုင်မှာတော့ ဗိုလ်ချုပ်ကြီးရားမို့စ်က လမ်းသစ်မဖောက်ရင် အကွီနိုတို့အတိုက်အခံတွေ မြေကြီးထဲ ရောက်သွားမှာဖြစ်ပါတယ်။ (ဗမာပြည်မှာတော့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ လမ်းသစ်ဖောက်ခဲ့ ပေမဲ့ အားနည်းချက်တွေ ရှိလို့ မအောင်မမြင်ဖြစ်ခဲ့တယ်)

ဂန္ဓီရဲ့ အကြမ်းမဖက်လမ်းစဉ်ကြောင့် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရခဲ့တယ်လို့ အများနားလည်လက်ခံ ထားပေမဲ့ ဗြိတိသျှအစိုးရရဲ့ နှစ်ပေါင်း (၅၀)ကျော်လျှို့ဝှက်ထားတဲ့ စာရွက်စာတမ်းတွေကနေ သိရတာက ဒုတိယကမ္ဘာစစ်အစမှာ ဗြိတိသျှအင်ပါယာစစ်တပ်ကြီးထဲ ပါဝင်တိုက်ခိုက်ပေးတဲ့ ကိုလိုနီအိန္ဒိယတပ် အင်အား တသောင်းလောက် ဂျာမန် သုံ့ပန်းဖြစ်နေချိန် အိန္ဒိယလက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင် ဆူဘတ်ချန်ဒရာဘို့စ် သုံ့ပန်းစခန်းတွေ လာစည်းရုံး တဲ့အခါ အိန္ဒိယစစ်သားတွေ ထောင်နဲ့ချီပြီး အိုင်အဲန်အေ (အိန္ဒိယအမျိုးသားတပ်မတော်)ထဲဝင်ဖို့ စာရင်းသွင်းခဲ့တာကို ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ ဗြိတိသျှအစိုးရ သိသွားလို့ စစ်ပွဲပြီးချိန်မှာ အိန္ဒိယကို ဆက်ထိန်းဖို့ မလွယ်တော့ဘူးဆိုတာ သဘောပေါက်ပြီး လွတ်လပ်ရေး ပေးရတာဖြစ်တဲ့အကြောင်းပါဘဲ။

လမ်းကြောင်းကို အသေထားလို့ အကျိုးမရှိပါဘူး။ ဗမာပြည်မှာ အရင်ကလမ်းကြောင်းတွေ အသေကိုင်ခဲ့ကြ တယ်။ ၈၈ မတိုင်ခင်က လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်း၊ ၈၈ နောက်ပိုင်းမှာ လူထုတိုက်ပွဲ လမ်း ကြောင်း၊ အကြမ်းမဖက်တိုက်ပွဲလမ်းကြောင်းစသဖြင့် အသေကိုင်ခဲ့ကြတယ်။ ဘယ်သူမှ အလုပ်မဖြစ်ခဲ့ပါ။ ဒါကြောင့် နီပေါနိုင်ငံက မော်ဝါဒီတွေ၊ သီရိလင်္ကာက တမီးကျားတွေ၊ ကိုဆိုဗိုက ကေအယ်လ်အေတွေရဲ့ လမ်းကြောင်းကို လေ့လာအတုယူဖို့လိုသလို ရူမေးနီးယား (၁၉၈၉)၊ ဖိလိပိုင် (၁၉၈၆)၊ ဘော့စ်နီးယား (၁၉၉၂ - ၉၅)၊ ပေါ်တူဂီ (၁၉၇၄) တို့က တပ်မတော်တွေရဲ့ လမ်းကြောင်းတွေကိုလည်း အတုယူ လျှောက်လှမ်းနိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။

ဂါမဏိ

0 comments:

အပေါ်သို့