..............................

Wednesday, December 31, 2008

သုညဘဝ သာသနာ

ဂါမဏိ

အချိန်မှာ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်။

နေရာကား ယခင်က မေမြို့ဟုခေါ်သော ပြင်ဦးလွင်မြို့။

နံနက်ပိုင်း၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်သာသနာပြု တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲသို့ တက်ရောက်ပြီး သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့သည်။ မိန့်ခွန်းမမြွက်ကြားမီ ဗိုလ်လောင်းများက ချီတက်အလေးပြုသည်ကို ခံယူပြီး စစ်ရေးပြ ဗိုလ်လောင်းများအား စစ်ဆေးကြည့်ရှုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးက သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာ၌ ယခု သင်တန်းဆင်းမည့် ဗိုလ်လောင်း များသည် မြန်မာနိုင်ငံတွင် သန့်ရှင်းစစ်မှန်သည့် ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေးအတွက် အမာခံ တာဝန်ယူရမည့် ရဲဘော်များဖြစ်ကြောင်း၊ တာဝန်ချထားရာ နယ်မြေများရှိ ဘုန်းတော်ကြီးကျောင်းများ၌ ရဟန်းငယ် ဦးပဉ္ဇင်းများအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီး နောင်တွင် ကျောင်းထိုင်ဘုန်းကြီးအဆင့်ထိ တက်လှမ်း တာဝန်ယူသွားရမည်ဖြစ်ကြောင်း၊ အမျိုး-ဘာသာ-သာသနာအကျိုးအတွက် တပ်မတော်သာ အမိ တပ်မတော်သာအဖ ဟူသည့် ခံယူချက်ဖြင့် သာသနာ သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းစသည်ဖြင့် မှာကြားသွားသည်။

နေ့လည်ပိုင်းတွင် စစ်ရာထူးခန့်ချုပ်က သင်တန်းဆင်း ဗိုလ်လောင်းများအား ပြန်တမ်းဝင် ဒုဗိုလ်
များအဖြစ် ခန့်အပ်လွှာ အပ်နှင်းပြီးနောက် တဆက်တည်းတွင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ကျောင်းတိုက်များသို့ တာဝန်ချ အမိန့်စာများ ပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သံဃာ့ မဟာနာယက ဆရာတော်ကြီးများက ဝိနည်းနှင့်အညီ ရဟန်းပြုပေးခဲ့သည်။ ညနေပိုင်းတွင် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပပြီး ဘီအေ (ဓမ္မစာရိယ) (ဒီအက်စ်အေ)ဘွဲ့နှင့် ပထမပြန်ဘွဲ့များ ဆက်ကပ် ချီးမြှင့်ခဲ့သည်။

၂ဝဝ၈ ခုတွင် စတင်ခေါ်ယူခဲ့သည့် ယနေ့သင်တန်းဆင်း ဗိုလ်လောင်းမှာ (၅၄၅) ဦးရှိပြီး နောက်ပိုင်း အပတ်စဉ်များတွင် ဗိုလ်လောင်းအရေအတွက် တိုးမြှင့်ခေါ်ယူခဲ့သည်ဟု သိရှိရသည်။ မြန်မာတပြည်လုံးရှိ သံဃာများ၏ သုံးပုံ နှစ်ပုံကို တပ်မတော်သာသနာပြု တက္ကသိုလ်ဆင်း အရည်အချင်းပြည့် တပ်မတော် အရာရှိ သံဃာတော်များဖြင့် ဖြည့်ဆီးရန် နိုင်ငံတော်မှ (၁ဝ) နှစ် စီမံကိန်းချထားသည်။

တပ်မတော်သာသနာပြုတက္ကသိုလ်မှ ဗိုလ်လောင်းများ သင်တန်းဆင်းပြီးလျှင် ဓမ္မစက်နှင့် အာဏာစက် ပေါင်းစပ်မှု ပြီးပြည့်စုံသွားပြီး နိုင်ငံတော်၏ သာသနာရေး လုပ်ငန်းအားလုံးကို စည်းကမ်းတကျ စီမံခန့်ခွဲ နိုင်တော့မည် ဖြစ်သည်။ ရှင်ပြုရဟန်းခံ အလှူဒါန တရားဟော စာချ စသည့် ပဋိပတ် ပရိယတ် လုပ်ငန်းအားလုံးကို နိုင်ငံတော်မှ စီမံကိန်းရှိရှိ စနစ်တကျ စီမံခန့်ခွဲသွားနိုင်မည်ဖြစ်၍ ၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲပြီးနောက် လက်ရှိကျင့် သုံးနေသော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ကြီးမားစွာ အထောက်အကူပြုသွား မည်ဖြစ်သည်။

ဤအိပ်မက်ဆိုးမှာ နအဖ စစ်အာဏာရှင်တို့ သက်ဆိုးရှည်ခဲ့ပါက ကျနော်တို့တိုင်းပြည် တွေ့ကြုံရမည့် အနေအထားဖြစ်သည်။ ဇန်နဝါရီ (၁၃) ရက်က သာသနာ့ဥသျှောင် ဆရာတော်ကြီးများ ဖြစ်သော ပီနန်ဆရာတော် ဦးပညာဝံသနှင့် ဦးဥတ္တရတို့ မဲဆောက်မြို့သို့ကြွရောက် သြဝါဒ ချီးမြှင့်မှုကို ကြားနာခဲ့ရာမှ နအဖလက်အောက် ဗုဒ္ဓသာသနာ၏ အနာဂတ်ကို ဤသို့ ခြောက်ခြားဖွယ် ခံစားခဲ့ရသည်။
နအဖသည် ကျောင်းသားလှုပ်ရှားမှုကို ချေမှုန်းနိုင်ရန်အတွက် တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများကို အရေအတွက် များစွာ ဖြန့်ခွဲပစ်၍ ဝေးလံလှသော မြို့ပြင်သို့ပို့ပြီး အဆောင်နေ ကျောင်းသားစနစ်ကို ဖျက်သိမ်း ခဲ့သည်။ ထို့အပြင် အင်အားပြန့်ကျဲသွားသော ကျောင်းသားများကို ကျောင်းဝင်းအတွင်းသို့ ကျောင်းသားမှတ်ပုံတင်ပြ၍ သတ်မှတ်ချိန်အတွင်း ဝင်ရောက်ကျောင်း တက်စေပြီး ပြင်ပလောကနှင့် အဆက်ဖြတ်ခံရသည်။ နေ့ကျောင်းတက်ဖို့စရိတ်ကို အကြီးအကျယ် မြင့်တက်သွားစေပြီး အဝေးသင် စနစ်ဖြင့် ဘွဲ့လက်မှတ်ကို ပေါပေါလောလော ဝယ်နိုင်အောင် အခြေအနေ ဖန်တီးပေးခဲ့သည်။

အလားတူ သံဃာ့အင်အားစုများကိုလည်း ဖြိုခွဲဖို့ ကြံစည်မည်မှာ သေချာပေါက်ဖြစ်သည်။ စစ်အုပ်စုသည် ၁၉၆၂ ခု အာဏာသိမ်း ပြီးနောက် မကြာမီ ၁၉၆၅ ခုမှစ၍ မြန်မာနိုင်ငံ၏ ဗုဒ္ဓ သာသနာအမာခံ သံဃာတော် များကို စစ်အာဏာအောက်၌ ထိန်းချုပ်နိုင်ရန် စတင်ကြိုးပမ်းခဲ့သည်။ ၁၉၈ဝ တွင် သံဂါယာနာအတု ကျင်းပပြီး သာသနာ့တံခွန်ကို ဦးနှိမ်ပစ်ခဲ့သည်။ သို့သော် သံဃာတော်တို့သည် ဘုရားသားတော်များ ဖြစ်မြဲဖြစ်နေသည်ကို ၂ဝဝ၇ စက်တင်ဘာတွင် တကမ္ဘာလုံးက ကြက်သီးမွှေးညှင်းထဖွယ် မျက်ဝါးထင်ထင် မြင်တွေ့သွားခဲ့သည်။

ဤသို့ဖြင့် မြန်မာနိုင်ငံမှ သံဃာတော်များ၏ လှုပ်ရှားမှုအားလုံး စစ်အာဏာရှင်တို့ လက်အောက် လုံးလုံး လျားလျား ကျရောက်အောင် ဘုန်းကြီးကျောင်းများကို အရေအတွက် လျှော့ချ ချိတ်ပိတ် ဖျက်သိမ်းကာ ရပ်ကွက် မြို့နယ် လူဦးရေအလိုက် သံဃာအရေအတွက် ကန့်သတ်၊ ရဟန်းခံ ရှင်ပြုမှု အားလုံးနှင့် ဆွမ်းလောင်း အလှူအတန်းမှအစ ဘာသာရေး ပွဲလမ်းသဘင်အားလုံး ရယက၊ မယက၊ ခယက၊ သက်ဆိုင်ရာ ရဲစခန်း၊ ကြံ့ဖွတ်၊ အက်စ်ဘီ၊ စရဖတို့ထံ အနည်းဆုံး (၆)လ ကြိုတင် လျှောက်ထား ခွင့်ပြုချက်ယူ၊ စာသင်တိုက်များကို ပိတ်ပစ်ပြီး အဝေးသင် ပရိ ယတ္တိပညာရေး ကျင့်သုံး၊ သံဃာများ၏ သွားလာမှုကို အဆင့်ဆင့် သတင်းပို့ ခွင့်ပြုချက်ယူ၊ စေတီပုထိုးနှင့် ကျောင်းကန်များသို့ ဝင်ထွက်သွားလာမှု အားလုံး မှတ်ပုံတင်ပြ ခွင့်ပြုချက် ကြိုတင် လျှောက်ထား၊ နောက်ဆုံးတွင် စစ်ဗိုလ် စစ်သားများကိုယ်တိုင် အထက်တွင် မှန်းဆကြည့်ခဲ့သလို ဗြောင်အတိအလင်း သင်္ဃန်းဝတ်ပြီး ဘာသာရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်၊ ဤသည်မှာ ၂ဝဝ၈ မေလ ဆန္ဒခံယူပွဲဖြင့် ညောင်နှစ်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုလိုက်ပါက ပေါ်ပေါက်ဖြစ်တည်လာမည့် စစ်အာဏာရှင်စနစ်အောက်မှ အနာဂတ်သာသနာ၏ ရုပ်ပုံလွှာ ပင်ဖြစ်သည်။

ယခုအခါ ထေရဝါဒ ဗုဒ္ဒဘာသာ၏ ပြည်ပသာသနာပြုလုပ်ငန်းမှာ များစွာအောင်မြင်လျက်ရှိသည်။ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ လော ဘုန်းတော်ကြီးများသည် ကမ္ဘာအရပ်ရပ်၌ ဗုဒ္ဓ သာသနာ ပြန့်ပွားအောင် စွမ်းဆောင်နိုင်ကြသည်။ အာဖရိကတိုက်မှာပင် ထေရဝါဒ ဗုဒ္ဓဘာသာ စတင်ခြေချလျက် ရှိသည်မှာ အများအသိပင်ဖြစ်သည်။ သို့ရာတွင် ယခုလို ပြည်ပတွင် မြတ်နေ သော်လည်း ပြည်တွင်း၌ သာသနာမှာ အကြီးအကျယ် ဖျက်ဆီးခံနေရသဖြင့် အရင်းရှုံးနေသည်ဟု ပီနန်ဆရာတော်ကြီးက သုံးသပ်ပြသည်။

၁၉၇၅ ခု ဧပြီလတွင် ခမာနီတို့က ကမ္ဘောဒီးယားခေါ် ကမ်ပူချားနိုင်ငံကို သိမ်းပိုက်လိုက်သည်။ “သုညသက္ကရာဇ်” ဟု ခမာနီတို့က ကင်ပွန်းတပ်ခဲ့သည့် ထိုအချိန်မှစ၍ နိုင်ငံ့လူဦးရေ၏ (၉ဝ) ရာခိုင်နှုန်း ကိုးကွယ်သော ထေရဝါဒ ဗုဒ္ဓသာသနာကို ပိတ်ပင်ခဲ့သည်။ သံဃာများကို အဓမ္မလူဝတ် လဲပစ်ခဲ့သည်။ လူဝတ်လဲရန် ငြင်းသည့် သံဃာများကို သတ်ပစ်ခဲ့သည်။ သံဃာအချို့သာ ထိုင်းနိုင်ငံသို့ ထွက်ပြေး လွတ်မြောက်ခဲ့ကြသည်။

ထိုစဉ်က မြန်မာနိုင်ငံသို့ပင် ကမ္ဘောဒီးယား ဆရာတော်ကြီးတပါး ထွက်ပြေးရောက်ရှိလာခဲ့သည်။ အသတ် မခံရသည့် သံဃာအချို့က လူဝတ်ဖြင့် လူများအကြား ရောနှောနေထိုင်ပြီး ဘာသာရေး ဓလေ့ထုံးတမ်း များကို လျှို့ဝှက်ဆောင်ရွက်ခဲ့သည်။ လျှို့ဝှက်စွာတရား အားထုတ်ခဲ့ကြသည်။

ခမာနီများထံ သတင်းပေါက်ကြားသွား၍ အသတ်ခံရသည့် လူဝတ်လဲ သံဃာများလည်း မနည်းလှ။ ဘုရားရှိခိုး နေသည်ကို ခမာနီတို့ တွေ့သွားသဖြင့်လည်းကောင်း၊ ထောက်လှမ်းရေး သတင်းပေးများက ခမာနီတို့ထံ သတင်းပေးသဖြင့်လည်းကောင်း အသတ်ခံရသည့် သာမန်အရပ်သား ပြည်သူ များမှာလည်း အများအပြားဖြစ်သည်။

အရေအတွက် (၂,၈ဝဝ) ရှိသော ဘုရားကျောင်းကန်များ အားလုံးကို ဖျက်ဆီးပစ်၊ သို့မဟုတ် ရိက္ခာစတိုများ၊ ဂိုဒေါင်များ၊ နွားခြံ ဝက်ခြံများ၊ စည်းဝေးခန်းမများ၊ အချုပ်ခန်းများအဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ဆင်းတုတော်များကို ရိုက်ချိုးပြီး မြစ်ချောင်း အင်းအိုင်များထဲ ပစ်ချခဲ့သည်။ သို့မဟုတ် ထင်းအဖြစ် မီးဆိုက်ခဲ့သည်။ ဌာပနာများ၊ လှူဒါန်းထားသည့် ရွှေငွေရတနာများကိုလည်း ခမာနီတို့က နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူခဲ့သည်။

ခမာနီတို့ အာဏာမရမီက ကမ္ဘောဒီးယားတွင် သံဃာဦးရေ (၈ဝ,ဝဝဝ) ခန့် ရှိခဲ့သည်။ ၁၉၇၅-၇၉ ကာလတွင် သံဃာများ လုံးဝပျောက်ကွယ်သွားခဲ့ရာ ထိုင်း၊ အမေရိကန် စသည့် နိုင်ငံခြား တိုင်းပြည်များတွင် ခိုလှုံနေသော သံဃာ (၂,ဝဝဝ) ခန့်သာ ကျန်ရှိတော့သည်။ ဤကာလအတွင်း သေဆုံးသည့် ခမာ ပြည်သူများ အတွက် သရဏဂုံတင်ပေးမည့်ရဟန်း မရှိတော့။ သာသနာပိုင် ဂိုဏ်းချုပ် ဆရာတော်ကြီး များလည်း ဤကာလအတွင်း ပျံလွန်တော်မူခဲ့ရာ ပြန်လည်အစားထိုး နိုင်ခြင်းမရှိခဲ့။ ကမ္ဘောဒီးယား သံဃာ့ ဂိုဏ်းများအနက် သံမယုတ်ဂိုဏ်းမှာ ထိုင်းဘုရင်နှင့် ဆက်စပ်မှုရှိသဖြင့် ခမာနီတို့က ပို၍ပြင်းထန်စွာ နှိပ်ကွပ်ခြင်းကို ခံရသည်။
၁၉၇၆ ဒီမိုကရက်တစ် ကမ်ပူးချား ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ (၂ဝ) ၌ ဘာသာရေး လွတ်လပ်ခွင့် ရှိသည်ဟု ဆိုထားသည်။ သို့သော် တဆက်တည်းတွင် “ဒီမိုကရက်တစ်ကမ်ပူးချားနှင့် ကမ်ပူးချား ပြည်သူများကို အကျိုးမဖြစ်စေသော ဖောက်ပြန်သည့် ဘာသာရေးအားလုံးကို တင်းကြပ်စွာတားမြစ်သည်” ဟု ကြေညာထားသည်။

ခမာနီအစိုးရက ဗုဒ္ဓရဟန်းများကို ကပ်ပါးများအဖြစ် သဘောထားပြီး အဓမ္မလူဝတ်လဲပစ်ကာ “ပြန်လည် ပညာပေးစခန်းများ” သို့ပို့၍ လုပ်အားပေး တပ်ဖွဲ့များအဖြစ် ဖွဲ့စည်းပစ်ခဲ့သည်။ ဆည်မြောင်းများတူးဖော်ခြင်း၊ လယ်ယာများ ထွန်ယက်ခြင်း လုပ်ခိုင်းသည်။ သံဃာ (၅ဝ,ဝဝဝ) ခန့် အသတ်ခံရ သို့မဟုတ် ပင်ပန်းဆင်းရဲမှု ဒဏ် ငတ်မွတ်ခြင်းဒဏ် ရောဂါဘယဒဏ် တို့ဖြင့် အသက် ဆုံးခဲ့သည်။ တချိန်က ရဟန်းဝတ်ခဲ့ဖူးသည့် ခမာနီခေါင်းဆောင် ပိုးလ်ပေါ့က သံဃာများသည် အသုံးမကျသည့် ခွေးလေ ခွေးလွင့်များဖြစ်သည်။ ခေတ်ဟောင်း ပဒေသရာဇ် အာဏာ၏ အစိတ် အပိုင်းများဖြစ်သည်ဟု ဆဲရေးရှုတ်ချခဲ့သည်။

ခမာနီတို့က ကမ္ဘောဒီးယားမွတ်ဆလင် ချမ်တိုင်းရင်းသား လူမျိုးစုများကို သေနတ်နှင့်ချိန်၍ ဇွတ်အတင်း ဝက်သား စားခိုင်းသကဲ့သို့ အဓမ္မ လူဝတ်လဲပေးထားသည့် သံဃာများကိုလည်း ခမာနီ တပ်များအတွက် ကြက်သတ် ဝက်သတ်ခိုင်းခြင်းသာမက 'သူလျှိုများ' 'ဖောက်ပြန်ရေးသမားများ' ဟု ၎င်းတို့ စွပ်စွဲ ထားသူများကိုပါ ကွပ်မျက် သတ်ဖြတ်ခိုင်းသည်။ ငါးပါးသီလ ရှစ်ပါးသီလ ဆယ်ပါးသီလများ၊ ဝိနည်းဓိုရ် များကို စနစ်တကျ ဖောက်ဖျက်ခိုင်းသည်။

ထိုင်းနိုင်ငံ၌ တောရဆောက်တည် တရားကျင့်နေသော မဟာဂေါသနန္ဒ မထေရ်ကြီးသည် ထိုင်း နယ်စပ်သို့ စတင်ရောက်ရှိလာသော ကမ္ဘောဒီးယားဒုက္ခသည်များထံ ၁၉၇၈ ခုတွင် ကြွချီလာပြီး တရားဓမ္မများ ဟောကြား သာသနာပြုခဲ့သည်။ ဤသည်မှာ ကမ္ဘောဒီးယား လူမျိုးများအနေဖြင့် နှစ်ပေါင်းများစွာအတွင်း ဗုဒ္ဓရဟန်းတပါးကို ပထမဆုံး ဖူးတွေ့ရခြင်းဖြစ်၍ ဒုက္ခသည်အများအပြားမှာ စိတ်မထိန်းနိုင်ဘဲ ငိုကြွေး ခဲ့ကြသည်။ ဆရာတော် မဟာဂေါသနန္ဒ၏ မိသားစုအားလုံးနှင့်တကွ မိတ်ဆွေများ ဒါယကာများမှာမူ သုညသက္ကရာဇ်များ အတွင်း ခမာနီတို့၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။

၁၉၇၉ ခုနှစ် ခမာနီတို့ ပြုတ်ကျချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ သံဃာတပါးမှမရှိတော့ဘဲ စေတီပုထိုး ဘုန်းကြီးကျောင်း အများစုမှာ ခြုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်း ပျက်စီးပြိုကျနေကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ခမာနီခေါင်းဆောင်များမှာ လက်လွတ်ခွက်ချွတ် အသေဆိုးနှင့် သေခဲ့ကြရသည်။ မသေသေးသူများလည်း မည်သို့မှ ဘဝမကောင်းတော့။ ခမာနီတစုံတယောက်မှ ဘုရားရိုက်ခြင်းမှ ပြေးမလွတ် နိုင်ခဲ့။ သို့သော် ထေရဝါဒ ဗုဒ္ဓသာသနာမှာမူ ယနေ့ကမ္ဘောဒီးယားတွင် ပြန်လည်ပွင့်လန်းလျက် ရှိနေလေပြီ။ အလားတူပင် သက်တမ်းနှစ်ပေါင်း ၂,၅ဝဝ ကျော်ခဲ့ပြီဖြစ်သည့် ဗုဒ္ဓသာသနာတော်ကို သက်တမ်းနှစ်ပေါင်း ၃-၄ဝ သာရှိသေးသည့် မြန်မာစစ်အာဏာရှင် ဝါဒက ယှဉ်နိုင်မည်လော။

သို့သော်ငြားလည်း သံဃာတော်တို့အလုပ်မှာ မေတ္တာပို့ခြင်း၊ နိဗ္ဗာန်ရောက်ကြောင်း တရားဟောကြား ပြသခြင်း၊ အားထုတ်ခြင်းသာဖြစ်သည်။ ဆွမ်းခံကြွလာသော ဘုန်းကြီးကို လိုက်ခတ်သည့် ကျွဲအား ခဲနှင့် ပေါက် ဒုတ်နှင့်ရိုက်၍ လက်ထိလက်ရောက် နှိမ်နင်းဖို့ရန်မှာ လူဝတ်ကြောင် ကပ္ပိယများ၊ ဒါယကာများ၏ အလုပ်သာဖြစ်သည်ဟု ပီနန်ဆရာတော်ကြီးက ဆက်လက်ဟောကြား အလင်းပြပေးခဲ့သည်။ သို့ဖြစ်၍ ကျွဲဆိုးကို မည်သည့်နည်းလမ်းဖြင့် နှိမ်နင်းရမည်မှာ သာမန်စဉ်းစား ဆင်ခြင်ဥာဏ်ရှိသူတို့ အဖို့ ခက်ခဲစွာ စဉ်းစားရမည့်အရာ မဟုတ်။

အကောင်အထည် မမြင်ရသော နိဗ္ဗာန်ကိုပင် အစွမ်းကုန် စွန့်လွှတ်ကျင့်ကြံပါက မလွဲမသွေ ရရှိမည်ဟု လုံးဝယုံကြည်ကြသူများအတွက် ဒီမိုကရေစီမှာ နိဗ္ဗာန်လောက် မခက်၊ နိဗ္ဗာန်လောက် မဝေးဟု သံဃာ့ဥသျှောင် အတွင်းရေးမှူး ဆရာတော်ဦးဥတ္တရက မဲဆောက်မြို့ သြဝါဒချီးမြှင့်ပွဲ၌ မြွက်ကြားခဲ့ လေသည်။

0 comments:

အပေါ်သို့