..............................

Thursday, February 28, 2013

မစုစုနွေး ပြောပြတဲ့ မအူပင်မြို့နယ် အကြမ်းဖက်မှု ဖြစ်ရပ်မှန်

28.02.2013

ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ် လာကြတာမို့ မိမိတို့ရွာ အနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာ မရှိတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ခဲ့ ရပါတယ်။

ကျမတို့ဒီနေ့မနက်မှာ မအူပင်ဆေးရုံကြီးကို ရောက်ပါတယ်။ ဒဏ်ရာ ရထားတာတွေ၊ အရိုက် ခံထားရ တာတွေ က မကြည့်ရက် စရာပါ။

မနေ့ညနေက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒီနေ့မနက်မှာ ကျမတို့တတွေ မအူပင်မြို့နယ် အထွေထွေရောဂါ ကုဆေးရုံကြီးနဲ့ အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ နေရာအထိ သွားရောက် ခဲ့ပါတယ်။ သက်ဆိုင်သူတွေနဲ့တွေ့ဆုံမေးမြန်းပြီး တတ်နိုင်သမျှ ညှိနှိုင်းဖြေရှင်းပေးခဲ့ပါတယ်။ လုံးဝပြေလည် သွားပါပြီ လို့တော့ မဆိုနိုင်ပါဘူး။

လောလောဆယ်မှာ မနေ့ကလို အကြမ်းဖက်မှုမျိုး ထပ်မံမဖြစ်ပေါ်အောင်တော့ နှစ်ဖက်စလုံးကို ညှိနှိုင်းပေးခဲ့ပါတယ်။ ကျမသိခဲ့ရသမျှ ဖြစ်စဉ်ကို တင်ပြပါ့မယ်။

ဒါပေမယ့် ကျမပြောသမျှသာလျှင် ဧကန်ဖြစ်ရပ်မှန်လို့တော့ တစ်ထစ်ချ မယူဆစေလိုပါဘူး။ ဒီ့ထက် ပိုမို ပြည့်ပြည့် စုံစုံ မေးမြန်းစုံစမ်းခွင့်၊ သိရှိခွင့်ရဦးမယ်ဆိုရင် ဒီ့ထက်ပိုမိုတဲ့ ဖြစ်ရပ် မှန်တွေ ပေါ်ပေါက် လာနိုင်ပါသေးတယ်။

ဇာတ်လမ်းအစကတော့ ၂၀၀၆ ခုနှစ်က၊ မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူးကနေ စတင်ကျူးလွန်ခဲ့ တဲ့ဖြစ်စဉ်ပါ။

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာအနီးရှိ မြေလွတ်မြေရိုင်း အများစုနဲ့ ပိုင်ရှင်ရှိ လယ်မြေအချို့အပါဝင် လယ်မြေဧက (၅၅၀၀) ကို ရေဆိုးစွန့်ပစ်မြောင်းဖော်ဖို့ဆိုပြီး တရားမ၀င် သိမ်းယူခဲ့ ပါတယ်။

ဒါပေမယ့် ရေဆိုးစွန့်မြောင်းစီမံကိန်းအတွက် အသုံးပြုတဲ့မြေက အနည်းအကျဉ်းသာဖြစ်ပြီး၊ မြေအများစု ကတော့ ဒေါက်တာဦးမြင့်စိန်ရဲ့ Orchard Company ပိုင် ဖြစ်သွားပါတယ်။

အဆိုပါမြေတွေမှာ ဘာလုပ်ငန်းမှ ကြီးကြီးမားမား လုပ်ကိုင်တာမတွေ့မြင်ရပေမယ့် ထူးဆန်းတဲ့ မွေးမြူရေး လုပ်ငန်းတစ်ခုကိုတော့ ကြားသိခဲ့ရပါတယ်။ အဲဒါကတော့ မြွေတွေနဲ့ကြွက်တွေ မွေးမြူတယ်ဆိုတာပါပဲ။

သိမ်းယူထားခဲ့တဲ့ မြေအများစုဟာ မြေလွတ်မြေရိုင်းတွေအဖြစ်ပဲရှိနေပြီး ချုံနွယ်ပိ တ်ပေါင်းတွေသာ ဖုံးလွှမ်းနေခဲ့ပါတယ်။

လယ်မြေအသိမ်းခံခဲ့ရသူတွေအပါဝင်၊ ရွာသူရွာသား အများစုဟာ ဆင်းရဲတွင်း နက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ ဟာ ရွေးချယ်စရာမရှိတဲ့ လမ်းတစ်ခု ဖြစ်ခဲ့ရပါတယ်။

တရားဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိသူတွေ ကိုယ်တိုင်က တရား လက်လွတ် လုပ်လာတဲ့ အခါ၊ မိမိတို့ အသက်ရှင် ရပ်တည်ရေး အတွက် တခြားရွေးချယ်စရာလမ်း မရှိတော့တဲ့ အငတ်ဘေး ဆိုက်နေ သူတွေက တရားဥပဒေ ဆိုတာကို အလေးမထားနိုင်တော့တာ ဘယ်လို အပြစ်ဆိုဝံ့ကြမလဲ။

ဒီတော့ ကုမ္မဏီပိုင်ဆိုတဲ့မြေလွတ်တွေထဲမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ၀င်ရောက် လုပ်ကိုင်ဖို့ ကြိုးစား ခဲ့ကြပါ တယ်။ မြေလွတ်မြေရိုင်း နှစ်ဧကလောက် အပေါ်မှာရှိနေတဲ့ ချုံနွယ်တွေကို ၀င်ရောက် ရှင်းလင်း ကြပါတယ်။ ချုံနွယ်တွေ ၀င်ရောက် ရှင်းလင်းကြသူ ရွာသားတွေကို ရဲတပ်ဖွဲက လာရောက် တားမြစ်ပြီး၊ ပိုင်နက် ကျူးကျော် သူတွေအဖြစ် ကုမ္မဏီက အမှုဖွင့် တရားစွဲဆိုထားကြောင်း အသိပေးပါတယ်။

ရွေးချယ်စရာ တခြားည်းလမ်း မရှိတော့တဲ့ ရွာသားတွေအတွက် ကတော့ သေမထူး နေမထူး ဖြစ်နေ ရပြီမို့ နောက်ဆုတ် စရာလည်း မရှိတော့ပါဘူး။ တရားဥပဒေ ဆိုတာထက် မျှတမှုကိုပဲ မျှော်လင့် မိကြတယ်။ ဒါက အကြမ်းဖက်မှုဖြစ်စဉ်ရဲ့ အခြေခံ ဇာတ်ပျိုးပါ။

မနေ့က နေ့လယ် မှာတော့ အရေးပေါ်အခြေအနေ ပုဒ်မ(၁၄၄)ထုတ်ပြန်ပါတယ်။ ရွာသားတွေကို ၀င်ရောက် ကျူးကျော် ထားတဲ့ လယ်မြေတွေကနေ နောက်ဆုတ်ကြဖို့ ရဲတပ်ဖွဲ့က အသံချဲ့စက်နဲ့
ကြေညာ ပါတယ်။

ဒါပေမယ့် ဘယ်သူမှမဆုတ်ခွာကြတဲ့အပြင် ရွာထဲက ကျန်ရှိနေသူတွေပါ ထပ်မံရောက်ရှိ လာကြပါတယ်။ အမျိုးသမီးတွေနဲ့ ခလေးငယ်တွေပါ ပါဝင် လာကြပါတယ်။

စုစုပေါင်း ရွာသူရွာသားတွေ (၅၀၀) ကျော် လောက်ဖြစ်လာပြီး၊ တစ်ဖက်မှာ ရဲတပ်ဖွဲ့ဝင်တွေက (၂၀၀) ကျော် လောက် ရှိနေပါတယ်။ နှစ်ဖက်စလုံး ကလည်း ရွေ့ရွေ့နဲ့ ရှေ့ကို မျက်နှာချင်းဆိုင် ရွှေ့လာနေကြ တာပါ။ ရဲတပ်ဖွဲ့က ရှေ့မတိုးကြဖို့ အသံချဲ့ စက်နဲ့အော်တော့၊ ရွာသားတွေကလည်း မင်းတို့ရှေ့မတိုးရင် ငါတို့လည်း မတိုးဘူးလို့ သံပြိုင်အော်ကြပါတယ်။

ဒါပေမယ့် ဘယ်သူမှ မရပ်ကြတော့ မျက်နှာချင်းဆိုင် ကျွံမိကြတာပါပဲ။ ရွာသူ ရွာသားတွေဖက်က စတင် ကျူးလွန်တယ်၊ ကိုမောင်စိုး ဆိုတဲ့လူက ဓားနဲ့ စတင် တိုက်ခိုက်တယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး။ မျက်နှာချင်းဆိုင် တိုးမိကြတော့ ရှေ့ဆုံးက ရွာသားတွေက လမ်းဖယ်ပေးလိုက်ကြတယ်။

ရဲတပ်ဖွဲ့ဝင် (၃၀) လောက်က လူအုပ်ထဲ ရောက်သွားတယ်။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တော့ နောက်က အမျိုးသမီးတွေက ရှေ့တိုးလာကြတယ်။

အဲဒီ့မှာ ရဲတပ်ဖွဲ့ဝင် တစ်ယောက်က နှမသားချင်းမစာနာဘဲ (နင်တို့မိန်းမတွေဟာ ငါတို့ယောက်ျားတွေ ရဲ့အောက်မှာပဲ ရှိတယ်ဆိုပြီး) ရိုင်းပြစွာပြောဆိုတော့ မမူမူဝင်း ဆိုတဲ့အမျိုးသမီးက နင် မမိုက်ရိုင်းနဲ့ ဆိုပြီး ၀င်ပြောပါတယ်။

အဲဒီမှာ ဆဲဆိုတဲ့ ရဲတပ်ဖွဲ့ဝင်က သူ့ကို ပြန်ပြောရပါ့မလားဆိုပြီး မမူမူဝင်းကို လက်က ကိုင်လာတဲ့ နံပါတ် တုတ်နဲ့ ရိုက်ပါတယ်။

ဒါကိုမြင်တော့ လူငယ်တွေက သည်းညည်းခံပြီး မနေသာတော့ပဲ ၀င်ရောက် ရိုက်နှက် ထိုးခုတ်မှုတွေ စတင်ဖြစ်ပွားရတာပါပဲ။

ဒီလို ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီဆိုတော့ သေနတ်ပါလာပါတယ်။ အချက်ပေါင်း (၁၅၀)လောက် ပစ်ခတ်ခဲ့ပါ တယ်လို့ ရဲအရာရှိ တစ်ယောက်က ပြောပါတယ်။ မိုးပေါ်ထောင်ပြီးပစ်တာ ဟုတ်မဟုတ် ကတော့ ဆေးရုံ မှာ ရောက်ရှိနေကြတဲ့ သေနတ်ဒဏ်ရာနဲ့ လယ်သမားတွေက သက်သေ ခံကြပါလိမ့်မယ်။

စတင် ဆဲဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရသူကတော့ ပြင်းထန်တဲ့ ဓားဒဏ်ရာကြောင့် ကွယ်လွန် သွားရှာပါပြီ။

သူတို့ လက်ချက်ဖြစ်တဲ့ အကြောင်းလည်း ရွာသားတွေက ၀န်ခံပါတယ်။ အခုဆိုရင် ရွာသူ ရွာသားတွေ အများစုက ရွာထဲကို မပြန်ရဲ ကြပါဘူး။

ငတ်လို့ လယ်မြေတွေ ၀င်လုမိတာပါလို့လည်း ကျမကို ၀န်ခံကြရှာ ပါတယ်။ ကျမ စကားကိုလည်း နားထောင် ပါ့မယ်တဲ့။ တစ်ခုပါပဲတဲ့။ သူတို့ရွာထဲ ပြန်ဝင်ရင် မဖမ်းပါဘူး၊ အရေးမယူပါဘူး ဆိုတာကိုတော့ အစ်မ တာဝန် ယူပေးပါတဲ့။

ကျမ သူတို့ရဲ့ဆန္ဒအတိုင်း ညှိနှိုင်းကြည့်ပါသေးတယ်။ တာဝန်ရှိသူတွေက (တိုင်ချက် ဖွင့်ထားတာမို့ ဥပဒေ အရပဲ ဆောင်ရွက်ရမှာပါတဲ့)။ ဒါ့ကြောင့် သူတို့ကို ရွာထဲပြန်လာဖို့တော့ ကျမ မတိုက်တွန်း ခဲ့နိုင်ပါဘူး။

စုစုနွေး

Ref: ဧရာဝတီဘလော့

0 comments:

အပေါ်သို့