..............................

Tuesday, May 21, 2013

KIO နှင့်တွေ့ဆုံပွဲတွင် နိုင်ငံတကာ လေ့လာသူများ မဖိတ်ခေါ်နိုင်

ဖနိဒါ
တနင်္လာနေ့၊ မေလ ၂၀ ရက် ၂၀၁၃

ချင်းမိုင်(မဇ္စျိမ)။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် လာမည့် မေလ ၂၈ ရက်နေ့ မြစ်ကြီးနား မြို့တွင် တွေ့ဆုံမည့် ပွဲသို့ အစိုးရ နိုင်ငံတကာ လေ့လာသူများကို ဖိတ်ခေါ်ခြင်း မရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ သတင်းရရှိသည်။

ငြိမ်းချမ်းရေးစင်တာမှ အဖွဲ့ဝင် ဦးလှမောင်ရွှေက “လေ့လာတဲ့သူတွေကတော့ တဖက်က အဖွဲ့အစည်းတွေ ဘက်က ဖိတ်တယ်လို့ ဝန်ကြီး အနေနဲ့ လက်ခံပါတယ်။ ကချင်ဘက်က ဖိတ်တဲ့လူတွေ ပါမှာဘဲ။ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဘက်ကတော့ လုံးဝ အတိအကျကြီး ဖိတ်ထားတာ မရှိပါဘူး”ဟု ပြောသည်။

KIO ဘက်မှ ဖိတ်ခေါ်သော နိုင်ငံတကာ လေ့လာသူများနှင့် ပတ်သက်၍ ဝန်ကြီး ဦးအောင်မင်းဘက်မှ ကန့်ကွက်ခြင်း မရှိကြောင်း သူက မဇ္စျိမကို ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ပြန်လည် တွေ့ဆုံမည့် အရေးနှင့် ပတ်သက်၍ KIO ဌာနချုပ် အတွင်း မည်သည့် ပြင်ဆင်ဆွေးနွေးမှုများ မရှိသေးသဖြင့် အသေးစိတ် မသိရသေးကြောင်း စစ်ပြေးဒုက္ခသည်များကူညီရေးကော်မတီ တာဝန်ခံ ဆလန်ကဘား ဦးဒွဲပီဆားက ပြောသည်။

၎င်းက “အပြင်သတင်းတွေအရ ၂၈ ရက်နေ့ ပြန်တွေ့မယ်လို့တော့ ကြားရတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ ကေအိုင်အို လူကြီးတွေက စည်းဝေးထိုင်ပြီး ဆုံးဖြတ်တာတော့ မရှိသေးဘူး”ဟု မဇ္စျိမကို ပြောသည်။

အကယ်၍ မြစ်ကြီးနားမြို့သို့ သွားရောက် တွေ့ဆုံပါက ယခင်တွေ့ဆုံခဲ့သည့် ကေအိုင်အို ကိုယ်စားလှယ်များ သာ တက်ရောက်မည် ဖြစ်ကြောင်း သူက ဆိုသည်။

KIO ကိုယ်စားလှယ်များ၏ လုံခြုံရေးနှင့် ပတ်သက်၍ ညှိနှိုင်းနေဆဲ ဖြစ်ပြီး ယခုတွေ့ဆုံမှုတွင် နိုင်ငံတကာ လေ့လာသူများ ပါဝင်ခြင်း မရှိသဖြင့် ငြိမ်းချမ်းရေး ရရှိမည်ဟု မျော်လင့်ချက် မရှိကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်အောင်က ပြောသည်။

ဦးဆန်အောင်မှ“အစိုးရက သဘောမတူလို့ ဒီတခေါက်တော့ မပါဘူးထင်တယ်။ ကေအိုင်အိုဘက်ကတော့ ယုံကြည်မှု မရှိလို့ သူတို့ကို ခေါ်တာ။ အစိုးရဘက်က ယုံကြည်မှု တည်ဆောက်တာ မရှိဘူး။ မယုံလို့ ကြားက သက်သေတွေ ဖိတ်ခေါ်တာ”ဟု မဇ္စျိမကို ရှင်းပြသည်။

အစိုးရဘက်မှ မည်သည့် ယုံကြည်မှုများ လုပ်ဆောင်ခြင်း မရှိသဖြင့် ငြိမ်းချမ်းရေး ရရှိလိမ့်မည်ဟု မျော်လင့်ချက် မရှိကြောင်း သူက သုံးသပ်ပြောဆိုသည်။

ယခုတကြိမ်တွေ့ဆုံမှုတွင် တပ်နေရာချထားရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲကို မည်သို့ ဆက်လက်ဆောင်ရွက် သွားရန် စသည့် အချက်များ ထည့်သွင်းဆွေးနွေးမည်ဟု သဘောတူညီထားသည်ဟု မကြာမီက ဦးဆန်အောင်က မဇ္စျိမကို ပြောသည်။

KIO ဘက်မှ အမေရိကန်၊ ဗြိတိန်၊ တရုတ်နှင့် ကုလသမဂ္ဂ အား လေ့လာသူများအဖြစ် ပါဝင်ရန် ဖိတ်ကြား ထားသော်လည်း အစိုးရဘက်က မည်သည့် နိုင်ငံတကာ လေ့သူများကို ဖိတ်ခေါ်ထားခြင်း မရှိခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က ၇ ကြိမ်မြောက် တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးပြီးနောက် တလ အကြာ ပြန်လည် တွေ့ဆုံရန် သဘောတူထားသော်လည်း ညှိနှိုင်းမှု နှစ်လအကြာမှသာ ပြန်လည် တွေ့ဆုံနိုင်မည် ဖြစ်သည်။

စစ်မှန်သော နိုင်ငံရေး ဆွေးနွေးမှုများ တနိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန် အတွက် လိုအပ်သည် များကို တဆင့်ပြီး တဆင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားကြမည်ဟု ထိုနေ့က ပူးတွဲ သဘောတူညီချက်တွင် ပါရှိသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့