..............................

Wednesday, May 22, 2013

ဗြိတိန်လွှတ်တော်အမတ်က သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အကြောင်း ရှင်းလင်း

2013-05-21

ဗြိတိန်လွှတ်တော်အမတ် Ms Rushanara Ali ရဲ့ ရခိုင်ပြည်နယ်ကို သွားခဲ့စဉ်က ကြုံတွေ့ ခဲ့တဲ့ ရိုဟင်ဂျာ မူဆလင်တွေ ဒုက္ခသည်တွေရဲ့ အခြေအနေကို ဗြိတိသျှ ပါလီမန် အဆောက်အဦ အတွင်းက အစည်းအဝေး ခန်းမဆောင် တစ်ခုမှာ ဒီကနေ့ မနက်ပိုင်းက ရှင်းလင်းပြောကြား ခဲ့ပါတယ်။

ထောင်ချီတဲ့ ရိုဟင်ဂျာမူဆလင် ဒုက္ခသည်တွေနေတဲ့ ဒုက္ခသည် စခန်းတွေမှာ သောက်ရေနဲ့ အစားအစာ မလုံလောက်မူတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ချို့တဲ့နေတာတွေ၊ သန့်ရှင်းမှု မရှိ တာတွေကို တွေ့ခဲ့တဲ့ အကြောင်း၊ နောက် ပေါက်တောမှာ ရှိတဲ့ ဒုက္ခသည် အမျိုးသမီးတွေက မီးဖွားဖို့ အတွက် နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ မီးဖွားခွင့်မရှိတဲ့ အတွက် အသက်ဆုံးရှုံး ခဲ့တာတွေ ရှိတယ်ဆိုတာကို အဲဒီစခန်းတွေက ဒုက္ခသည် အမျိုးသမီးတွေက သူ့ကို ပြောပြတဲ့ အကြောင်း Ms Ali က ဆက်လက်ပြောပြပါတယ်။

ဆက်လက်ပြီး၊ Ms Ali က အိုးမဲ့ အိမ်မဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာ မူဆလင်တွေဟာ ရခိုင် လူမျိုးတွေရဲ့ တိုက်ခိုက် ရန်မူလာမယ့် အခြေအနေတွေကို ကြောက်လန့်နေကြောင်း၊ နောက်သူတို့ရဲ့ မူလနေထိုင်တဲ့ နေရပ်ကို ပြန်နေဖို့ အတွက် ဆိုရာမှာလည်း သူတို့ရဲ့ လုံခြုံမူကို ခြိမ်းခြောက်နေကြောင်း ရှင်းလင်းပြောကြားပါတယ်။

အဲဒီအစည်းအဝေးပွဲမှာ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ UK ရဲ့ ဒါရိုက်တာ Mr David Mepham က သူတို့ အဖွဲ့ကနေ ထုတ်ပြန်လိုက်တဲ့ “All you can do is Pray: Crime Against Humanity and Ethnic Cleansing of Rohingya Muslims in Burma’s Rakhine State” “ ဆုတောင်းနေယုံသာ လုပ်နိုင်တယ်လို့ အမည်ပေးထားတဲ့ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာ မူဆလင်တွေကို ရှင်းလင်း သုတ်သင်ရေးနဲ့ လူသားဖြစ်ခွင့် အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်ပြစ်မှု” ဆိုတဲ့ မှတ်တမ်း အကြောင်းကို ရှင်းပြ ခဲ့ပါသေးတယ်။

Ms Ali က သူ့ခရီးစဉ်ရဲ့ အတွေ့အကြုံကနေတဆင့်

ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွင်း ကို ပေးပို့တဲ့ အကူအညီတွေကို မြန်မာ အစိုးရကနေ ပိတ်ပင် ဟန့်တားမှု မရှိစေဖို့ နဲ့ မုတ်သုန်ရာသီကို ရောက်လာပြီဖြစ်တဲ့ အတွက် ရခိုင်ပြည်နယ် အတွင်းက ဒုက္ခသည် စခန်းတွေမှာ အမိုးအကာ၊ ဆေးဝါးနဲ့ ရှင်းသန့်ရေး အကူအညီတွေ အမြန်ဆုံးပေးရေးကို UK အစိုးရနဲ့ နိုင်ငံတကာ အစိုးရတွေကနေ မြန်မာ အစိုးရကို ဖိအားပေးဖို့ လိုအပ်ကြောင်း ၊ အဲဒီနောက်မြန်မာနိုင်ငံတွင်းက ခွဲခြား ဆက်ဆံ ခံနေရတဲ့ ရိုဟင်ဂျာ မူဆင်တွေအတွက် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေ ကို မြန်မာ အစိုးရက ပြန်သုံးသပ်ဖို့လို အပ်အကြောင်း Ms Ali က အဓိကထား ရှင်းလင်းပြောကြား ခဲ့ပါတယ်။

Ms Ali ဟာ မြန်မာနိုင်ငံကို ဧပြီလ ၂၇ ရက်နေ့ကနေ မေလ ၂ ရက်နေ့ အထိ ၂ ပတ်ကြာ ရောက်ရှိခဲ့ပြီး၊သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးပွဲကို ဗြိတိသျှ လွှတ်တော်မတ် တချို့၊ NGO အဖွဲ့အစည်းတွေ တစ်ချို့၊ လန်ဒန် အခြေစိုက် ရိုဟင်ဂျာ အဖွဲ့အစည်း နဲ့ Burma Campaign UK အဖွဲ့ အပါအဝင် လူပုဂ္ဂိုလ် ၅၀ နီးပါးတက်ရောက် ခဲ့ပေမယ့် လန်ဒန်မြို့က ရခိုင်လူမျိုးတွေ တက်ရောက်ခဲ့ခြင်း မရှိခဲ့တာကို တွေ့ရပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့