..............................

Thursday, January 31, 2013

ပါးလွှာလာတဲ့ စည်းမျဉ်း

မိုးသီးဇွန်
January 31, 2013

လူနဲ့ တိရိစ္ဆာန်ကြား ခြားနားမှုထားတဲ့ စည်းမျဉ်းက တဖြေးဖြေးပါးလွှာလာတယ်။ လူနဲ့ တရိစ္ဆာန်ခြားနားမှုက ဘာသာရေး လား၊ အသိဉာဏ် လား။ ဘာသာရေး ဆိုရင် လူတချို့က ဘာသာရေး အဆုံးမတွေကို ဘာကြောင့် လိုက်နာမှု မရှိတော့တာ လဲ။ အသိဉာဏ်ဆိုရင် လူတချို့ဟာ လောကပါလ အသိတရားတွေ ဘာကြောင့် ချို့ယွင်း လာကြသလဲ။

ဘာကြောင့် တရိစ္ဆာန်အချို့ဟာ လောကပါလ အဆုံးအမဖြစ်တဲ့ တရား မျှတခြင်း၊ ကြင်နာခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း တွေကို လုပ်လာနိုင်ကြပါသလဲ။

တခါက ဆောင်းပါးတခုမှာ တရိစ္ဆာန်တွေရဲ့ ပြဿနာကိုဖြေရှင်းနိင်စွမ်း (Problem Solving Skill) ကို ဆောင်းပါး တပုဒ် ရေးဖူးပါတယ်။ ခုတခါတော့ …

တရိစ္ဆာန်လောက က လောကပါလ တရားကို လိုက်နာလာသလို လူလောက က လောကပါလ တရားတွေကို ချိုးဖေါက် လာလာကို ဆွေးနွေး ချင်တယ်။

လူနဲ့ တရိစ္ဆာန်ကြားက ခံစားချက်များ

တရိစ္ဆာန်တွေမှာ လူတွေမှာရှိတဲ့ ခံစားမှုတွေရှိတယ်။ ကြောက်ရွံမှု၊ ရက်စက်မှု၊ ၀မ်းနည်းမှု၊ပျော်ရွင်မှု၊ အသိမှတ်ပြုခံခြင်မှု၊ မနာလိုမှု၊ အာဏာရယူလိုမှု၊ တကိုယ်ကောင်းဆန်မှု၊ ပိုင်နက်ကိုချဲ့ထွင်လိုမှု၊ ကာကွယ်လိုမှု စတာတွေရှိတယ်။

တခါ တိရိစ္ဆာန်တွေမှာလဲ လူတွေလိုပဲ မြင့်မြတ်တဲ့စိတ်တွေ ရှိနေကြပြန်တယ်။ အမျိုးချစ်စိတ်၊ မျိုးမတူတာချင်း ပေါင်း သင်းနေထိုင်တတ်မှု၊ မွေးစားမှု၊ စောင့်ရှောက်မှု၊ ပူးပေါင်းဆောင်ရွက်မှု စတာတွေလဲရှိကြောင်း သိပံပညာရှင်တွေက ဖေါ် ထုတ်လာနိုင်ကြတယ်။

တခါက အာဖရိကတောထဲက ကျားသစ်မတကောင်ကို သပ္ပံပညာရှင်တွေက ဗွီဒီယိုမှတ်တမ်းတခုတင်ဖြစ်တယ်။ သူဟာ ၇ ရက်လောက် တောလိုက်မရ ဖြစ်နေတယ်။ အရမ်းကိုဆာလောင်နေတယ်။ ကံကောင်းပြီး မြက်တောထဲက မျောက် မောင်းမတကောင်ကိုတွေ့ပြီး ဖမ်းဆီးသတ်ဖြတ်နိုင်ခဲ့တယ်။ ရထားတဲ့အမဲကို စာစာနဲ့ စားမလို့အလုပ်မှာ မျောက်မောင်း မ ရင်ခွင်ထဲက မျောက်သားငယ်လေးကို သူတွေ့လိုက်ရတယ်။ သူအံသြသွားတယ်။ မျောက်ငယ်လေးက ရက်သားလေး ရှိသေးတယ်။

သူဟာ သူရဲ့သားကောင် မျောက်မကြီးကို ဆက်မစားတော့ပဲ ကလေးကို ပို အာရုံရောက်သွားတယ်။ ချက်ချင်း သူက သူကိုယ်ကို လှဲချလိုက်ပြီး ကလေးကိုနို့တိုက်သလို လုပ်လိုက်ပါတယ်။ သူဟာ ကလေးမမွေးဖူးသေးတဲ့ ကျားသစ်ပျိုမ တကောင်ဖြစ်တယ်။ သူ့ဗီဇ စေ့ဆော်မှုက မိခင်စိတ်ကို ဖြစ်ပေါ်စေခဲ့တယ်။

မလှမ်းမကမ်းမှာ အလွန်ဆိုးတဲ့ တောခွေးအုပ်က ပေါ်လာတဲ့အခါမှာ ကလေးငယ်အတွက်သူက စိုးရိမ်လာတယ်။ ချက် ချင်းပဲ မျိုးမတူတဲ့ တရိစ္ဆာန်ကိုမွေးစားဖို့ သူဆုံးဖြတ်လိုက်တယ်။

တရိစ္ဆာန်တွေဟာ မျိုးမတူတဲ့ ကလေးတွေကို မွေးစားမှု (Adoption ) ရှိနေပါလားဆိုတာကို ပညာရှင်တွေ သတိပြုမိကြ တယ်။

ကျနော်တို့ ငယ်ငယ်က ကြက်မကြီးက ဘဲလေးတွေကိုစောင့်ရှောက်တာ၊ မကြာခန သတင်းတွေမှာတွေ့ရတဲ့ ကြောင်မ ကြီးက ကြွက်ကလေးတွေကို စောင့်ရှောက်တာ၊ အိန္ဒိယ ဟင်ဒီဘုရားရှီခိုးကျောင်းတခုမှာ မျောက်မတကောင် ခွေးငယ် တကောင်ကို ပွေ့ပိုက်မွေးစားထားတာ တွေ့လာရတယ်။ ဗုဒ္ဓဇတ်တော်တွေမှာ ကျွဲမကြီးက လူသားကလေးငယ်ကို နို့ တိုက်မွေးစားတာ စတဲ့ဇတ်လမ်းတွေကို ကျနော်တို့ မကြာခန ဖတ်ဖူးကြတယ်။

ဥရောပနိုင်ငံတွေမှာရေခဲ ပြင်ထဲ ဒုက္ခရောက်နေတဲ့ လူနဲ့ တခြားတရိစ္ဆာန်တွေ စိန့်ဘားနပ် ခွေးကြီးတွေကိုသုံးပြီး ကယ် တင်နေတဲ့ ဖြစ်ရပ်များလည်း ကျနော်တို့ မကြာခန တွေ့ရပါတယ်။

ဒီလို တရိစ္ဆာန်တွေဖက်က ထူးချွန်တဲ့ စံပြုတရိစ္ဆာန်တွေ ပေါ်ထွက်လာတာဟာ ကမ္ဘာကြီး ငြိမ်းချမ်းဖို့အတွက် အားတက်စ ရာတွေပါ။

ဒီလိုအချိန်မှာပဲ လူလောကထဲမှာ လူသားစင်စစ်ဖြစ်ပါလျက် ယုတ်မာရက်စက်တဲ့ သဘောတရားတွေကို ဖေါ်ထုတ်နေတဲ့ ကျင့်သုံးနေတဲ့သူတွေကို တွေ့ရပြန်တဲ့အခါမှာ လူဂုဏ်သိက္ခာဟာ ဘာလဲလို့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။

ဒီထက်လေးနက်စွာ ပြောရမယ်ဆိုရင်တော့ ဒါဟာ လူလောကကြီးတခုလုံးအတွက် စိန်ခေါ်မှု တခုပါ။

သတ္တဗေဒပညာရှင် ဂိုဒန် ဂဲလ်အပ် (Gordon Gallup) က တရိစ္ဆာန်တချို့ဟာ ကိုယ်ရုပ်ကိုကိုယ်မမှတ်မိကြဘူး။
ဥပမာ ကြက်ကိုမှန်ပြရင် ဒေါသထွက်လာတယ်။ တခြားကောင်လို့ ယူဆတယ်။ ထခွပ်တယ်။ တိုက်ငါး တကောင်ကို မှန် ပြရင် အတောင်ကားလာပြီး တိုက်ခိုက်ဖို့ပြင်တယ်။

တချို့ကတော့ မှတ်တယ်လို့ ဆိုတယ်။ ချင်ပန်ဇီနဲ့ ဂေါ်ရီလာတွေကို မှန်ပြကြည့်တဲ့အခါမှာ သူတို့ကိုယ်သူတို့ သိတယ်လို့ ဆိုတယ်။

တချို့လူတွေကတော့ သူတို့ကို မှန်ပြတဲ့အခါမှာ မှတ်မိကြပုံ မရတော့ဘူး။ သူတို့လာခဲ့တဲ့ ဘ၀ဟောင်းကို မေ့သွားတယ်။ စစ်သားအတော်များများဟာ ဆင်းရဲတဲ့ လုပ်သားပြည်သူတွေထဲကပဲ ပေါက်ပွားလာကြတာ ဟုတ်။

ဒါပေမဲ့ တချို့လူတွေက ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပါလားဆိုတဲ့ ပြင်သစ်မိဘုရား၊ မာရီအင်တွိုင်းနက်ကိုအားကျ ကြ တယ်။

မီးမလာရင် ဖယောင်းတိုင်ထွန်းလို့ ပြောလိုပြော။ တမင်းတနပ်လျော့စားပြီး အကြွေးဆပ်စေ ဆိုလိုဆို မှန်ထဲက ပေါ်လာ တဲ့ သူရုပ်ကို မမှတ်မိရှာတော့ဘူး။ ငယ်ငယ်က ဖတ်ဖူးတဲ့ ပုံပြင်ထဲက ဇီးသီးသည်မဗျိုင်းလို ဘ၀မမေ့ဖို့ သူတို့ကို မကြာ ခန မှန်ပြပေးဖို့ လိုမယ်။


Ref: နေ့သစ်

0 comments:

အပေါ်သို့