..............................

Thursday, January 17, 2013

ဖားကန့်ဒေသက တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်

2013-01-16

ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စု တော်မှော်၊ လမောင်ကုန်း စတဲ့ ရွာတွေ တစ်ဝိုက်မှာ အစိုးရ တပ်နဲ့ ကေအိုင်အေ တပ်တွေ ဒီကနေ့ မနက်ပိုင်း ၁၁နာရီလောက်ကစပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး အခုဆိုရင် အစိုးရ တပ်တွေဟာ ကေအိုင်အေ တပ်ရင်း ၆အခြေစိုက်ရာ ကံစီးကျေးရွာရဲ့ လေးမိုင် ပတ်ဝန်းကျင်လောက် အထိ ရောက်ရှိနေကြပြီ လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်သံတွေ အခုရက်ပိုင်းအတွင်း နေ့စဉ်ဆိုသလို ကြားနေရတဲ့ အတွက် ကံစီး ပတ်ဝန်းကျင် နားက လီးဆူး တိုင်ရင်းသားတွေ အခြေချနေထိုင်တဲ့ ဗော်ဇာဒီးကျေးရွာ တစ်ရွာလုံးနီးပါး ဒီကနေ့ ၁၂ နာရီလောက်က လုံးခင်းကျေးရွာကို ပြောင်းရွှေ့ ခဲ့တယ်လို့ ပြောင်းရွှေ့တဲ့ ထဲမှာ ပါတဲ့ ရွာသား တစ်ဦးက RFA ကို ပြောပါတယ်။

ဒီကနေ့ ညနေပိုင်း ၃နာရီလောက်က အစိုးရ ရဟတ်ယာဉ်နှစ်စီး လုံးခင်းကျေးရွာပေါ်ကနေ ဝေ့ဝိုက်ပျံသန်း ခဲ့ပြီး အစိုးရ စစ်တပ် ဘက်က လက်နက်ကြီး ပစ်ခတ် သံတွေကိုလည်း ကြားရတယ်လို့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ လုံးခင်းဒေသခံ တစ်ဦးက RFA ကို ပြောပြပါတယ်။

လက်ရှိအခြေအနေတွေကြောင့် လုံးခင်းနဲ့ မှော်စီစာ ကျေးရွာက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ၊ ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုး သားချင်း အိမ်တွေကို ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ပိုမို များပြား လာပြီး အဲဒီ့ စစ်ဘေးရှောင်ပြည်သူတွေကို လုံးခင်း NLD ပါတီဝင်တွေနဲ့ ဒေသခံပြည်သူတွေက အကူအညီပေးနေတယ်လို့ စုံစမ်း သိရှိရပါတယ်။

ကေအိုင်အို ဌာနချုပ်ရှိတဲ့ တရုတ်-မြန်မာနယ်စပ် လိုင်ဇာဘက်မှာ အခုရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံပြည်သူ တစ်သောင်းကျော်လောက် လုံးခင်းဒေသကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့