..............................

Thursday, November 15, 2012

သမ္မတ အိုဘားမား မြန်မာခရီးစဉ် မြောက်ကိုရီးယား အန္တရာယ် ပူပန်

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၄ ရက် ၂၀၁၂

မဇ္ဈိမသတင်းဌာန ။ ။ အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ လုံခြုံရေး စိုးရိမ်မှု မှာ မြောက်ကိုရီးယား ဖြစ်ကြောင်း သံတမန် သတင်း ရပ်ကွက်တခုက ပြောသည်။

သမ္မတ အိုဘားမား၏ အတွက် လုံခြုံရေးကို အမေရိကန် Secret Service များက ၎င်းတို့ဘာသာ လုပ်ဆောင်ခွင့် မြန်မာ ဘက်က ပေးထားပြီး လက်နက်များပါ မိမိ အစီအစဉ်ဖြင့် သယ်ယူ တင်သွင်းခွင့် ပြုထားကြောင်းလည်း နေပြည်တော် သတင်းရပ်ကွက် တခုက ဆိုသည်။

“ယခုအချိန်အထိ သမ္မတအိုဘားမား ဘယ်မှာတည်းမယ်။ နေရာ အတိအကျတွေကို အမေရိကန် ဘက်က မပေးဘူး” ဟု အဆိုပါ သတင်း ရပ်ကွက်က ပြောသည်။

မြောက်ကိုရီးယား ပညာရှင်အချို့ မြန်မာနိုင်ငံထဲတွင် ရှိနေဆဲဖြစ်သည်ဟု အကဲခတ်များက ထင်မြင်ချက် ပေးထား ကြသည်။

မြန်မာနိုင်ငံသို့ အမေရိကန် သမ္မတအနေဖြင့် ပထမဆုံး ရောက်လာမည့် ခရီးစဉ်အတွင်း ရန်ကုန်မြို့သို့ သွားရောက် မှာဖြစ်သည် ဟု အိမ်ဖြူတော်က ထုတ်ပြန် ထားသော်လည်း နေပြည်တော်သို့ သွားရောက်မည် မသွားရောက်မည်ကိုမူ လျို့ဝှက် ထားဆဲ ဖြစ်သည်။

သီးခြား အတည်မပြုနိုင်သော်လည်း သတင်းရပ်ကွက်များအရ သမ္မတ အိုဘားမားမှာ မြန်မာသမ္မတ ဦးသိန်းစိန်၊ အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်း များနှင့်ပါ တွေ့ဆုံမည်ဟု ဆိုသည်။

ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်သို့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်တွင် ရောက်ရှိလာမှာ ဖြစ်ပြီး ထိုနေ့ မွန်းလွဲပိုင်း တွင်ပင် လေဆိပ်မှ ပြန်လည် ထွက်ခွာမည်ဟု ရန်ကုန်ရှိ အမေရိကန် သံရုံး ထုတ်ပြန်ချက်တွင် တွေ့ရသည်။

အိုဘားမားခရီးစဉ်တွင် လုံခြုံရေး စိုးရိမ်ရလျှင် ဖျက်သိမ်းရန်အထိပါ စဉ်းစားထားသော်လည်း မြန်မာဘက် ကတော့ နေပြည်တော်ကို အရောက် လာစေချင်သည်ဟု သံတမန် သတင်းရပ်ကွက်က ပြောသည်။

၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှမ်ကို လုပ်ကြံ သတ်ဖြတ်ရန် မြောက်ကိုရီးယားက လျို့ဝှက်စေလွှတ်ကာ လုပ်ဆောင်ခဲ့ရာတွင် တဦးကို လက်ရ ဖမ်းမိခဲ့သည်။ သူက မြောက်ကိုရီးယား စစ်ဘက် အရာရှိဖြစ်ကြောင်း ဝန်ခံ ထွက်ဆိုခဲ့သည်။ ရန်ကုန်မြို့ အာဇာနည် ကုန်းတွင် ဗုံးခွဲလုပ်ကြံမှုကြောင့် တောင်ကိုရီးယား အစိုးရ အဖွဲ့ဝင်များ အပါအဝင် ၂၁ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာ ရရှိခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့