..............................

Thursday, October 18, 2012

နိုင်ငံတော် (The State) ဆိုရာဝယ် (အပိုင်း-၁)

ခင်မမမျိုး
October 15, 2012

နိဒါန်း

နိုင်ငံတော်ရဲ့ သဘောသဘာဝ၊ ပါဝါနဲ့ တာဝန်ဝတ္တရား စတာတွေကို နိုင်ငံရေး ဒဿနိကဗေဒ ပညာရှင် များက ရေးသား ဖော်ပြခဲ့ကြပါတယ်။ နိုင်ငံတော် အတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူတဦးချင်း စီရဲ့ တာဝန်နဲ့ အခွင့်အရေး များဟာလဲ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်း များစွာကတည်းက နိုင်ငံရေး ဒဿနိကဗေဒ ပညာရဲ့ Philosophical discourse အနေနဲ့ ရှိနေခဲ့ ပါတယ်။ နိုင်ငံတော်ရဲ့ သဘော သဘာဝနဲ့ ပတ်သက်ပြီး လူအများက အမြင် အမျိုးမျိုးနဲ့ ရှုမြင် သုံးသပ်ကြပါတယ်။ classical Marxists နဲ့ revolutionary socialists တွေက နိုင်ငံတော် ဆိုတာကို agent of capitalism အနေနဲ့ မြင်ပါ တယ်။ evolutionary socialists တွေက နိုင်ငံတော်ဆိုတာကို ဒီမိုကရေစီ နည်းလမ်းနဲ့ ပြောင်းလဲပြီး၊ တနည်းအားဖြင့် ဆိုလျှင် နိုင်ငံတော်အားပြောင်းလဲခြင်း (state transformation) ပြုလုပ်ပြီး agent of capitalism ကနေ agent of ‘the people’ ဖြစ်အောင် လုပ်ဆောင် ရမယ်လို့ မြင်ကြပါတယ်။ အချို့ကတော့ နိုင်ငံတော် ဆိုတာကို local level မှာ ဒီမိုကရက်တစ် ယူနစ်တွေနဲ့ global level မှာ နိုင်ငံတကာ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ ဖွဲ့စည်းပြီး အစားထိုး ရမယ်လို့ မြင်ကြပါတယ်။ လစ်ဘရယ် ဒီမိုကရက်တွေက ကျတော့ နိုင်ငံတော် ဆိုတာကို လူ့အဖွဲ့အစည်းရဲ့ ‘referee’ အနေနဲ့ ရှုမြင် သုံးသပ်ကြပါတယ်။

ယုံကြည်တဲ့ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီများပေါ် မူတည်ပြီး ဘယ်လိုပဲ အမြင်တွေ ကွဲပြားပေမယ့်၊ အများစုက လက်ခံ ထားရတဲ့ တူညီချက် တခုကတော့ နိုင်ငံတော်ရဲ့ အရိပ် (shadow of the state) ဟာ လူတွေရဲ့ ဘ၀ကို လွှမ်းမိုး ထားတယ် ဆိုတာပါပဲ။ ပညာရေးကနေ စီးပွားရေး စီမံခန့်ခွဲမှု၊ လူမှုဖူလုံရေး ကနေ အညစ်အကြေး စွန့်ပစ်မှု၊ ပြည်ထဲရေးကနေ ပြည်ပရန် ကာကွယ်ရေး စတဲ့ ကဏ္ဍ အားလုံးမှာ နိုင်ငံတော်က ပုံဖော်ဆောင်ပြီး ထိန်းချုပ် ထားပါတယ်။ နောက်ဆုံး လူတဦးချင်း စီရဲ့ ဘ၀ရေးရာဖြစ်တဲ့ လက်ထပ် ထိမ်းမြားမှု၊ ကွာရှင်းပြတ်စဲမှု၊ ကိုယ်ဝန်ဖျက်ချမှုနဲ့ ဘာသာရေးယုံကြည် ကိုးကွယ်မှုတွေ မှာလဲ နိုင်ငံတော်က ပါဝင်ဆောင်ရွက်တဲ့ အခန်းကဏ္ဍတွေ ရှိနေပြန်ပါတယ်။ ဒါကြောင့် နိုင်ငံရေးကို လေ့လာမယ်ဆိုရင် နိုင်ငံတော် အကြောင်းကို မလွဲမသွေလေ့လာဖို့ လိုအပ်ပါတယ်။ နိုင်ငံရေး လေ့လာသူတယောက်ဟာ နိုင်ငံတော်ရဲ့ သ ဘော သဘာဝ၊ အခန်းကဏ္ဍနဲ့ ပါဝါချိန်ခွင်လျှာတွေကို သိရှိ နားလည် ထားသင့်ပါတယ်။

အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်


နိုင်ငံရေးပညာရှင် Andrew Heywood က နိုင်ငံတော်ဆိုတဲ့ အနက် အဓိပ္ပာယ်ကို idealist perspective, functionalist perspective နဲ့ organizational perspective စတဲ့ ရှုထောင့်အမြင် သုံးမျိုးကနေ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ကြောင်း ဆိုထား ခဲ့ပါတယ်။ idealist perspective နဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ဂျာမန်ဒဿနိကဗေဒပညာရှင်တဦးဖြစ်တဲ့ Georg Hegel ရဲ့ စာတွေမှာ တွေ့မြင်နိုင်ပါတယ်။ Hegel က မိသားစု၊ လူ့အဖွဲ့အစည်း နဲ့ နိုင်ငံတော် ဆိုတာတွေကို လူမှုဖြစ် တည်မှု (social existence) ရဲ့ ဖြစ်တည်မှု သုံးရပ်အဖြစ် ရေးသားဖော်ပြခဲ့ပါတယ်။ Hegel က မိသားစုတခုအတွင်းမှာ နေထိုင် ဖြစ်တည်ကြတဲ့ မိသားစုဝင်တွေဟာ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေရဲ့ အကျိုးစီးပွား အတွက် ကိုယ်ပိုင် အကျိုးစီးပွားတွေကို ဘေးဖယ်ထားလေ့ရှိကြောင်း အဆိုပြုခဲ့ပြီး၊ မိသားစုဆိုတာကို ‘ sphere of particular altruism’ လို့သတ်မှတ်ခဲ့ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာတော့ လူတွေဟာ အခြားသူတွေရဲ့ အကျိုးစီးပွားထက် ကိုယ်ပိုင်အ ကျိုးစီးပွားကို ဦးစားပေးရှိကြောင်း ဆိုခဲ့ပြီး၊ လူ့အဖွဲ့အစည်းဆိုတာကို ‘universal egoism’ လို့ သတ်မှတ်ခေါ်တွင်ခဲ့ပါ တယ်။ နိုင်ငံတော် ဆိုတာကိုတော့ အပြန်အလှန်ကိုယ်ချင်းစာတရား (mutual sympathy) က မောင်းနှင်ထားတဲ့ လူ့အ ဖွဲ့အစည်းတရပ်အဖြစ် သတ်မှတ်ပြီး၊ ‘universal altruism’ လို့ ခေါ်တွင်ခဲ့ပါတယ်။

နိုင်ငံတော်ရဲ့ အနက်အဓိပ္ပာယ်ကို functional perspective ကနေ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ကတော့ နိုင်ငံတော်ရဲ့ အခန်း ကဏ္ဍနဲ့ နိုင်ငံတော်က ဖွဲ့စည်းထားတဲ့ အင်စတီကျူးရှင်းတွေရဲ့ ရည်ရွယ်ချက် တာဝန်တွေကို ဦးစားပေးဖော်ပြကြ ပါတယ်။ ဒီရှုထောင့်အရ နိုင်ငံတော်ရဲ့ အဓိကတာဝန်ဟာ social order ကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ ဒီရှုထောင့်ကို ခေတ်သစ် မတ်စ်ဝါဒီ အများစုက လက်ခံထားကြပြီး၊ နိုင်ငံတော်ဆိုတာ အရင်းရှင်စနစ် (capitalist system) ရေရှည် တည်တံ့ ခိုင်မြဲရေး အတွက် မောင်းနှင်ပေးတဲ့ ယန္တရားလို့ အဓိပ္ပာယ် ဖွင့်ဆို ထားကြပါတယ်။

နောက်ထပ်ရှုထောင့်တမျိုးကတော့ နိုင်ငံတော်ဆိုတာကို နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူ လူထုက အသိ အမှတ်ပြု လက်ခံ ထားတဲ့ နိုင်ငံရေး အင်စတီကျူရှင်း တခုလို့ အနက် အဓိပ္ပာယ် ဖွင့်ဆိုထားတဲ့ organizational perspective ပဲဖြစ်ပါတယ်။ ဒီရှုထောင့်အရ နိုင်ငံတော် ဆိုတာမှာ အစိုးရ ယန္တရားတွေ ဖြစ်တဲ့ ဗျူရိုကရေစီ၊ စစ်တက်၊ ရဲ၊ တရားရုံး စတာတွေ ပါဝင်ပြီး၊ ဒီလိုအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ယန္တရားတွေကို ပြည်သူလူထုရဲ့ အခွန် ဘဏ္ဍာတွေနဲ့ ထောက်ပံ့ ထားကြောင်း ဖွင့်ဆိုထားပါတယ်။ ဒီရှုထောင့်ကို ကမ္ဘာ့နိုင်ငံ အများစုမှာ လက်ခံ ထားကြပါတယ်။

ဒီလို ရှုထောင့်အမျိုးမျိုးကနေ အနက်အဓိပ္ပာယ်တွေ ဖွင့်ဆိုထားတဲ့ နိုင်ငံတော်ဆိုတဲ့ စကားလုံးမှာ ယေဘုယျ အားဖြင့် သွင်ပြင်လက္ခဏာ ငါးမျိုးရှိပါတယ်။ ပထမ တမျိုးကတော့ အချုပ်အခြာ အာဏာ (Sovereignty) ဖြစ်ပါတယ်။ လူ့အဖွဲ့အ စည်းတွင်းမှာ ရှိတဲ့ အုပ်စုနဲ့ အဖွဲ့အစည်းတွေ အားလုံးရဲ့ အထက်မှာ နိုင်ငံတော်တည်ရှိပြီး၊ နိုင်ငံတော်မှာ အကြွင်းမဲ့အာ ဏာ (absolute power) ရှိပါတယ်။ ဒုတိယ သွင်ပြင် လက္ခဏာ တရပ်ကတော့ နိုင်ငံတော်ဟာ ပြည်သူ့ရေးရာ ဌာနများကို ကိုယ်စားပြု ပါတယ်။ ပြည်သူ့ရေးရာ ဌာနများဟာ တဦးချင်း အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်တဲ့ မိသားစု၊ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း စတာတွေနဲ့ မတူညီဘဲ အများပြည်သူရဲ့ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက် ရပါ တယ်။

တတိယသွင်ပြင်လက္ခဏာတရပ်ကတော့ တရားဝင်ခွင့် (legitimacy) ကို ကျင့်သုံးမှုဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဆုံးဖြတ်ချက် များဟာ နိုင်ငံတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုရမှာ ဖြစ်ပြီး၊ အများပြည်သူရဲ့ ကောင်းကျိုး အတွက် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ စတုတ္ထသွင်ပြင်လက္ခဏာတရပ်ကတော့ နိုင်ငံတော်မှာ တရား ဥပေဒေစိုးမိုးရေးကို ဆောင်ရွက်နိုင်တဲ့ စွမ်းရည် (capacity) ရှိရမှာဖြစ်ပါတယ်။။ ပဉ္စမသွင်ပြင်လက္ခဏာတရပ်ကတော့ နိုင်ငံတော်မှာ နယ်မြေပိုင်နက်နဲ့ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုရှိရမှာ ဖြစ်ပါတယ်။ သီအိုရီအရတော့ နိုင်ငံတော်ဆိုတာ နိုင်ငံတကာအဆင့်မှာ autonomous entity ဖြစ်ပါတယ်။

ဒီနေရာမှာ နိုင်ငံတော် (The State) နဲ့ အစိုးရ (Government) ဆိုတာက အချို့က ရောထွေးပြီး ပြောတတ်လေ့ ရှိကြပါ တယ်။ အစိုးရကို ဆန့်ကျင်တာကိုလဲ နိုင်ငံတော်ကို ဆန့်ကျင်တယ်လို့ ယူဆထား တာတွေ ရှိပါတယ်။ သို့ပေမယ့် အစိုး ရနဲ့ နိုင်ငံတော် အကြားမှာ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ ပထမတချက်က နိုင်ငံတော်ဆိုတဲ့ အနက်အဓိပ္ပာယ်ဟာ အစိုး ရဆိုတဲ့ အနက်အဓိပ္ပာယ်ထက် ပိုပြီး ကျယ်ဝန်းပါတယ်။ အစိုးရဆိုတာ နိုင်ငံတော်ရဲ့အစိတ်အပိုင်းတရပ်သာ ဖြစ်ပါတယ်။ ဒုတိယ တချက်ကတော့ နိုင်ငံတော်ဆိုတာ စဉ်ဆက်မပြတ်ဖြစ်တည်နေတဲ့ ရေရှည် entity တခုဖြစ်ပြီး၊ အစိုးရဆိုတာ ကတော့ ယာယီဖြစ်တည်မှု ဖြစ်ပါတယ်။ အစိုးရတွေဟာ အသစ်ဖွဲ့စည်းလိုက်၊ ပျက်ပြယ်လိုက်သဘောသဘာဝရှိပြီး၊ အ စိုးရရဲ့ စနစ်တွေဟာလဲ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လို့ ရပါတယ်။

တတိယတချက်ကတော့ အစိုးရဆိုတာ နိုင်ငံတော်ရဲ့ အာဏာကို အသက်သွင်းပေးရတဲ့ ယန္တရား တခုဖြစ်ပြီး၊ နိုင်ငံတော် ရဲ့ ဦးနှောက်လို့လဲ သတ်မှတ်ခေါ်တွင် ကြပါတယ်။ စတုတ္ထအချက်ကတော့ နိုင်ငံတော်ဟာ impersonal authority ကို ကျင့်သုံးပြီး၊ state bodies တွေရဲ့ ၀န်ထမ်းတွေဟာ political neutral ဖြစ်ဖို့လိုပါတယ်။ တက်လိုက် ဆင်းလိုက်ဖြစ်နေတဲ့ အစိုးရတွေရဲ့ ပါတီနိုင်ငံရေး အယူအဆတွေကို state bodies တွေက resist လုပ်ရမှာ ဖြစ်ပါတယ်။ ဥပမာ- စစ်တပ်၊ ရဲ စတဲ့ state bodies တွေဟာ အစိုးရ တရပ်ရဲ့ လက်ကိုင်ဒုတ် မဖြစ်ရပါဘူး။ ပဉ္စမအချက်ကတော့ နိုင်ငံတော်ဟာ အများ ပြည်သူရဲ့ ရေရှည် အကျိုးစီးပွားကို ကိုယ်စားပြုပြီး၊ အစိုးရကတော့ အုပ်ချုပ်ရေးအာဏာ လက်ဝယ်ရလာတဲ့ partisan sympathy ကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

Ref: နေ့သစ်

0 comments:

အပေါ်သို့