..............................

Tuesday, October 9, 2012

ပြည်သူ့ အကျိုးစီးပွား ပျက်စီးစေမယ့် ဥပဒေတွေကို ပြင်ဆင်ကြ

မင်းဝဏ်
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၉ ရက်၊ အင်္ဂါနေ့။

သမ္မတဦးသိန်းစိန်က ၆၇ ကြိမ်မြောက် ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေကို အစီရင်ခံ တင်ပြခဲ့ပြီး မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံဟာ ဒီမိုကရေစီရေးခရီး အစမှာ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောကြား နေတာတွေကို ကြားသိ နေရပါတယ်။ သမ္မတရုံးက ညွှန်ကြားရေးမှူး ဗိုလ်မှူးဟောင်း ဦးဇော်ဌေး ကလည်း သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ရည်ရွယ်ချက်တူညီ လုပ်ဆောင်လိုတဲ့၊ ဘုံရည်မှန်းချက်ထားရှိမှု တူသူနှစ်ဦး ဖြစ်တယ်လို့ ပြောကြားနေပါတယ်။

- ဒါပေမယ့် နဝတ၊ နအဖ စစ်အုပ်စုလက်ကျန် ဗိုလ်ချုပ်ဟောင်းတွေ ဦးစီးတဲ့ လွှတ်တော်များ၊ သမ္မတ ဦးသိန်းစိန် အစိုးရ၊ ကြံ့ဖွံ့ပါတီနဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကွပ်ကဲနေတဲ့ စစ်တပ်- အစရှိတဲ့ လေးချောင်းထောက် အာဏာ ယန္တယားကြီး ခိုင်မြဲဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တရားဝင်မှု ရယူထားတဲ့ စစ်အာဏာ ရှင်စံနစ် Constitutional Military Dictatorship သက်ဆိုး ရှည်စေဖို့ လုပ်ဆောင်နေတဲ့ ဇာတ်လမ်းမှာ လိုအပ် တဲ့ဇာတ်ကွက်ကို သင့်လျော်တဲ့ သရုပ်ဆောင်တွေနဲ့ ပွဲထွက်ပြသ၊ သရုပ်ဆောင် ကပြနေကြရတာမျှသာ ဖြစ်ကြောင်း နိုင်ငံတကာ အသိုင်းအဝန်း ကလည်း သိရှိ နားလည်ထားတဲ့ အတွက် မြန်မာ့ အရေးကို စဉ်ဆက်မပြတ် အကဲခတ် နေကြတာပါ။

- သမ္မတဦးသိန်းစိန်ရဲ့ကြံ့ဖွံ့အစိုးရက နိုင်ငံတကာ မျက်နှာစာမှာ သူတို့ရဲ့ တရားဝင်မှုကို ပိုမို ခိုင်မာစေဖို့ ကြိုးပမ်း နေတဲ့ ကာလမှာပဲ ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေကို တရားစွဲဆိုတဲ့ သတင်းတွေ ကလည်း ဒီရက်ပိုင်းတွေ အတွင်းမှာ ဆက်တိုက် ထွက်ပေါ်လာတာမို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ခရီးဟာ မရေမရာ အနေအထားသာဖြစ် နေသေးကြောင်း သက်သေပြသလို ဖြစ်နေပါတယ်။

- စက်တင်ဘာလ ၂၁ ရက်ကကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှု တွေမှာ ပါဝင်ခဲ့တဲ့သူ တချို့ကို ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ သက်ဆိုင်ရာ ရဲစခန်းတွေက အမှုဖွင့် ထားပါတယ်။ ရန်ကုန်မှာ ငြိမ်းချမ်းရေး ကွန်ယက်က တာဝန်ခံ ၄ ဦး၊ ကချင်ငြိမ်းချမ်းရေး ကွန်ယက်၊ ပြည်သူ့ အကျိုးဆောင် ကွန်ယက်က လှုပ်ရှား တက်ကြွသူများနဲ့ လယ်သမား အခွင့်အရေး လှုပ်ရှား နေသူများ၊ အောင်ပန်းမြို့မှ ၁ ဦး၊ တောင်ကြီးမြို့မှ ၂ ဦး၊ ပြည်မြို့မှ ဆရာတော် တပါးတို့ကို ရဲစခန်းတွေက အမှုဖွင့် ထားတာပါ။ ပုဒ်မ ၁၈ နဲ့ အမှုရင်ဆိုင် တရားစွဲဆိုတာ ဖြစ်လို့ တရားရုံးက ဆင့်ခေါ်တဲ့ရက်မှာ လာရောက် ရင်ဆိုင်ပါမယ်- ဆိုတဲ့ ခံဝန် ကတိတွေ ထိုးပေးခဲ့ကြရတယ်လို့ သိရပါတယ်။ တနှစ်မှာ တရက်တည်း ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ နည်းလမ်းတကျ ကြိုတင် ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် အကြောင်း ပြချက်အမျိုးမျိုးနဲ့ ခွင့်ပြုချက် မပေးခဲ့တာဖြစ်လို့ လူထု ထောင်ဂဏန်းချီပြီး အကြမ်းဖက်ခြင်း မရှိတဲ့ ဆန္ဒထုတ် ဖေါ်ပွဲတွေ ငြိမ်းချမ်းစွာ လုပ်ဆောင် နိုင်ခဲ့တာကို အမှုဖွင့် တရားစွဲဆို အရေးယူဖို့ လုပ်မယ်ဆိုရင် လွှတ်တော်တွေ ကပြဌာန်းခဲ့တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနဲ့ ပြည်ထဲရေး ဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့တဲ့ နည်းဥပဒေတွေဟာ မျှတမှုရှိရဲ့လား ဆိုတာကို ပြန်သုံးသပ် ကြရမယ့်သဘော ဖြစ်လာပါတယ်။

- မြန်မာ့ သဘာဝ သယံဇာတတွေကနေဖြစ်လာတဲ့ ရေအား လျှပ်စစ်နဲ့ သဘာဝ ဓါတ်ငွေ့တွေကို အိမ်နီးချင်း နိုင်ငံတွေဆီ ရောင်းချနေပေမယ့် ပြည်တွင်းလျှပ်စစ် မလုံလောက်မှု အပေါ် မြန်မာပြည် အနှံ့ ဆန္ဒပြပွဲတွေ ၂၀၁၂ ခုနှစ် မေလအတွင်းက ဖြစ်ပွားခဲ့ပါတယ်။ အထူးသဖြင့် ရန်ကုန်၊ မန္တလေး၊ ပြည်နဲ့ ရခိုင် ဒေသတွေမှာပါ။ မန္တလေးမှာ မေလ တတိယပတ်က လျှပ်စစ်ဓါတ်အား ပြည့်ဝစွာ ရရှိရေးအတွက် ဖယောင်းတိုင်မီး ထွန်းပြီး လူစု လူဝေးနဲ့ စီတန်း လှည့်လည် ဆန္ဒပြမှုကို ပြုလုပ်ခဲ့ရာမှာ ဦးဆောင် ပါဝင်တဲ့ သတင်းစာဆရာ တဦး အပါအဝင် မန္တ လေးမြို့ခံ ၃ ဦးကို ချမ်းအေးသာဇံမြို့နယ် အမှတ် ၈ ရဲစခန်းက အမှုဖွင့် ထားတယ်လို့သိရပါတယ်။

- မေလ ၂၂ ရက်နေ့က ထောက်လှမ်းရေးရုံးက ခေါ်စစ်လို့ စစ်ချက် ပေးခဲ့ပြီး ဖြစ်ပေမယ့် အမှုဖွင့် တရားစွဲဆို နိုင်ဖို့ ရဲစစ်ချက် မရှိသေးလို့ အောက်တိုဘာလ ၆ ရက်မှာ အကြောင်းကြား လာတယ်လို့ သိရပါတယ်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၈ နဲ့ မေလ ၂၇ ရက် ကတည်းက အမှုဖွင့် ထားကြောင်း သိရတဲ့အတွက် ဒီကိစ္စမှာလည်း ထူးခြားမှုနှစ်ခုကို တွေ့ရှိရပါတယ်။ လျှပ်စစ်မီး အပြည့်အဝ ရရှိဖို့ ဆန္ဒ ပြတာဟာ မန္တလေး တမြို့တည်းမှာ မဟုတ်ပဲ အခြားမြို့ကြီး တွေမှာလည်း မေလ အတွင်းက ဆက်တိုက်ဖြစ်ပွား ခဲ့ပေမယ့် ဆန္ဒ ထုတ်ဖေါ်သူတွေကို အမှုဖွင့် အရေးယူဖို့ ကြိုးစားတာဟာ မန္တလေး တမြို့တည်းမှာ ဖြစ်နေတာ၊ ဆန္ဒပြတဲ့ အချိန်ကာလဟာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေအတွက် ပြည်ထဲရေး ဝန်ကြီးဌာနက နည်းဥပဒေ ထုတ်ပြန်ခဲ့တဲ့ ဇူလိုင်လ ၉ ရက်ရဲ့ အရှေ့ပိုင်း ကာလဖြစ်လို့ နောက်ကြောင်းပြန် သက်ရောက်တဲ့ တရားစွဲဆိုမှုမျိုး ဖြစ်နေတာတွေပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ တွေဟာ တရားမျှတမှု ရှိရဲ့လား- ဆိုတာအပြင် သက်ဆိုင် ရာအာဏာပိုင် အဖွဲ့အစည်းများ အနေနဲ့ ဒီဥပဒေ၊ နည်းဥပဒေတွေကို သဘောပေါက် နားလည်မှု၊ အသုံးချနိုင်မှု၊ မည်သည့်အကျိုး စီးပွားအတွက် အသုံးပြုလိုမှု- တို့ကိုပါ သုံးသပ် ဆန်းစစ်ကြရဖို့ ရှိလာပြီဖြစ်ပါတယ်။

- မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မြေယာသိမ်းဆည်းခံရမှု၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ဆုံးရှုံးရမှုတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုတွေ ၂၀၁၂ ခုနှစ် ဇွန်လက စပြီး ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ လယ်ယာဧက ၇၈၀၀ ကျော် အသိမ်းခံခဲ့ရပြီး စီမံကိန်း စွန့်ပစ် မြေစာတွေကြောင့် ရေသယံဇာ တအပါအဝင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ၊ ဒေသခံ လူထု ကျန်းမာရေးအတွက် စိုးရိမ်စရာတွေ၊ မြေသိမ်းခံကျေးရွာ ၂၆ ရွာထဲက ကျေးရွာ ၄ ရွာ မဖြစ်မနေ ပြောင်းရွှေ့ပေးရမယ့် ကိစ္စတွေ- ရှိလာလို့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နဲ့ တရုတ်နိုင်ငံ ဝမ်ပေါင်း ကုမ္ပဏီတို့ကို နစ်နာသူတွေက ဆန္ဒပြခဲ့ကြတာပါ။

- စက်တင်ဘာလ ၅ ရက်မှာ ပုသိမ် - မုံရွာလမ်းနဲ့ ညောင်ပင်ကြီး - ပုလဲလမ်းဆုံ နားက မြန်မာ - ဝမ်ပေါင်း ကုမ္ပဏီ ရုံးခန်းရဲ့ အနီးပတ်ဝန်းကျင်မှာ ဦးပိုင်၊ မြန်မာဝမ်ပေါင်း၊ ပုဒ်မ ၁၄၄ လို့ ရေးသားထားတဲ့ အသုဘ အခေါင်းပုံ ၃ လုံးကို မီးရှို့ပြီး ဆန္ဒပြခဲ့တဲ့ အပေါ် ဒေသခံတချို့၊ ကူညီသူ တချို့နဲ့ ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ ဗကသ ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင် ၁၆ ဦးကို တရားစွဲဖို့ စီမံကိန်း တာဝန်ရှိသူတွေက ဆားလင်းကြီး ရဲစ ခန်းမှာ အောက်တိုဘာ ၄ ရက်က အမှုဖွင့် လိုက်တယ်လို့ ကြားသိရပါတယ်။ ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၄၃၊ ၁၄၇ နဲ့ ၅၀၀ တို့အရ အမှုဖွင့်ခံရတဲ့ ထဲမှာ ဗကသများ အဖွဲ့ချုပ်၊ ပြည်သူ့ အကျိုးဆောင် ကွန်ယက်၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ ပါဝင်နေပါတယ်။

- သမ္မတဦးသိန်းစိန်က အမေရိကန်ခရီးစဉ်အတွင်း အရင်အစိုးရ လက်ထက်က လျော်ကြေး ပေးခဲ့ပြီးပြီလို့ ပြောတာ၊ မရွှေ့ပြောင်းချင်တဲ့ သူတွေကို ဧရိယာ သတ်မှတ်ပေးဖို့ ဒေသခံ အာဏာပိုင်တွေကို ပြောကြားခဲ့ပြီးပြီလို့ ပြောတာတွေဟာ လွဲမှားနေပြီး သိမ်းဆည်းခံ မြေယာများ အတွက် မြေယာ လျော်ကြေးမဟုတ်ပဲ ၃နှစ်စာ သီးနှံ ပျက်စီးမှု လျော်ကြေးသာဖြစ်ကြောင်း ၊ ဦးပိုင်ရဲ့ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင် ထုတ်ပြန်တဲ့ ကြေညာချက်မှာ စီမံကိန်းကို ဆက်လုပ်မယ်၊ ကျန်နေတဲ့ရွာ ၃ ရွာကို မဖြစ်မနေ ရွှေ့ပြောင်းမယ်၊ စက်တင်ဘာလ ၁ ရက်ကနေ အောက်တိုဘာလ ၃၀ ရက်နေ့ အတွင်း ရွာတွေကို ပြောင်းရွှေ့ဖို့ သတ်မှတ်ထားပြီး ပုဒ်မ ၁၄၄ ထုတ်ပြန် ခဲ့တာတွေက ဖြစ်ရပ်မှန်တွေ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် ဆီကို တင်ပြလာတဲ့ အောက်ခြေက သတင်း အချက်အလက်တွေ လွဲမှားတာလား၊ အစိုးရရဲ့ ပုံရိပ်ကောင်းအောင် တည်ဆောက်နေရတဲ့ အမေရိကန် ခရီးစဉ်မှာ ကြေးနီ စီမံကိန်းနဲ့ ပတ်သက်ပြီး ဖုံးဖုံးဖိဖိ ဖြစ်အောင် ပြောခဲ့တာလားကတော့ ဦးသိန်းစိန်ပဲ သိမှာပါ။

- လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ကြေးနီတန်ချိန် ၃၃၈ တန် ခိုးထုတ်လို့ ဒေါ်လာ နှစ်သန်းဖိုး လောက် ငွေစာရင်း ကွာနေတာကို ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံးက ဖေါ်ပြခဲ့တာ၊ သတ္တုတွင်း ဝန်ကြီးဌာနက The Voice ဂျာနယ်ကို တရားစွဲတာ၊ စာရင်းစစ်ချုပ် ဦးလွန်းမောင်ကို နှုတ်ထွက်ခွင့် ပြုလိုက်တာ၊ သတ္တုတွင်း ဝန်ကြီး ဦးသိန်းထိုက်က ပြည်ထောင်စု စာရင်းစစ်ချုပ် အသစ် ဖြစ်သွားတာ တွေကို သိရှိ စီမံခဲ့ရတဲ့ ဦးသိန်းစိန်က စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက ဝမ်ပေါင်းကုမ္ပဏီတို့ ဘာတွေလုပ်ခဲ့၊ လုပ်နေကြသလဲ - ဆိုတာကို တော့ မျက်ခြေပြတ်မယ်လို့တော့ မထင်ပါဘူး။

- ဦးပိုင်ပစ္စည်းမို့ စစ်တပ်အကျိုးစီးပွားထိခိုက်မှာစိုးရိမ်တာရယ်၊ တရုတ်နဲ့လည်း မြစ်ဆုံဆည် ကိစ္စ မျက်နှာ ပျက်စရာ ဖြစ်ခဲ့ပြီး နောက်ဆက်တွဲ အစာမကျေစရာ ဇတ်ထုတ် အသစ်တွေ မစချင်သေးတာရယ်လည်း ဖြစ်နိုင် ပါတယ်။ ကြေးနီ စီမံကိန်းက တာဝန်ရှိသူ တစ်ဦးကတော့ “ First Information Report သတင်းအချက်အ လက် အစီရင်ခံစာ ပေးပို့တဲ့ အဆင့်ပဲဖြစ်ပြီး ရဲက ဒါကို စုံစမ်း စစ်ဆေးပြီး တရားစွဲဆို သင့်တယ်ဆိုမှ တရားစွဲမှာ ဖြစ်တယ် ” လို့ BBC သတင်းဌာနကို ပြောခဲ့တာမို့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို တရားစွဲ၊ မစွဲ စောင့်ကြည့် ရမှာပါ။

- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များမှာ ပုဒ်မ ၃၄၅ ကနေ ၃၉၀ အထိ ပြဌာန်းချက် ပုဒ်မပေါင်း ၄၆ ခုရှိပြီး ပုဒ်မ ၃၅၄ မှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်ခွဲ ၁၉၊ ၂၀ ဖေါ်ပြချက်တွေဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့်၊ လွတ်လပ်စွာ အသင်း အဖွဲ့ အစည်းအရုံးများ ဖွဲ့စည်း ဆောင်ရွက်ခွင့် တွေကို ဖေါ်ပြ ထားပါတယ်။ ဒါပေမယ့် “ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် ” ဆိုတဲ့ ကြိုတင် တားမြစ် ကန့်သတ်ချက် ထားပြီး ပေးထားတဲ့ နိုင်ငံသား အခွင့်အရေးမျှသာ ဖြစ်ပါတယ်။

- နိုင်ငံရဲ့အထွဋ်အထိပ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုယ်တိုင်က ကန့်သတ် တားမြစ်ချက်နဲ့ တကွ ပြဌာန်း ထားတယ်ဆိုရင် လွှတ်တော်တွေမှာ ဥပဒေပြုဖို့ ဆွေးနွေးရတဲ့ အခါ ဥပဒေကြမ်းတွေက မျှတမှု ရှိတော့မှာ မဟုတ်ပါဘူး။ ပြည်သူလူထု အကျိုးစီးပွားအတွက် ဥပဒေပြုခွင့် မရတော့ပဲ အုပ်ချုပ်သူ အစိုးရ အကျိုးစီးပွား အတွက် ဘက်လိုက်ပြဌာန်းရတဲ့ ဥပဒေတွေ ဖြစ်လာပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနက နည်းဥပဒေတွေ ထုတ်ပြန်တဲ့ အခါမှာလည်း အသေးစိတ် ကန့်သတ် တားမြစ်ချက်တွေ ထပ်ပါလာတဲ့ အခါ ဒီမိုကရေစီနဲ့ လူ့အ ခွင့်အရေး အနှစ်သာရတွေ လုံးဝ ပျောက်ပျက် သွားပါတော့တယ်။

- ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေဆိုရင် ပထမ အကြိမ် လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးမှာ ဆွေးနွေးပြီး သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်က လက်မှတ်ထိုး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေ အတွက် နည်းဥပဒေတွေကို ပြည်ထဲရေး ဝန်ကြီးဌာနက ၂၀၁၂ ခုနှစ် ဇူလိုင်လ ၉ ရက်ကျမှ ထုတ်ပြန်နိုင်ခဲ့တဲ့ အတွက် ဥပဒေတခု ထွက်ရှိလာဖို့၊ အဲဒီဥပဒေကို လက်တွေ့အသုံး ပြုနိုင်ဖို့အတွက် နည်းဥပဒေတွေ ထွက်ရှိ လာဖို့ အချိန်ကာလ ၆ လနဲ့ အထက် ကြာမြင့် နေတာကလည်း မြန်မာ့ နည်းမြန်မာ့ဟန် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေ- လို့ပဲ ဆိုရတော့မှာပါပဲ။

- မြန်မာ့သဘာဝသယံဇာတတွေရောင်းစားပြီး တိုင်းပြည်မှာတော့ လျှပ်စစ် မလုံလောက်လို့ ပြည်သူတွေ ဘဝပျက် နေတာတွေကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူတွေ၊ ကမ္ဘာပေါ်မှာ အကြာရှည်ဆုံး ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာပြည် ငြိမ်းချမ်းရေး အတွက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ဆန္ဒ ထုတ်ဖေါ်သူတွေ၊ လယ်ယာနဲ့ လုပ်ကိုင် စားသောက်ရသူတွေကို လိမ်လည် လှည့်ဖျားပြီး ၃ နှစ်စာ သီးနှံ လျော်ကြေးပေးရာကနေ မြေယာကို ထာဝရ သိမ်းဆည်းမှု လုပ်ခဲ့တဲ့ ဦးပိုင်နဲ့ ဝမ်ပေါင်းကုမ္ပဏီတို့ရဲ့ အနိုင်ကျင့်မှုတွေ အတွက် နစ်နာသူတွေက ဆန္ဒ ပြရတဲ့ ကိစ္စတွေမှာ ဦးဆောင်သူတွေကို ရာဇဝတ်မှုလို တရားစွဲမယ် ဆိုရင်တော့ လာမယ့် လွှတ်တော်တွေမှာ တရားမျှတမှု မရှိတဲ့ ဥပဒေ၊ နည်းဥပဒေတွေကို ပြန်လည်သုံးသပ် ဆန်းစစ်ဖို့ လိုနေပြီဖြစ်ပါတယ်။ “ ပြည်သူ့ အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ” လို့ ကြွေးကြော်နေတာ၊ ကျနော်တို့ဟာ ပြည်သူလူ ထုက ရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့ အစိုးရဆိုပြီး ကြွေးကြော်နေကြတာတွေဟာ လက်တွေ့မှာမှန် ကန်ကြောင်း သက်သေ ပြချင်ရင်တော့ ပြည်သူလူထု အကျိုးစီးပွားကို ပျက်စီးစေမယ့် ဥပဒေတွေကို ရဲရဲဝံ့ဝံ့ပြင် ဆင်ကြရမှာ ဖြစ်ကြောင်း - တင်ပြ လိုက်ရပါတယ်။

0 comments:

အပေါ်သို့