..............................

Friday, July 6, 2012

တပ်မတော်က ဘာတွေ ပြောင်းရမလဲ

မောင်လူလေး
ဇူလိုင်လ ၆ ရက် ၂၀၁၂

အာရှလူ့အဖွဲ့အစည်းတွေရဲ့ ဒီမိုကရေစီ အပြောင်း အလဲတွေကို ကြည့်မယ် ဆိုရင် စစ်တပ်တွေရဲ့ အခန်း ကဏ္ဍကို မတူ တဲ့ အတိုင်း အတာတွေ အရ နည်းလမ်း အမျိုးမျိုးနဲ့ ပြန်လည် ပုံသွင်း ပြောင်းလဲ ခဲ့ရတာကို လေ့လာ သိရှိရပါတယ်။ ဒီဖြစ်စဉ် အပြောင်း အလဲတွေမှာ ကမ္ဘာလုံး ဆိုင်ရာ မဟာဗျူဟာ ပတ်ဝန်းကျင် အပြောင်းအလဲနဲ့ ဒေသတွင်း မဟာဗျူဟာ အပြောင်းအလဲတွေက စစ်တပ်ရဲ့ အခန်းကဏ္ဍကို ပြန်လည် အဓိပ္ပါယ်ဖွင့်ဆိုဖို့ သက်ဆိုင်ရာအစိုးရတွေအပေါ် ထဲထဲ ၀င်ဝင် တွန်းအားပေး သက်ရောက်မှုတွေ ရှိနေခဲ့တာကို အထင်အရှား တွေ့မြင်ရပါတယ်။

ဥပမာ၊ ဒုတိယကမ္ဘာစစ်အပြီးကစလို့ ဆိုဗီယက်ယူနီယံပြိုကွဲချိန်ထိ ကြာမြင့်ခဲ့တဲ့ စစ်အေးခတ် ကာလ အတွင်း ကမ္ဘာ့ အင်အား ကြီး ၂နိုင်ငံဖြစ်တဲ့ ဆိုဗီယက် ရုရှနဲ့ အမေရိကန် တို့အပေါ် အခြေပြုပြီး ဆန့်ကျင်ဖက် ပင်မ အုပ်စုကြီး ၂ခုနဲ့ အဲဒီ အုပ်စုကြီး၂ခုရဲ့ သြဇာ အာဏာ လွှမ်းမိုးမှုကို မခံလိုတဲ့ ကြားနေ ဘက်မလိုက် အင်အားစု ဆိုတဲ့ အုပ်စုကြီး ၃ စု ပေါ် ခဲ့ဖူးပါတယ်။ မြန်မာပြည်ကတော့ ဒီအုပ်စု ၃ စု ထဲက ဘက်မလိုက် အုပ်စုထဲမှာ ပါခဲ့ပါတယ်။ ဒီလို ပါဝင်ခဲ့တဲ့ အတွက် ဒီ အခြေအနေတွေ အောက်မှာ ကျနော်တို့ ဗမာ့ တပ်မတော်ဟာ ဒေသတွင်းက အိမ်နီးခြင်းနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ လာအို၊ ကမ္ဗောဒီးယား၊ ထိုင်းနိုင်ငံ တို့လို စစ်အေး တိုက်ပွဲရဲ့ ရလဒ်ဖြစ်တဲ့ ဒေသတွင်း စစ်ပွဲတွေရဲ့ အန္တရာယ်ကနေ ကင်းဝေးခဲ့ပြီး ခေတ်မီနိုင်ငံကြီးတွေရဲ့ စွက်ဖက်မှု ကနေ ရှောင်ရှားနိုင်ခဲ့ပါတယ်။ ဒါက အကောင်းဖက်က ရလဒ်တွေပါ။ ဒါနဲ့အတူ တခြား တဖက်ဖြစ်တဲ့ ဆိုးကျိုးတွေလည်း ရှိခဲ့ပါတယ်။

ဒီကမ္ဘာ့အခင်းအကျင်းအခြေအနေတွေ ရိုက်ခတ် ချက်ကြောင့် တိုင်းပြည်ကို နိုင်ငံကြီးတွေရဲ့ သြဇာ အာဏာ အောက် မကျရောက်ရေး ဆိုတဲ့ စဉ်းစားမှုတွေနဲ့ တိုင်းပြည်ကို တံခါးပိတ်ဝါဒ ကျင့်သုံးနေခဲ့တာကြောင့် ခေတ်မီ နိုင်ငံကြီးတွေနဲ့ အဆက်အစပ် မရှိတော့ဘဲ အပြင် ကမ္ဘာနဲ့ ကင်းကွာကာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စက်မှု နည်းပညာ၊ စတဲ့ နယ်ပယ် အသီးသီးမှာ ခေတ်နောက်ကျ ကျန်နေ ခဲ့ပါတော့တယ်။ အကျိုးဆက်က လူအများရဲ့အတွေးတွေ၊ အထူး သဖြင့် အာဏာ ကိုင်စွဲထား သူတွေရဲ့ စဉ်းစားတွေးခေါ်မှုတွေဟာ ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာပြီး ဒီမိုကရေစီ လမ်းကြောင်းကနေ နောက်ပြန် ဆုတ်သွားတဲ့၊ စစ်တပ်က အကြွင်းမဲ့ အာဏာ သိမ်းတဲ့ စစ်အာဏာရှင်စနစ် လမ်း ကြောင်းပေါ်ထိ ဆိုက်ရောက် သွားပါတော့တယ်။ ဒီတော့ မူလကတည်းက ရှိနေခဲ့တဲ့ ပြည်တွင်း ပဋိပက္ခတွေကို နိုင်ငံ ရေး နည်းလမ်းနဲ့ ဖြေရှင်ရမယ့် အစား တပ်မတော်က ပြည်တွင်းစစ်ကို ပုံအော တိုက်ရတဲ့ ဘ၀ အခြေအနေတွေထိ ရောက်ရှိ သွားပါတော့တယ်။ ဒီလိုနဲ့ တိုင်းပြည်လည်း စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဘက်ပေါင်းစုံတွင် ချွတ်ချုံကျကာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံဘ၀ ရောက်ရှိ သွားခဲ့ရပါတယ်။

အဲဒီကနေ အခုအခါ ၂၀၁၀ ခုနှစ် နိုဝင်ဘာလက စပြီး ရွေးကောက်ပွဲနဲ့ တက်လာတဲ့ စစ်တပ်တပိုင်း၊ အရပ်သားအစိုး ရတပိုင်း အစိုးရအဖွဲ့တခု ပေါ်ပေါက်လာပြီး စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီနိုင်ငံကို ပြောင်းလဲလိုက်ကြောင်း ကမ္ဘာသိ ကြေညာလုပ်ဆောင်လာတဲ့ အခြေအနေတခုကို ပြန်လည်ရောက်ရှိလာနေပါတယ်။ ဒီအခြေအနေတွေ အောက်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ သံခင်း တမန်ခင်း အခြေအနေတွေ ပြန်လည်ဆက်စပ်မှု ရှိလာပြီး ကမ္ဘာ့မိ သားစုအ၀န်းအ၀ိုင်းထဲ ပြန်ရောက်လာတော့၊ တပ်မတော်ကလည်း ဒီအခြေအနေတွေနဲ့ လိုက်လျော ညီထွေဖြစ်မယ့် ပြည်တွင်း၊ ပြည်ပ အခင်းအကျင်းတွေမှာ မုချ ပြောင်းလဲရပါတော့မယ်။

တပ်မတော်က ဘာကို ပြောင်းလဲရမလဲ ဆိုရာမှာ သေချာတာက ပြည်တွင်းရေးမှာ တပ်မတော်က ပြည်တွင်း စစ် တိုက်နေတာကို မုချ ရပ်ပစ်ရမှာ ဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်တခု တည်ဆောက် ရမှာ ဖြစ်သလို၊ တပ်ဖွဲ့တွေအတွင်း အရာရှိ၊ အကြပ်စစ်သည်အားလုံးရဲ့ စိတ်နေစိတ်ထား၊ အပြုအမူ တွေကို ဒီမိုကရေစီ စနစ်နဲ့ အညီ၊ ပြန်လည် ဖွဲ့စည်းမှုတွေ လေ့ကျင့်မှုတွေ လုပ်ဖို့ အရေးတကြီး လိုအပ် လာနေပါတယ်။ ဒါ့ပြင် ဒေသ တွင်း မှာလည်း မဟာဗျူဟာ ပတ်ဝန်းကျင်သစ်အရ စစ်ဘက်ဆိုင်ရာ ခေတ်မီရေး အပါအ၀င် စစ်သည်တွေရဲ့ စွမ်းရည်မြင့် မားရေးတွေကို လုပ်ဆောင် ရပါတော့မယ်။

ဒီမှာ ဒီအပြောင်းအလဲ ဖော်ဆောင်မှုတွေမှာ တပ်မတော် အတွက် အရေးအကြီးဆုံး ပြောင်းလဲရမယ့် အရာတခုကတော့ “တပ်မတော်သာ အမိ၊ တပ်မတော်သာအဖ” ဆိုတဲ့အစား “ပြည်သူသာအမိ၊ ပြည်သူသာ အဖ” ဆိုတဲ့ စိတ်ဓါတ် ဆောင်ပုဒ် ကို ပြောင်းလဲ ကျင့်သုံးရေးဟာ ပထမဦးဆုံးနဲ့ အလိုအပ်ဆုံး အရာပဲ ဖြစ်ပါတယ်။ ဒီအရင်းခံ စိတ်ဓါတ် အခြေခံ အပြောင်းအပေါ် မူတည်ပြီး တိုင်းရင်းသား လူမျိုးစုံပြည်သူ လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို အကာ အကွယ်ပေးရေး ဆိုတဲ့ စိတ်ဓါတ် ကျင့်ဝတ်တွေ ရရှိလာအောင် တစတစ လေ့ကျင့်ပြုစု ပျိုးထောင်ပေးရေးဟာ မရှိမဖြစ် အရေးကြီးလှ ပါတယ်။ ဒီကမှတဆင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ ကမ္ဘာ့ စံချိန် စံညွှန်း မီတဲ့ တပ်မတော် တရပ် ဖြစ်ပေါ်လာရေး အထိ ပြုစု ပျိုးထောင် သွားရမှာ ဖြစ်ပါတယ်။

တဖက်မှာလည်း ကမ္ဘာ့အခြေအနေနဲ့ဒေသတွင်း အခြေအနေ အပြောင်း အလဲတွေ အရ ဒေသတွင်း ဆိုင်ရာ မဟာဗျူ ဟာ ရည်မှန်းချက်တွေချမှတ်ကာ တပ်မတော်ခေတ်မီရေး လုပ်ငန်းတွေကို ဆထက်ထမ်းပိုး လုပ်ဆောင် သွားဖို့လည်း ရှိ နေပါသေးတယ်။ ဒေသတွင်း မဟာဗျူဟာ ရည်မှန်းချက် ဆိုတာကတော့ အနီးဆုံး ဥပမာ ပြရမယ်ဆိုလျှင် ထိုင်းနိုင်ငံဟာ စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်မှာ အရင်က ဗီယက်နမ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရေး ဆိုတဲ့ မဟာဗျူဟာ ရည်ရွယ်ချက် ရပ်တည်မှုကို စွန့်လွှတ်လိုက်ပြီး နဂိုမူလက ကွန်မြူနစ် ၀ါဒကို ဆန့်ကျင်တဲ့ စစ်ပွဲတွေရဲ့ ရှေ့တန်း စစ်မျက်နှာမှာ တည်ရှိနေတဲ့ နိုင်ငံတခု အနေအထား ကနေ အိမ်နီးခြင်းကောင်း ဆက်ဆံမှု မဟာဗျူဟာ အခင်းအကျင်း ဦးတည်ချက် တခုဆီ ချမှတ် ပြောင်းလဲ လုပ်ဆောင် လာခြင်းမျိုး ဖြစ်ပါတယ်။

ဒီဖြစ်စဉ် အခြေအနေတွေကို ရှုမြင်ဆင်ခြင်ပြီး အနာဂတ် ဒီမိုကရေစီ အပြောင်း အလဲမှာ တပ်မတော် အနေနဲ့ အသိ ရှိရှိ ပါဝင် ပြောင်းလဲနိုင်ကြဖို့ နိုးနိုးကြားကြား ရှိကြဖို့သာ လိုပါတော့တယ်။

မောင်လူလေး

0 comments:

အပေါ်သို့