..............................

Monday, July 2, 2012

နိုင်ငံ့စီးပွားရေးမှာ ခြုံငုံသုံးသပ် ပြောရမည်ဆိုပါက မကောင်းဘူး ဆိုသည့် သဘော ရှိကြောင်းနှင့် စီးပွားရေး မကောင်းသဖြင့် အထိခိုက်ဆုံးမှာ အခြေခံ လူတန်းစားများ ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ပြောကြား

Sunday, 01 July 2012

လက်ရှိ နိုင်ငံ့စီးပွားရေး အခြေအနေမှာ ခြုံငုံသုံးသပ် ပြောရမည် ဆိုပါက မကောင်းဘူး ဆိုသည့် သဘော ရှိကြောင်းနှင့် စီးပွားရေး မကောင်း သဖြင့် အထိခိုက်ဆုံးမှာ အခြေခံလူတန်းစား ဖြစ်သည့် လယ်သမား၊ အလုပ် သမားများဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဇွန်လ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် အသင်း အဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ နှင့် တွေ့ဆုံ ဆွေးနွေးသည့် ပွဲတွင် ပြောကြားခဲ့သည်။

ယင်းနေ့တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် စီးပွားရေး လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ တာဝန် ရှိသူများက လက်ရှိကြုံတွေ့ နေရသည့် စီးပွားရေးအခြေအနေ အရပ်ရပ်နှင့် တွေ့ကြုံရသည့် အခက်အခဲ များကို တင်ပြခဲ့ကြပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များ အပေါ် ပြန်လည်ဆွေးနွေးရာတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ပြောသွားတာတွေကို ပြန်ချုပ်လိုက်တဲ့အခါ ကျွန်တော်တို့နိုင်ငံ ရဲ့စီးပွားရေးဟာ ချုပ်ပြောရမယ် ဆိုရင် မကောင်းဘူး ဆိုတဲ့ သဘော ရှိတယ်။ စီးပွားရေး မကောင်းတာ ဘယ်မှာ အထိခိုက်ဆုံးဖြစ်လဲ ဆိုတော့ တကယ့် အခြေခံ လူတန်းစားတွေမှာ ဖြစ်နေတယ်။ တောင်သူ လယ်သမားပြီးတဲ့ အခါမှာ အထည်ချုပ်မှာဆိုရင် အလုပ် သမားတွေဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေ စီးပွားရေး မကောင်းဘူးဆိုတာ က စီးပွားရေး အတွက် အကျိုးဖြစ်ထွန်းမှု မရှိဘူး အရှုံးပေါ်နေတယ်ဆိုတဲ့ အဓိပ္ပာယ် ရှိသော်လည်း ခုနက လယ်သမားနဲ့ အလုပ်သမားများ မွေးမြူရေး သမားများ ပြောမယ်ဆိုရင် အခြေခံ Basic Production သို့မဟုတ် Producer နဲ့ဆက်စပ်တဲ့ အလုပ်သမား တွေမှာအများကြီးထိခိုက်တယ်။ အဲဒီ ထိခိုက်တာက အတိုင်းအတာတစ်ခု ထိတော့တောင့်ခံနိုင်ပြီးတော့ အတိုင်းအတာတစ်ခုကို ကျော်လွန်သွားလို့ရှိရင် တောင့်မခံနိုင်တဲ့အခါမှာ ကျွန်တော်တို့ မလိုချင်တဲ့ မဖြစ်ချင်တဲ့ကိစ္စတွေကို မဖြစ်စေချင်တဲ့အတွက် ဒီလို ဆွေးနွေးနေတယ်လို့ပဲ သဘောပေါက်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

“ဒီနေ့ဆွေးနွေးတာ အားလုံးခြုံပြောရင် Sanction အကြောင်း ပြောသွားတာ ရှိတယ်။ နောက်တစ်ခုက Transactional Cost တွေ မြင့်နေတယ်။ နောက်တစ်ခုက တော်တော်များများ ပြောသွားတယ် ငွေလဲနှုန်း၊ ကျွန်တော်တို့က မြန်မာတွေ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံသားတွေ အတွက် အရေးကြီးတာက မြန်မာကျပ်ငွေပဲ။ အဲဒီအတိုင်းပဲ မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံရဲ့ ထုတ်ကုန်များကို ပြန်ကြည့်ရင် အခြေခံကတော့ လယ်ယာထွက် သီးနှံကုန်ပစ္စည်းများ ဖြစ်တယ်။ နောက်သားငါးပေါ့။ အဲဒီလို လယ်ယာ သားငါးပစ္စည်းတွေ ဟာ တင်ပို့တဲ့အခါမှာ ဈေးကောင်း ဒါမှမဟုတ်မှန်ကန်တဲ့ ဈေးရဖို့လိုပါတယ်။ အဲဒီနေရာမှာ ဒီကနေ့ လယ်ယာလုပ်သား၊ မွေးမြူသူတွေအနေနဲ့ သူတို့လိုချင်မှာကတော့ မြန်မာကျပ် ငွေပါပဲ၊ မြန်မာကျပ်ငွေ များများရဖို့ ဆိုရင် မြန်မာကျပ်ငွေရဲ့ လဲလှယ်နှုန်း တစ်ဒေါ်လာသို့မဟုတ် နိုင်ငံခြားငွေ တစ်ယူနစ် မြန်မာကျပ်ငွေ ဘယ်လောက်လဲ ဆိုတဲ့အပေါ် မူတည်နေပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိကာလမှာ နိုင်ငံတစ်ဝန်းလုံးရှိ စီးပွားရေး လုပ်ငန်းများ အားလုံး အခက်အခဲ များဖြင့် ရင်ဆိုင်ကြုံတွေ့ နေရသည့် အချိန်ကာလဖြစ်ကြောင်း၊ နိုင်ငံ သဘာဝ သယံဇာတကို အခြေခံ ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ရောင်းဝယ်ရေး လုပ်ငန်းများမှာ အနည်းငယ် သက်သာခွင့် ရှိသော်လည်း နိုင်ငံသား အများစုမှာ ကိုယ်တိုင်ဖန်တီး ထုတ်လုပ်ပေးနေသည့် လုပ်ငန်းများမှာ အခက်အခဲဆုံး အနေများဖြင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်းနှင့် အထူးသဖြင့် ကျေးလက်ဒေသ အခြေခံသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှာ အခက်အခဲဆုံးနှင့် အဆိုးဝါးဆုံး အခြေအနေများဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ကော်မရှင် နှင့် ကော်မတီများသို့ တင်ပြခဲ့သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်ကလည်း လယ်သမား များ၏ စီးပွားရေး အခြေအနေမှာ ဆိုးရွားနေကြောင်း၊ ရာသီဥတုနှင့် ဈေးကွက် အခြေအနေကြောင့် လယ်သမား များ အခြေအနေ မကောင်းရခြင်းဖြစ်ကြောင်း၊ ထိုသို့ စီးပွားရေးမကောင်း ခြင်းကြောင့် ဆန်စပါး အထူးပြုကုမ္ပဏီ များမှ ထုတ်ချေးငွေများကိုအပြေ အလည်မဆပ်နိုင်ကြောင်း၊ ဆန်စပါး အထူးပြုကုမ္ပဏီ အတော်များများမှာ လုပ်ငန်းရပ်ရမည့် အခြေအနေရှိကြောင်း လယ်ယာကဏ္ဍ အခြေအနေမှာ ဆိုးရွားသည့် အခြေအနေရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန် ရှိသူ တစ်ဦးကလည်း ယခု အချိန်သည် Primary Producer များအတွက် အခက်အခဲဖြစ်နေကြောင်း၊ လယ်ယာသားငါး ကဏ္ဍများသည် ရပ်တည်ဖို့ မလွယ်ကူကြောင်း ၂၀၀၉၊ ၂၀၁၀ ခု နှစ်များမှစ၍ စီးပွားရေးမှ တုံ့ဆိုင်း လာကြောင်း Transaction Cost များ လျော့အောင် လျှော့ချနေသော်လည်း ထပ်မံလျှော့ရမည့် ဧရိယာများ ရှိနေသေးကြောင်း ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “အချုပ်ပြောရရင်တော့ ဒီနေ့ဆွေးနွေး တင်ပြချက်တွေ အကုန်လုံးကိုရရမယ်လို့ ကျွန်တော် ကတိမပေးနိုင်ပါဘူး။ ကျွန်တော် ကတိပေးနိုင်တာက ကျွန်တော်တို့ နိုင်ငံသားများ၊ တိုင်းရင်းသား လုပ်ငန်းရှင်များအတွက် အကာအကွယ်ပေးမယ့် ဥပဒေပေါ်ထွက် လာရေးကို တော့ ကတိပေးနိုင်ပါတယ်။ ကျွန်တော်တို့ ယခင် အစိုးရ လက်ထက် က ပါတီစုံ ဒီမိုကရေစီနဲ့ ဈေးကွက် စီးပွားရေးစနစ် တည်ဆောက်ဖို့ ပြည်သူများရဲ့ဆန္ဒကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အတိအကျပြောမယ် ဆိုရင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ကျွန်တော်ပြောတဲ့ ပြဋ္ဌာန်းချက် ပါပါတယ်။ အဲဒါက ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ ဈေးကွက်စီးပွားရေး စနစ်ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေ စီစနစ်၊ ဈေးကွက် စီးပွားရေးစနစ် ထူထောင်တဲ့နေရာမှာလည်း ကျွန်တော်တို့ အားလုံး ပါဝင်ပြီးတော့ ထူထောင် ဖို့လိုပါတယ်။

အစိုးရ၊ လွှတ်တော်နဲ့ တင်မရဘဲ ပြည်သူများ၊ ပြောမယ်ဆို လို့ရှိရင် မီဒီယာများပါ ပါဝင်ဆောင် ရွက်ဖို့ လိုပါတယ်။ တိုင်းရင်းသားများရဲ့ အလုပ်အကိုင် အခွင့်အလမ်း များပေးဖို့၊ ပြီးတဲ့အခါ တိုင်းရင်းသား လုပ်ငန်းရှင်များ၊ နိုင်ငံသားများကို အကာအကွယ်ပေးဖို့ ဥပဒေပြီးတဲ့အခါ တိုင်းရင်းသားများ လုပ်ငန်း ရှင်များနဲ့ နိုင်ငံသားများကို လုပ်နိုင်ဖို့အတွက် အကူအညီအထောက်အပံ့တွေ ပေးမယ်ဆိုတဲ့ မူဝါဒက ရှိနေဆဲပဲဖြစ်ပါ တယ်။ အဲလိုရှိနေတယ်ဆိုရင် ဒီလို စာရွက်ပေါ်မှာပဲ မထားဘဲ လက်တွေ့ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ခုနက ကျွန်တော် ကတိပေးခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီမှာ ဒီမူဝါဒရှိတယ်။ ဒီမူဝါဒနဲ့အညီ ကျွန်တော်တို့ နိုင်ငံသားများရဲ့ ရပိုင်ခွင့် လုပ်ပိုင်ခွင့်များကို အဓိကထား ကာကွယ်နိုင်တဲ့ ဥပဒေ မျိုးကျွန်တော် တို့ဖော်ဆောင်ပေးမယ်။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့လည်း နိုင်ငံသားများရဲ့အကျိုး စီးပွားကို ဖြစ်ထွန်းစေသော ဥပဒေ များ၊ နိုင်ငံသား များရဲ့အကျိုးစီးပွား ကို ကာကွယ်စောင့်ရှောက်သော ဥပဒေများ ဖြစ်ထွန်းရေးက ကျွန်တော်တို့အတွက် အဓိကတာဝန် ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

Ref: EMG News

0 comments:

အပေါ်သို့