..............................

Thursday, May 24, 2012

မန္တလေးတွင် ပုံမှန်ထက် လုံခြုံရေးတိုးမြှင့်ချထား

နေမျိုး
ဗုဒ္ဓဟူးနေ့၊ မေလ ၂၃ ရက် ၂၀၁၂

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှ စတင်ကာ မန္တလေးမြို့တွင် ယူနီဖောင်းအပြည့် လုံထိန်းနှင့် ရဲ အထူး တပ်ဖွဲ့ဝင်များ တိုးမြှင့် ချထားကြောင်း သိရသည်။

မေလ ၂ဝ ရက်နေ့မှ စတင်ကာ သုံးညဆက်တိုက် လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်မီးထွန်း ဆန္ဒပြပွဲများ မန္တလေးမြို့တွင် ဖြစ်ပွား ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ သာမန်ထက် ထူးခြားစွာ လုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုးမြှင့် ချထားခြင်း ဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံ ဦးမျိုးနိုင်က ပြောသည်။

“စစ်တပ်ယူနီဖောင်း မတွေ့ဘူး။ ရဲယူနီဖောင်းတွေပဲ၊ အပေါ်ကတော့ ကွန်မန်ဒိုကုတ် ဝတ်ထားတာ တွေ့တယ်။ ဆီဒိုးနား ဝန်းကျင်မှာ အရပ်ဝတ်နဲ့ သူတို့ အိတ်ထောင်တွေမှာ သတ်မှတ်ထားတဲ့ သင်္ကေတလေးတွေ တွေ့တယ်” ဟု မဇ္ဈိမကို ပြောသည်။

မည်သည့်အတွက်ကြောင့် လုံခြုံရေး တိုးချထားသည်ကို သက်ဆိုင်ရာမှ ပြောဆိုခြင်း မရှိသလို အချက်အချာ ကျသည့် နေရာများ အပြင် မန္တလေးတောင်ပေါ် အထိ ရဲတပ်ဖွဲ့ဝင်များ တိုးမြှင့် ချထားသည့် အတွက် ထူးခြားကြောင်း ဦးမျိုးနိုင် က ဆက်ပြောသည်။

“လျှပ်စစ်မီးကိစ္စနဲ့ပါတ်သက်ပြီး မန္တလေးတောင်တို့ ဘာတို့မှာ ချစရာ အကြောင်း မရှိဘူးလေ။ လူကြီး ခရီးစဉ်တို့ ဘာတို့မှာပဲ မန္တလေးတောင်မှာ လုံခြုံရေး ကြို ချတတ် တာဗျ။ နိုင်ငံခြားသားလည်း ဖြစ်နိုင်တယ်။ နိုင်ငံခြား ဧည့်သည်တို့ ဘာတို့ဆို ဆီဒိုးနားမှာ တည်းတယ်။ ၆၆ ကနေ ၇၈၊ ၂၆ ဘီလမ်းကြီး လမ်းဒေါင့်၊ ၆၆ ရှေ့ကနေပြီးတော့ ၁၂ လမ်းအထိ ကျုံးမြောက်ဖက်ခြမ်း အထိပေါ့။ ၇၊ ၈ ပေါ်မှာလည်း အဲလိုချထားတာ တွေ့ရတယ်။ မြို့အဝင် လမ်းမ ဒေါင့်တွေမှာပေါ့။ လမ်းဆုံလမ်းမတွေပေါ် ချထားတယ်”

ဆီဒိုးနားဟိုတယ်ဝန်းကျင်တွင် ယူနီဖောင်းဝတ်ရဲများ၊ အရပ်ဝတ်အာဏာပိုင်များပါ စောင့်ကြပ်မှုများ ရှိနေ၍ မြို့ခံများက အစိုးရအဖွဲ့ဝင် အကြီးအကဲ တဦးဦး သို့မဟုတ် နိုင်ငံရပ်ခြားမှ အရေးကြီး ပုဂ္ဂိုလ်တဦးဦး လာနိုင်သည်ဟု မြို့ခံ အမျိုးသားတဦးက မဇ္စျိမကို ပြောသည်။

လူအသွားအလာ၊ မော်တော်ယာဉ်အသွားအလာများ ပုံမှန်အတိုင်းရှိနေသည်။ လုံခြုံရေး တိုးမြှင့် ချထားသည့် အတွက် ပြီးခဲ့သည့် ရက်များက ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည့် ကျောင်းသား လူငယ်များနှင့် ပြည်သူများ အပေါ် ဆန္ဒပြမှုများ ထပ်မံဖြစ်ပေါ်ရန် နှိုးဆွသလို ဖြစ်နေကြောင်း ဦးမျိုးနိုင်က သုံးသပ်သည်။

“မန္တလေးရဲ့ ရာသီဥတု အနေအထားက အခုတော်တော်ပူတယ်။ မနေ့ကတော့ ပေးချိန်မှန်တယ်။ လူတွေ လိုချင်တဲ့ အရာကို ဖြည့်ဆည်းပေးလိုက်တယ် ဆိုရင်တော့ ဆန္ဒပြတာ လုပ်ချင်မှ လုပ်မယ်ပေါ့။ အဓိက ပုံမှန် မီးမလာတဲ့ ပြဿနာရယ်၊ ဆန္ဒပြတဲ့ အရှိန်က ရှိထားတော့ လူငယ်တွေကတော့ ဟိုနားချရင် ဒီဘက်လုပ်မယ်။ ဒီနားချရင် ဟိုဘက် လုပ်မယ်ဆိုတဲ စိတ်မျိုး ဖြစ်ပေါ်စေတယ်” ဟု ပြောသည်။

ဆန္ဒပြပြီးနောက် လျှပ်စစ်မီးများမှာမူ ပုံမှန် သတ်မှတ်ခွဲတမ်းအတိုင်း ပြန်လည် ရရှိနေသည် ဟုလည်း ဦးမျိုးနိုင်က ဆိုသည်။

မုံရွာမြို့တွင်လည်း မေလ ၂၁၊ ၂၂ ရက်နေ့များက လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့တာကြောင့် ၂၃ ရက်နေ့တွင် မုံရွာမြို့၏ ဗိုလ်ချုပ်ကြေးရုပ်၊ နာရီစင်နှင့် ဘုရားကြီး စသည့် အထင်ကရနေရာတို့တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားကြောင်း မုံရွာမြို့ခံတဦး၏ ပြောပြချက်အရ သိရှိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့