..............................

Friday, March 16, 2012

မီဒီယာကို မကန့်သတ်သင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

March 15, 2012

အစိုးရ ၀န်ကြီးဌာနများက သတင်း မီဒီယာများ အပေါ် ဥပဒေကြောင်းအရ အရေးယူမည့် လုပ်ရပ်များသည် မီဒီယာ လွတ်လပ်ခွင့်ကို ကန့်သတ်ခြင်း ဖြစ်ပြီး နိုင်ငံတိုးတက်ရေးကိုကန့်သတ် လိုက်ခြင်းပင် ဖြစ်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ်နှင့် ယမန်နေ့က တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံပြီးနောက် ကျင်းပသော သတင်းစာရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆို လိုက်ခြင်းဖြစ်သည်။

မော်ဒန်ဂျာနယ်က မန္တလေးတိုင်း သပိတ်ကျင်းလမ်း မကောင်းကြောင်း သတင်းရေးသားခဲ့ရာ ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ အင်ဂျင်နီယာက အသရေ ဖျက်မှုဖြင့် တရားစွဲဆိုထားခြင်း၊ သတ္တုတွင်း ၀န်ကြီးဌာန အပါအ၀င် အစိုးရ ၀န်ကြီးဌာန ခြောက်ခု အလွဲသုံးစား မှုနှင့် စာရင်း ကွာဟမှုများကို သတင်း ရေးသားသည့် The Voice Weekly ဂျာနယ်ကို သတ္ထုတွင်း ၀န်ကြီးဌာနက တရားစွဲမည်ဟု ကြေညာခြင်းများသည် မီဒီယာများကို ပါးစပ်ပိတ်အောင် ပြုလုပ်ခြင်းဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ မီဒီယာလွတ်လပ်ခွင့် လိုတယ်ဆိုတာလည်း ပြောပြီးပြီလေ။ မီဒီယာ လွတ်လပ်ခွင့်ရှိမှ ဥပဒေ စိုးမိုးရေးကို ဖေးမပေးမှာပေါ့။ နောက်ပြီး လမ်းတွေ မကောင်းတာက ဓာတ်ပုံ ရိုက်ပြီးတော့ တရားစွဲလို့ ရှိရင်လည်း တရားရုံးမှာ ရင်ဆိုင်လိုက်။ ဒီလမ်းတွေကို မကောင်းလို့ မကောင်းတာပြောတာ ဒါဘာ တရားစွဲစရာ လိုသလဲ။ ကောင်းတဲ့ လမ်းကြီးကို နေပြည်တော်လမ်းကို ပြောနေတာမှ မဟုတ်ဘဲ။ သားတို့ပြောနေတဲ့ လမ်းက မကောင်းတဲ့လမ်းပဲ။ အဲဒီတော့ တရားစွဲတယ် ဆိုတာ မဟုတ်မမှန် စွပ်စွဲရင်တော့ တရားစွဲနိုင်တယ်။ အမှန်ကို အမှန်အတိုင်း ပြောတာကို ပါးစပ်ပိတ်တယ် ဆိုတာက၊ မီဒီယာ လွတ်လပ်ခွင့်ကို ကန့်သတ်တယ် ဆိုတာက ဒီနိုင်ငံရဲ့ တိုးတက်ရေးကို ကန့်သတ်တာနဲ့ အတူတူပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

The Voice Weekly ဂျာနယ်ကို သတ္ထုတွင်း ဝန်ကြီးဌာနက ဥပဒေကြောင်းအရ အရေးယူမည်ဟု အစိုးရ သတင်းများမှ ယမန်နေ့က ကြေညာခြင်း အပေါ် ပြည်တွင်းမီဒီယာများ၊ ဝါရင့် စာနယ်ဇင်းဆရာများက အွန်လိုင်း၊ လူမှုကွန်ရက်များမှ တဆင့် အဆိုပါ ဝန်ကြီးဌာနနှင့် ကြေညာချက် ထည့်သွင်းခဲ့သည့် အစိုးရ သတင်းစာများ အပေါ် ချက်ချင်းပင် ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

သမ္မတဦးသိန်းစိန်ကိုယ်တိုင် ဒီမိုကရေစီကျင့်စဉ်များ လက်ခံကျင့်သုံးနေချိန်၌ အစိုးရဝန်ကြီးများကလည်း သမ္မတ ကဲ့သို့ ဒီမိုကရေစီ ကျင့်စဉ်များကို နားလည်ရန် လိုအပ်သည်ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောဆိုခဲ့ပြီး The Messenger သတင်းဂျာနယ်ကလည်း သတ္ထုတွင်း ဝန်ကြီးဌာန၏ ကြေညာချက်ကို ကန့်ကွက်ကြောင်း၊ The Voice Weekly ဂျာနယ်ဘက်မှ ရပ်တည်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယခုနောက်ပိုင်းတွင် ပြည်တွင်း သတင်းဂျာနယ်အများစုသည် စာပေစိစစ်ရေးက ဖြုတ်ပယ်ခိုင်းသော သတင်းများကို ဖြုတ်ပယ်ခြင်း မပြုတော့ဘဲ ထည့်သွင်း လာလျက်ရှိရာ စာပေ စိစစ်ရေးဌာနက သတိပေးမှုများ၊ လက်မှတ် ထိုးခိုင်းစေမှုများ ပြုလုပ်လာကြောင်း ပြည်တွင်း သတင်းသမားများက ဆိုသည်။

“စာပေစိစစ်ရေးက ခုနောက်ပိုင်း ပြန်ကြမ်းလာတယ်။ အရင်က လွှတ်ပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ် သတင်းတွေတောင် ဖြုတ်တယ်။ ဧရာဝတီ မြစ်ဆုံသတင်း ဖြုတ်တယ်။ ကြားဖြတ် ရွေးကောက်ပွဲ မဲစာရင်းမှားတဲ့ သတင်းတွေ ဖြုတ်တယ်။ အဲဒီတော့ ဂျာနယ်တွေကလည်း ကိုယ့်သဘော ကိုယ်ဆောင်ပြီး သတင်းတွေ ထည့်ကြတယ်။ စာပေ စိစစ်ရေးက ခေါ်ပြီး သတိပေးတယ်၊ လက်မှတ် ထိုးခိုင်းတယ်။ ပိတ်တဲ့ အထိတော့ စာပေစိစစ်ရေးက မလုပ်ရဲဘူး ထင်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရတော့ သတင်း လွတ်လပ်ခွင့်က မပေးလို့ မရတော့တဲ့ အဆင့်ထိဖြစ်လာပြီ။ စာပေစိစစ်ရေး ဖျက်မယ်ဆိုပြီး ဦးတင့်ဆွေ ကိုယ်တိုင် ပြောခဲ့တယ်” ဟု တာဝန်ခံ အယ်ဒီတာတဦးက ပြောသည်။

မြန်မာသတင်းသမဂ္ဂ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာစာရေးဆရာအသင်းဟူသော လွတ်လပ်သော စာနယ်ဇင်း ဆိုင်ရာ အသင်း အဖွဲ့များ ဖွဲ့စည်းရန် ပြင်ဆင်နေပြီ ဖြစ်သောကြောင့် စာနယ်ဇင်းလောက အပြောင်းအလဲကြီး တခုကို ဦးတည်နေပြီဟု ပြည်တွင်း စာနယ်ဇင်း သမားများက ဆိုသည်။

“ပေါ်လာတဲ့ အသင်းအဖွဲ့တွေက စာပေစိစစ်ရေးဌာနဖျက်ဖို့ ပိုတွန်းအားဖြစ်စေမယ်လို့ သုံးသပ်တဲ့ သူတွေကလည်း သုံးသပ် ကြတယ်။ ဧပြီလ ၁ ရက် ရွေးကောက်ပွဲနဲ့အတူ မြန်မာ့ သတင်းလောကလည်း ပြောင်းလဲဖို့ တာစူနေတယ်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုယ်တိုင်ကလည်း သတင်း လွတ်လပ်ခွင့်ကို ပြောလာပြီဆိုတော့ သိပ်မကြာခင် ရက်ပိုင်းမှာ အပြောင်းအလဲကြီး တခု သေချာပေါက် ဖြစ်မယ်လို့ ထင်တယ်” ဟု ၀ါရင့် သတင်းသမားတဦးက ပြောသည်။

မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ကို လာမည့် မတ်လ ၂၄ ရက်နေ့တွင် ဖျက်သိမ်းတော့မည်ဟု စာပေနှင့် စာနယ်ဇင်း အဖွဲ့ အတွင်းရေးမှူး ဦးကိုကိုက ပြောဆိုထားပြီးဖြစ်သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့