..............................

Friday, January 6, 2012

သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာ မပြည့်စုံဟု ဝေဖန်ကြ

မျိုးသန့်၊ ကျော်ခ
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၄ ရက် ၂၀၁၂

ချင်းမိုင် (မဇ္ဈိမ) ။ ။ သမ္မတ ဦးသိန်းစိန်၏ ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် လွတ်လပ်ရေး ရရှိခြင်း၏ အကြောင်းရင်း တရပ်ဖြစ်သော ပင်လုံစာချုပ်နှင့် ပတ်သက်၍ ထည့်သွင်း ဖေါ်ပြမထားသည်ကို တိုင်းရင်းသား ခေါင်းဆောင်များက ဝေဖန် လိုက်ကြသည်။

သဝဏ်လွှာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားများ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ လွတ်လပ်ရေး ကြိုးပမ်းမှု ကိုသာ ဖေါ်ပြထားပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ခြင်း၏ သင်္ကေတ ဖြစ်သည့် ပင်လုံ စာချုပ်အကြောင်း ထည့်သွင်း မဖေါ်ပြသည်ကို ဝေဖန်ကြခြင်း ဖြစ်သည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် ဒုတိယအများဆုံး အနိုင်ရရှိခဲ့သည့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ပြောခွင့် ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က "မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ တကယ့်ကို ဘူမိနတ်သံ ပါပဲ။ ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ခြင်း မရှိဘဲနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် ဘယ်လိုမှ လွတ်လပ်ရေး အရယူလို့ မရဘူး။ တိုင်းရင်းသား အားလုံး စုဆုံပြီးတော့မှ တောင်တန်း/ပြည်မ အတူပူးတွဲပြီး လွတ်လပ်ရေး ယူဖို့အတွက် လက်မှတ်ရေးထိုး ကြိုးစား ခဲ့ကြတာဟာ ပင်လုံပါ။ အဲဒီပင်လုံ စာချုပ်ကို ဖုံးကွယ် ထားပြီးတော့မှ ကွယ်ဝှက်ထားပြီးတော့မှ လွတ်လပ်ရေး အကြောင်း ပြောမယ်ဆိုရင် မပြည့်စုံနိုင်သလို အဓိပ္ပါယ်လည်း မရှိပါဘူး" ဟု မဇ္ဈိမကို ပြောသည်။

တောင်ပေါ်နှင့် မြေပြန်တို့ ညီညွတ်မှုကို ပြသခဲ့သည့် ပင်လုံစာချုပ်အကြောင်း ထည့်သွင်း မဖေါ်ပြခြင်းသည် စည်းလုံး ညီညွှတ်ခြင်း ဟူသည့် ပင်လုံ စိတ်ဓာတ်ကို ပျောက်ကွယ် သွားစေသည်ဟု ဇိုမီး အမျိုးသားကွန်ဂရက် ZNC ဥက္ကဋ္ဌ ဦးပူးကျင့်ရှင်းထန်က ဆိုသည်။

"သူတို့က အရေးကြီးတဲ့ ပင်လုံကိစ္စတော့ ထည့်မပြောသွားဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကျတော့ ပြောတယ်။ မျက်ကွယ် ပြုတယ်ဗျာ။ အမှန်မှာ ဒီဥစ္စာက အရေးကြီးဆုံး ဖြစ်တယ်။ ပင်လုံစိတ်ဓာတ်နဲ့ ပင်လုံကိစ္စကို ချန်ခဲ့ပြီးတော့မှ ပြည်ထောင်စု ဆိုပြီးတော့ ပြောတယ်။ အဓိက အရင်းခေါက်ခေါက်ကို မထိမိဘူး။ ဒါဟာ ပင်လုံကို တိမ်မြုပ်သွားစေတယ်လို့ ထင်တယ်ဗျာ" ဟု မဇ္ဈိမကို ပြောသည်။

ပင်လုံစာချုပ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်များ လွတ်လပ်ရေးအား တောင်းတန်း/ ပြည်မ မခွဲခြားဘဲ အတူရယူရန် ၁၉၄၇ ခုနှစ်တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

စာချုပ်ပါ အချက်များတွင် "တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံများ အခွင့် အရေးများနှင့် ရပိုင်ခွင့်များကို ရရှိ ခံစားစေရမည်" ဟုလည်း ဖေါ်ပြပါရှိသည်။ သို့သော် လွတ်လပ်ရေး ရရှိပြီးသည်မှာ ၆၄ နှစ် ကြာမြင့်ပြီ ဖြစ်သော်လည်း ယနေ့တိုင် အဆိုပါ အခွင့်အရေးများ မရရှိသေးဘဲ စာချုပ်ပါ အချက် အလက်များနှင့် ကွဲလွဲနေသည်ဟု ဦးစိုင်းလိတ်က ပြောသည်.

"ကျနော်တို့ အခြေခံလူ့အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ရေးသားပြောဆိုပိုင်ခွင့်တို့၊ စည်းရုံးဟောပြော ပိုင်ခွင့် တို့ဆိုတာဟာ လွတ်လပ်ရေး ရကတည်းက ဒီနေ့ထိ မရသေးပါဘူး။ ဘယ်တိုင်းရင်းသားဒေသတွေမှမှ ရရှိခဲ့တယ်လို့ မကြားမိပါဘူး။ ဒါကြောင့် လက်မှတ်သာ ထိုးခဲ့တယ် လူ့အခြေခံ အခွင့်အရေးပဲဖြစ်ဖြစ်၊ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ပဲဖြစ်ဖြစ် တိတိပပ ရရှိခဲ့တာမရှိပါဘူး။ စာချုပ်နဲ့ ကိုက်ညီတာ မရှိသေးပါဘူး" ဟု မဇ္ဈိမကို ပြောသည်။

ပင်လုံစာချုပ်တွင် "တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိကြောင်း မှုအားဖြင့် လက်ခံသည်" ဟုလည်း ပါရှိပြီး လက်ရှိအခြေအနေသည် ပင်လုံစာချုပ်ပါ အချက်အလက် များနှင့် ကွဲလွဲနေကြောင်း KIO ကချင် လွတ်မြောက်ရေး တပ်မတော်မှ အမြဲတမ်းဗဟိုကော်မတီဝင် လမာဂွမ်ဖန်း က ပြောသည်။

"ကနေ့ဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ ပင်လုံစာချုပ်က အများကြီး ကွာခြားနေတာပဲ။ အဲဒါကြောင့် ကျနော်တို့ KIO အနေနဲ့က ပင်လုံ စာချုပ်အတိုင်း ဒီတိုင်းပြည်ကြီးကို စစ်မှန်တဲ့ ပြည်ထောင်စု ဖေါ်ဆောင်နိုင်အောင် ကျနော်တို့ ဝိုင်းပြီးတော့ တည်ဆောက်ဖို့ KIO က သဘောထားရှိပါတယ်" ဟု မဇ္ဈိမကို ပြောသည်။

သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ကို ပြည့်သူ့ ရင်ခွင်သို့ ပို့ဆောင် ပေးခဲ့သည်ဟု ဆိုသော်လည်း ကချင်ပြည်နယ်အတွင်း KIO နှင့် အစိုးရတပ်အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကို ဥပမာပြုကာ တိုင်းရင်းသား ပြဿနာ မဖြေရှင်းရသေးဘဲ လွတ်လပ်ရေး၏ အသီးအပွင့်ကို မခံစားရသေးဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။

"လွတ်လပ်ရေးရပြီးတည်းက နှစ်ပေါင်း ၆ဝ ကျော်ကြာလာပြီ တိုင်းရင်းသားပြဿနာတွေကို မဖြေရှင်းရ သေးဘူး။ တိုတို ပြောရရင် ကျနော်တို့ တိုင်းရင်းသား ပြည်သူတွေဟာ လွတ်လပ်ရေးရဲ့ အသီးအပွင့်ကို မခံစားရသေးဘူး။ အဲဒီပြဿနာတွေကို တက်လာတဲ့ အစိုးရသစ်က ဘယ်လို ဖြေရှင်းမယ်ဆိုတာ သဝဏ်လွှာထဲမှာ မတွေ့ရဘူး" ဟု မဇ္ဈိမကို ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့