..............................

Monday, February 22, 2010

တပ်မတော်သားအဖြစ် ဂုဏ်မယူလိုတော့သူ...

Saturday, 20 February 2010

ကရင်ပြည်နယ် ကော့ကရိတ်မြို့အခြေစိုက် အမှတ် ၃၁၂ အမြောက်တပ်ရင်းမှ တပ်စုမှူး ဗိုလ်ရဲထက် ဟာ မေမြို့ စစ်တက္ကသိုလ် မဟာသိပ္ပံ ပထမနှစ်တက်နေရင်း မြန်မာစစ်အစိုးရဲ့ လုပ်ရပ်တွေကို မခံစားလာနိုင်တဲ့ အတွက် ထိုင်းမြန်မာ နယ်စပ်တနေရာကို ဇန်န၀ါရီလလယ် လောက်မှာ ထွက်ပြေးလာပါတယ်။ ယနေ့ မြန်မာစစ်တပ် ထဲမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး ဧရာဝတီမဂ္ဂဇင်းက တွေ့ဆုံ မေးမြန်း ဖော်ပြ လိုက်ပါတယ်။

မေး။ ။ ဗိုလ်ရဲထက် အနေနဲ့ ဘာကြောင့် မြန်မာ့ တပ်မတော်ကနေ ထွက်ပြေးလာရတာလဲ။

ဖြေ။ ။ လက်ရှိနိုင်ငံတော်မှာ ဖြစ်နေတဲ့အနေအထား စီးပွားရေးအရ ပြည်သူလူထုတွေ အရမ်းကြပ်တည်း နေတယ်။ နောက်ပြီး လူမှုရေး၊ နိုင်ငံရေးအရလည်း နိုင်ငံမှာ အများကြီး ချွတ်ယွင်းနေတယ်။ ဒီလို ကဏ္ဍပေါင်းစုံ ချွတ်ခြုံ ကျနေတဲ့ အနေအထားမှာ စစ်အစိုးရက ကာကွယ်ရေး၊ လက်နက်ပစ္စည်း အတွက်ပဲ ဦးစားပေးပြီး လုပ်နေတဲ့ အနေအထားမျိုးတွေ ဖြစ်နေတယ်။ ဒီအပေါ်မှာ တပ်မတော်သား တယောက် အနေနဲ့ကတော့ သုံးမယ့် လက်နက် ပစ္စည်း ခေတ်မီလာတယ်၊ ကမ္ဘာနဲ့ ရင်ပေါင် တန်းလာနိုင်လာတဲ့ အပေါ်မှာ၊ ကာကွယ်ရေး ကဏ္ဍတွေ တိုးတက်လာတဲ့ အပေါ်မှာ ဂုဏ်ယူ သဘောကျတယ်။ ဒါပေမယ့်စစ်ကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ တခုတည်း တိုးတက်လာရုံနဲ့ တိုင်းပြည် တိုးတက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကဏ္ဍပေါင်းစုံ တိုးတက်ရမယ် ပြည်သူလူထုရဲ့ လူနေမှု အဆင့်အတန်း၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး တိုးတက်မှသာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ တနိုင်ငံအဖြစ် ရပ်တည်နိုင်မှာ ဖြစ်တယ်။ ဒါကြောင့် မိမိ အဖွဲ့အစည်း တိုးတက်မှု တခုတည်းအတွက် မကြည့်ဘဲနဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ အားလုံးကို ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ အဲ့ဒီ အပေါ်မှာ အမြင်မတူတဲ့ အနေ အထားနဲ့ အဓိက ထွက်လာရတယ်။

နောက်ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ တပ်မတော်ဟာဒီနိုင်ငံ၊ ဒီလူမျိုးတွေရဲ့ ကိုးကွယ်ရာ၊ အားထားရာ ဖြစ်တယ်။ ဒီလိုမှ မဟုတ်ဘဲနိုင်ငံသူ နိုင်ငံသားတွေရဲ့ရွံစရာ၊ မုန်းတီးစရာတွေ ဖြစ်လာတယ်ဆိုရင် တပ်မတော် ဖွဲ့စည်းထားတာဟာ အလကားပဲလို့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးခင် မှာခဲ့တဲ့ စကားလည်း ရှိတယ်။ ဒီဘက်ခေတ်နောက်ပိုင်း တပ်မတော်ရဲ့ ကဏ္ဍတွေမှာ စစ်သားဆိုတာ အမိန့်အရ လုပ်ဆောင် ရတာတွေ ရှိတယ်။ ဒီအပေါ်မှာ စစ်အစိုးရရဲ့မူဝါဒကို လိုက်လံ အကောင်အထည်ဖော်ပြီး အမိန့်ကို နာခံရတဲ့ စစ်သားနဲ့၊ အောက်ခြေစစ်သည်တွေနဲ့ ပြည်သူ့အကြား ဖြစ်လာတဲ့ အနေအထားမှာ ပြည်သူက အစိုးရရဲ့ လုပ်ရပ်လို့မမြင် ဘဲ တပ်မတော်ရဲ့လုပ်ရပ်လို့ မြင်လာတယ်။ ပြည်သူနဲ့ တပ်မတော်ဟာ တသားတည်း မဖြစ်တော့ဘူး။ ပြည်သူက မွေးထုတ်ပေးလိုက်တဲ့ တပ်မတော်သားတွေဟာ ပြည်သူ့အတွက် မဟုတ်တော့ဘဲ စစ်အစိုးရ အတွက်ပဲလို့ ကျနော့်အနေနဲ့ မြင်တယ်။ ဒီတော့ပြည်သူရဲ့ အော့နှလုံးနာစရာ ဖြစ်နေတဲ့ တပ်မတော်မှာ ကိုယ့်ကိုယ်ကိုယ် တပ်မတော်သား တယောက်လို့ ဂုဏ်ယူပြီး မနေချင်တော့ဘူး။ ဒါကြောင့် ထွက်လာရတာပါ။

မေး။ ။ ဒီကနေ့ တပ်မတော်ထဲမှာ ဘာတွေဖြစ်နေကြလဲ။ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ရှင်းပြပေးပါ။ တပ်မတော်မှာ အရာရှိနဲ့ အခြားအဆင့် ရဲဘော် အကြပ်တွေနဲ့ ကွာဟတာတွေ ရှိတယ်ကြားရတယ်။ အဲဒါလည်း ပြောပြပေးပါ။

ဖြေ။ ။ ဥပမာ တရားစီရင်ရေးအာဏာမှာ တပ်ရင်းမှူးတယောက်မှာ တပ်နဲ့ပါတ်သတ်တဲ့ အာဏာသုံးရပ် ကိုင်စွဲ ပိုင်ခွင့်ရှိတယ်။ ဒီနောက်ပိုင်းမှာ မရှိတော့ဘူး။ တပ်ရင်းမှူးအဆင့်မှာ သူ့ရဲ့အာဏာနဲ့ တပ်ပိုင်းဆိုင်ရာကို အုပ်ချုပ် ပိုင်ခွင့် မရှိတော့ဘူး။ တပ်ရင်းမှူးအဆင့် တောင်ဒီလို ဖြစ်နေတယ်ဆိုရင် ကျန်တဲ့ ကျနော်တို့လို အရာရှိငယ် တွေမှာလည်း မရှိတော့ဘူး။ ဒါ့အပြင်တချို့ရာခိုင်းနူန်း တော်တော်များများ တပ်ရင်းမှူးတွေက သူတို့ရဲ့လက် အောက်မှာ သူတို့ အကျိုးစီးပွားကို ဖြစ်စေမယ့် စစ်သည် လူတရာမှာ ငါးယောက်လောက်ကို လက်သပ် မွေးတဲ့ ပုံစံမျိုးတွေ လုပ်တယ်။ သူတို့ရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ပြီး ကျန်တဲ့စစ်သည်၊ ရဲမေတွရဲ့ အကျိုးစီးပွားကို မကြည့်တော့ဘူး။ သူတို့ ကိုယ်ကျိုးအတွက်ပဲ ဒီစစ်သည်တွေနဲ့ အလုပ် လုပ်သွားတဲ့ အနေအထားတွေ ရှိတယ်။ ဒီလိုအချိန်မှာ ကျနော်တို့ အရာရှိငယ်တွေနဲ့ ကျန်တဲ့ စစ်သည်တွေဟာ ကြားထဲမှာ ဘာမှ သုံးလို့မရတဲ့ အနေ အထားတွေ ဖြစ်နေတယ်။ ဒီတော့ အထက်လူကြီးတွေက အောက်ခြေရဲ့အခက်အခဲကို နားလည် မပေးနိုင်တော့တဲ့ အနေအထားတွေ၊ အဲ့ဒီလိုအချိန်မှာ အောက်ခြေကလည်း မကျေနပ်ချက်တွေ ရှိတယ်။ ဒါပေမယ့် စစ်သား ဖြစ်နေတဲ့ အတွက် အမိန့်ကို နာခံရမယ်ဆိုတဲ့ ကဏ္ဍတခုတည်းနဲ့ အောင့်အည်း သီးခံပြီး နေရတဲ့ အနေအထား မျိုးတွေရှိတယ်။

မေး။ ။ ယနေ့ မြန်မာ့ တပ်မတော်မှာ တပ်ထဲဝင်ချင်တဲ့သူနဲ့ ထွက်ချင်တဲ့သူဆို ထွက်ချင်တဲ့ သူတွေက များတယ်လို့ ကြားသိ ရပါတယ်။ တပ်ထဲက ထွက်ချင်ရသူတွေ အကြောင်းလည်း ပြောပြပါဦး။

ဖြေ။ ။ ကျနော်တို့ ဒီ တပ်မတော်ကနေ အငြိမ်းစားယူချင်တယ်။ ထွက်ချင်တဲ့ အရာရှိ စစ်သည်တွေ အများကြီး ရှိတယ်။ အသက်ကြီးလို့ ထွက်ချင်တဲ့လူတွေ မဟုတ်ပါဘူး။ ကျနော်တို့ အရာရှိ ငယ်ထဲမှာပဲ တပ်က ထွက်ရရင် ပြီးရော ဆိုပြီးတော့ လုပ်နေကြတဲ့ ကဏ္ဍတွေ အများအပြား ရှိတယ်။ ဟိုတခါတည်းနဲ့ ထွက်လို့ မရရင်တောင် အရပ်ဘက်ကိုပဲ ဖြစ်ဖြစ်ပြောင်းမယ်။ အဓိက ဒီတပ်က ထွက်ရရင်ပြီးရော ဆိုတဲ့ ခံစားချက်တွေ များတယ်။ အခြား အဆင့်တွေ ထဲမှာဆို ပိုဆိုးပါတယ်။ ကျနော်နေခဲ့တဲ့ တပ်မှာဆိုရင် ဆေးဘုတ်ရသူက အနားယူသွားရရင် ဒီ တပ်ကနေ ထွက်ခွင့်ရပြီ။ ထွက်မိန့်လည်း ကျပြီ။ ဒါပေမယ့် တပ်မှာလိုလို့ ဆိုပြီးတော့ ခေါ်သုံးထားတယ်။ အဲ့ဒီလို အနေအထားမျိုးတွေ ရှိတယ် အဲဒီတော့ သူ့ကို ဒီလိုခေါ်သုံးတဲ့ အတွက်ကော လက်ရှိ လစာပေးလား ဆိုတော့ ဒါတွေကလည်း ပြောမယ်ဆို သူ့ကိုအထက်က အမိန့်ချထားတဲ့ အတွက် လစာမရတော့ဘူး။

ဒါပေမယ့် တပ်ရင်းမှူးကနေ ခေါ်သုံးထားတဲ့ အနေအထားမျိုးတွေ ရှိတယ်။ အဲဒီတော့ အားလုံးလိုလိုက ဒီတပ် ကနေ ထွက်ချင်နေကြတဲ့ အနေအထားမျိုးမှာ ထွက်ပြီးသွားတဲ့ လူတောင်မှ လိုအပ်ချက်အရ ဆိုပြီး ဆွဲသုံးခံနေ ရတယ်ဆိုတော့ ကျန်တဲ့ မထွက်ရသေးတဲ့ လူတွေကိုလည်း တော်တော်နဲ့တော့ အခုနောက်ပိုင်းမှာ ထွက်ခွင့် မပေးတော့ဘူး။ ဘာကြောင့်လဲ ဆိုရင်တော့ ကျနော့် ထင်မြင် ယူဆချက်အရ ဆိုရင် လက်ရှိ တပ်မတော်က တပ်အင်အားတွေ အများကြီး တိုးချဲ့ဖွဲ့စည်းလိုက်ပြီးတော့ နောက်ထပ် တပ်သားသစ် စုဆောင်းရရှိမှုမှာ နည်းတယ်။ အဲ့ဒီပြင် ဒီလို လွယ်လင့်တကူ ထွက်ခွင့် မရတဲ့ အခါကျတော့ ကျနော်တို့ အင်အား ပြုန်းတီးမှုပေါ့။ တပ်ပြေးတွေ ဖြစ်တယ်။ ထောင်တွေကျတယ် အဲ့ဒီလိုမျိုးတွေ ဖြစ်ပြီးတော့ အင်အားပြုန်းတီးမှုနဲ့ ဒီစစ်သည် စုဆောင်း ရရှိမှုက level ကျတယ်။ တခါတလေမှာ ပြုန်းတီးမှုက ပိုများတယ်။

အဲ့ဒီလို အနေအထားမျိုးတွေရှိ တော့ သူတို့ကရှိပြီးသား လူတွေကို ထပ်မထွက်စေချင်ဘူး။ တချို့တပ်တွေ ဆိုရင် ဥပမာ ထွက်ချင်ရင် အသစ် ၅ ယောက်ရှာပေး၊ အဲ့ဒီလို အနေအထား မျိုးတွေနဲ့ ကြုံရတဲ့ ဟာမျိုးတွေ ရှိတယ်။ အဲ့ဒီတော့ သူတို့ကလည်း ရှာပေးဆိုတော့ ထွက်ရရင် ပြီးရောဆိုပြီး ဖြစ်လာကြတယ်။ အဲ့ဒီမှာပဲတွေ့တဲ့ လူကို ခေါ်သွင်း ဘာညာ အဲ့ဒီလို မျိုးတွေပေါ့။ အဲ့ဒီတော့ ဒီတပ်က ထွက်ချင်ကြတာက အဓိက တခြားတော့ မဟုတ်ဘူး။ ကိုယ့်ရဲ့ ရှိတဲ့အဆင့် အတန်းပေါ်မူတည်ပြီးမှ လုပ်ပိုင်ခွင့်တွေ မရှိတော့ဘူး။ လုပ်ပိုင်ခွင့် ဆိုတာက အခုလုပ်နေတဲ့ အစိုးရ ဒီဗိုလ်ချုပ်တွေ လုပ်နေသလိုမျိုး သူတို့ရဲ့လုပ်ပိုင်ခွင့်ကို ပြောတာ မဟုတ်ဘူး။ ကျနော်တို့ ဒီ တပ်ပိုင်းဆိုင်ရာ အထက် အောက်ကို အာဏာနဲ့လုပ်တာ။ ဒီတပ်တွင်း တကယ့် စည်းကမ်းပြည့်ဝတဲ့ တပ်မတော် တရပ်ရဲ့လုပ်ပိုင်ခွင့်ကို မရှိတော့တဲ့ အနေအထားမျိုး ဖြစ်နေတယ်။

မေး။ ။ မေမြို့စစ်တက္ကသိုလ် တက်ခဲ့တဲ့ အတွေ့ကြုံတွေကို ပြောပြပေးပါ။

ဖြေ။ ။ ကျနော်စစ်တက္ကသိုလ် အပတ်စဉ် ၅၀ က ကျောင်းပြီးခဲ့တာပါ။ ကျောင်းတက်ခဲ့တုန်းက ကျနော်တို့ ဒီဗိုလ်လောင်းဘဝမှာ စီနီယာ၊ ဂျူနီယာ အုပ်ချုပ်မှု စနစ်ရှိတယ်။ စီနီယာ၊ ဂျူနီယာ အုပ်ချုပ်မှုမှာ အပြစ်ပေး၊ အရေးယူတဲ့ ဟာတွေကို သဘောလည်း ကျပါတယ်။ သဘောကျတယ် ဆိုတာက ဘယ်လို သဘောကျလဲ ဆိုရင် ဒီအပြစ်တခု အတွက် ရုံးတင်လိုက်ရင် သူ့ဘဝထဲကနေ ပေးရမှာ။ ဥပမာ ထားပါတော့ ဆေးလိပ် မသောက်ရ ဆိုတဲ့ဟာကို ကျနော်က ဆေးလိပ်သောက်တယ်။ ဒီဟာကို စီနီယာနေ သူက အပြစ်မပေးဘဲနဲ့ ရုံးတင်လိုက်ရင် ကျနော် အမှတ်လျော့မယ်။ အမှတ်လျော့သွားရင် သူများထက် ကျနော် နောက်ကျမယ်။ အမှတ်နည်းသွားမှာ ဖြစ်တဲ့အတွက် ဒါဘဝထဲက ပေးရတယ်လို့ ကျနော်တို့ သုံးနှုန်းတဲ့ အသုံးအနှုန်း ဖြစ်တယ်။ အဲ့လို ဘဝထဲက မပေးရအောင် မြင့်တဲ့ စီနီယာကနေ သူ့ကို ထိုက်သင့်တဲ့ အပြစ်ပေးတယ်။ အဲ့ဒါမျိုးတွေပေါ့။

အဲ့ဒီထဲမှာမှ တချို့က ဘယ်လိုမျိုးတွေ လုပ်လာသလဲ ဆိုတော့ ဥပမာ ကျနော်တို့ တပ်စုရဲ့ အပတ်စဉ် အထက် စီနီယာတွေက ကျနော်တို့ကို စာမေးပွဲ နီးတာကို စာမကျက်ဘူး ပြီးတော့ Position ဒီတပ်စုရဲ့ Transition ကို မထိန်းဘူး ဆိုတဲ့ အနေအထားမျိုးနဲ့ ကျနော်တို့ စာမေးပွဲပြီးတော့ တပ်စုတစုလုံးကို စီနီယာ အစ်ကိုကြီးတွေ က အပြစ်ပေးတာပေါ့။ အပြစ်ပေးတယ် ဆိုတာလည်း သူတို့က စေတနာနဲ့ အပြစ်ပေးတာပါ။ အဲ့ဒီမှာ တခြားတပ်စုက စီနီယာတွေက မဆီမဆိုင် ဝင်ပြီး အပြစ်ပေးတာတွေ ရှိတယ်။ အပြစ်ပေးတဲ့ အချိန်မှာ ကျနော်ဆိုရင်ပဲ တောလျှောက် နေတဲ့ အချိန်မှာ နောက်ကနေ စတီးရိုးနဲ့ အရိုက်ခံရတယ်။ ဒါမျိုးတွေပေါ့။ ဆိုလိုတာက သူ့ အနေနဲ့ ကျနော့်ကို အမြင်မတော်ဘူး ထင်ရင်တောင် စီနီယာကောင်းစိတ်ဓာတ် အနေနဲ့ ကျနော်တို့ တပ်စုကို အပြစ်ပေးပြီးတဲ့ အချိန်မှ ကျနော့်ကို သီးခြားခေါ်ပြီး အပြစ်ပေးရင် ကျနော် လက်ခံနိုင်တယ်။ တပ်စုက အပြစ်ပေးတဲ့ အချိန်မှာ ဝင်ပြီးတော့ အပြစ်ပေးတာလည်း မဟုတ်ဘူး။ သူများပေးတဲ့ဟာကို ကောင်းကောင်း လိုက်မလုပ်ဘူးလား မင်းက Fighter လားတို့ ဘာတို့ ဆိုတဲ့ အနေအထားမျိုးနဲ့ ရိုက်နှက်တာကြတော့ မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်။

မေး။ ။ တာဝန်ထမ်းဆောင်စဉ် အခက်အခဲ ကြုံတွေ့ခဲ့တာတွေကိုလည်း ပြောပြပါဦး။

ဖြေ။ ။ စစ်တပ်ထဲမှာ တာဝန်ထမ်းခဲ့တာ မနိုင်ဝန် ထမ်းနေရသလိုပဲ။ လက်ရှိတပ်မတော်မှာက တပ်ခွဲမှူးဆိုတဲ့ ရာထူးက တကယ်တော့ ဗိုလ်မှူးအဆင့်။ စီနီယာကျတဲ့ ဗိုလ်မှူးကမှ ဌာနချုပ် တပ်ခွဲမှူး။ အဲဒီ ဌာနချုပ် တပ်ခွဲမှူး ကမှ တပ်ရင်းမှူး သင်တန်းတွေ တက်ပြီးမှ တပ်ရင်းမှာ 2 IC ခေါ်တဲ့ ဒုတပ်ရင်းမှူးဖြစ်တာ။ တကယ်မှာတော့ နှစ်ပွင့် ဗိုလ်လောက်နဲ့ တပ်ခွဲမှူး ရာထူးတွေ ကိုင်ထားရတယ်။ လူအင်းအား မပြည့်ဘူးပေါ့။ လူအင်းအား အရတော့ ဘာမှ မဖြစ်ပေမယ့် ကိုင်လိုက်တဲ့ ရာထူးကတော့ မမျှဘူးပေါ့။ အခုနောက်ပိုင်းမှာ လေ့ကျင့်ရေး ကျောင်းတွေက စာထုတ်ထားတာရှိတယ်။ ဒါကတော့ လက်ရှိ မိမိအဆင့်ရဲ့ တဆင့်မြင့် တာဝန်ကို ထမ်းဆောင်နိုင်ရမယ် မိမိရဲ့ အထက်နှစ်ဆင့်မြင့် တာဝန်ကို နားလည်နိုင်ရမယ် လိုအပ်ရင် ထမ်းဆောင်ရမယ်လို့ ညွှန်ကြားထားတယ်။ ကျနော်ဆိုရင် တပ်စုမှုး နှစ်ပွင့်ဗိုလ် ကျနော့်ရဲ့ တဆင့်မြင့် တာဝန်က တပ်ခွဲမှူး တာဝန်ကို ထမ်းဆောင် နိုင်ရမှာဖြစ်တယ်။ ဒါ့အပြင် နှစ်ဆင့်မြင့် တာဝန်က ဒု တပ်ရင်းမှူး။ တကယ်လို လိုအပ်လာရင်လည်း ကျနော် နှစ်ပွင့် တပ်စုမှူးက ဒုတပ်ရင်မှူး အဆင့်အထိ တာဝန် ထမ်းဆောင်နိုင်ရမယ်လို့ ဆိုလိုထားတာ။ တချိန်တည်းမှာပဲ လူအင်းအား မပြည့်တော့ ဘာမှ မလုပ်နိုင်ဘူး။ တပ်ခွဲတခွဲမှ လူအင်အား ၃၀ ဆိုတာ အများ ဆုံးပဲ။ တပ်ရင်းတရင်းမှာ လူ ၁၅၀ ဟာ အများဆုံးပဲ။

မေး။ ။ စစ်ပညာတော်သင်တွေ နိုင်ငံခြားကို လွှတ်တယ်လို့ ကြားတယ်။ ဘယ်နိုင်ငံတွေကိုများ လွှတ်ထားတာ ရှိလဲ။

ဖြေ။ ။ စာပေပညာနဲ့တော့ ရုရှားကို လွှတ်တယ်။ စစ်ဘက်ဆိုင်ရာနဲ့တော့ အစ္စရေး၊ ယူကရိန်း၊ တရုတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန် တို့ကို လွှတ်ပါတယ်။ အရာရှိရော အခြားအဆင့် အကြပ်ကြီးတွေလည်း ပါတယ်။ ယူကရိန်းကို သံချပ်ကားတပ်က လူတွေကိုလွှတ်တယ်။ အမြောက်နဲ့ ပတ်သတ်တဲ့ စစ်ပညာကို
တရုတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်တို့ကို လွှတ်ပါတယ်။

မေး။ ။ တပ်မတော်က အရာရှိငယ်တယောက်ရဲ့ ခံစားချက်ကို ပြောပြပါ။

ဖြေ။ ။ ကျနော်တို့က ပင်ပန်းဆင်းရဲတာကို ခံနိုင်တယ်။ အရင်တုန်းက လွတ်လပ်ရေး စယူတုန်းက ကျနော်တို့ ရှေ့က တပ်မတော်သားတွေဟာ လွတ်လပ်ရေး အတွက် တိုက်တယ်။ ဘယ်လိုပဲ ပင်ပန်း ပင်ပန်းခံနိုင်တယ်။ ကျနော်တို့ ဗိုလ်ချုပ်တွေက ပြောတယ်။ မင်းတို့တွေ ကံကောင်းပါတယ်။ ကံကောင်းလားဆိုတော့ အဲဒါ မှန်ပါတယ်။ သူတို့လိုမျိုး အသက်နဲ့ရင်းပြီး လုပ်ခဲ့တာ တိုက်ခဲ့တာ တခါမှ မရှိခဲ့ဘူး။ ကံဆိုးတယ်လို့လည်း ပြောလို့ရတယ်။ ကျနော်တို့ တပ်မတော်ကိုရောက်တဲ့ အချိန်မှာ စစ်တပ်ထဲမှာ အရာရှိဖြစ်တဲ့ အချိန် ပြည်သူက တပ်မတော်ကို မုန်းနေပြီ။ ဘာကြောင့် မုန်းတယ်ဆိုတော့ တပ်မတော်ကို မုန်းတာမဟုတ်ဘူး လက်ရှိ တပ်မတော်ရဲ့ လုပ်ရပ်ကိုမုန်းတာ။ ဒါက ဘာကို သက်ရောက်လည်း ဆိုတော့ စစ်တပ်က အစိုးရခိုင်းတော့ လုပ်ရတယ်။

ကျနော်တို့နိုင်ငံကို ကြည့်တော့ အစိုးရက စစ်ယူနီဖောင်း ၀တ်ထားကြတယ်။ ကျနော်တို့နိုင်ငံက ပြည်သူက အစိုးရနဲ့ စစ်တပ်ကို မခွဲတတ်အောင် လုပ်ထားတယ်။ စစ်တပ်က တိုင်းပြည်ကို အနှစ် ၄၀ လောက် အုပ်ချုပ်နေတယ်။ သူတို့ မျက်စိထဲမှာ စစ်တပ်ကလည်း ယူနီဖောင်း ၀တ်ထားတယ်။ အုပ်ချုပ်သူလည်း ယူနီဖောင်း ၀တ်ထားတယ်။ လုပ်တဲ့လူကလည်း ယူနီဖောင်း ၀တ်ထားတယ်။ အတူတူလို့ ထင်တယ်။ စစ်တပ်ထဲ ကြည့်ပြန်တော့ လည်း အခြားအဆင့် အကြပ်စစ်သည်တွေ စီးပွားရေး ကြပ်တည်းနေကြတယ်။ စစ်သည် တော်တော်များလည်း လစာထုပ်ရင် လစာကို အကုန် မကိုင်ကြရတော့ဘူး။ အရင်လက အကြွေးတွေကို ဆပ်လိုက်ရလို့။ ။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့