..............................

Friday, February 26, 2010

ဝ ခေါင်းဆောင် ပေါက်ယူချန်း နအဖကိုယ်စားလှယ်နှင့် တွေ့တော့မည်

ပေါက်ပေါက်
၂၅ ဖေဖော်ဝါရီ ၂ဝ၁ဝ


နအဖ၏ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုအား အကြိမ်ကြိမ်ငြင်းပယ်နေသည့် ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ခေါ် ဝ တပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်းသည် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) အရာရှိချုပ် ဒု-ဗိုလ်ချုပ်ြကီး ရဲမြင့်နှင့် တွေ့ဆုံရန် ယနေ့နံနက် ဗဟိုဌာနချုပ် ပန်ဆန်းမြို့မှ ထွက်ခွာသွားသည်။

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့၌ ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း ယနေ့နံနက်မှ ထွက်ခွာသွားသည် ဖြစ်၍ တန့်ယန်းသို့ မွန်းလွဲပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး ယနေ့ဆွေးနွေးပွဲ လုပ်ဖြစ်မည် မဟုတ်ဘဲ မနက်ဖြန်မှသာ လုပ်မည် ဖြစ်ကြောင်း ဝ ခေါင်းဆောင်များနှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။

၎င်းက “ဒီမနက်မှ ထွက်သွားတယ်ဆိုတော့ တန့်ယန်းကို မွန်းလွဲပိုင်းလောက်မှ ရောက်မှာ။ ကားနဲ့ (၇) နာရီလောက် သွားရတယ်။ သူနဲ့အတူ ပေါက်ယူယိနဲ့ ဗဟိုကော်မတီ တချို့ ပါသွားတယ်။ ဒီနေ့လယ် (၂) နာရီလောက်ကတောင် တန့်ယန်း မရောက်သေးဘူး” ဟု ပြောသည်။

စစ်အစိုးရက ဝ တပ်ဖွဲ့အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ယမန်နှစ်၊ ဧပြီမှ စတင် ကမ်းလှမ်းပြီး ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သည့် ဝ ကိုယ်စားလှယ် အဖွဲ့နှင့် နအဖ ကိုယ်စားလှယ်များ အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းသို့ ဆွေးနွေးခဲ့ရာတွင် ဝ တပ်ဖွဲ့ဝင်များဖြင့်သာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဝမ်ဟုန်ဒေသနှင့် မိုင်းပေါက် ဒေသတို့အား ဝ ဒေသအတွင်း ထားရှိရေး စသည့် တောင်းဆိုမှုများကို ၀ ဘက်က တင်ပြခဲ့သည်။

နအဖကမူ ဝတပ်ဖွဲ့၏ တောင်းဆိုချက်အား လက်မခံဘဲ ၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာ နောက်ဆုံး အဖြစ်လည်းကောင်း၊ ဒီဇင်ဘာ နောက်ဆုံး အဖြစ်လည်းကောင်း စသဖြင့် ရက်ချိန်းသတ်မှတ်ကာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိုသာ ပြောဆိုနေခဲ့သည်။

အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အသွင် ပြောင်းရေးအတွက် အဓိက တာဝန်ယူထားသူ စရဖ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ဝ တပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်းနှင့် လားရှိုးမြို့တွင် တွေ့ဆုံ ဆွေးနွေးလိုကြောင်း ယခုနှစ် အစောပိုင်းမှစ၍ (၃) ကြိမ် တောင်းဆိုခဲ့ရာ ကျန်းမာရေးအရ မတွေ့နိုင်ကြောင်း ငြင်းပယ်ခဲ့ပြီး ယခု စတုတ္ထအကြိမ် တောင်းဆိုမှုအား လက်ခံခဲ့ခြင်းဖြစ်သည်။

ဝ တပ်ဖွဲ့အနေဖြင့် ၎င်းတို့ရချင်သည့် အခွင့်အရေးများကို မရရှိဘဲနှင့် နအဖ ပြောနေသည့် နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးကို လွယ်လွယ်ကူကူဖြင့် လက်ခံမည် မထင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

၎င်းက “ဝ တပ်ဖွဲ့ပဲဖြစ်ဖြစ်၊ အခြား အပစ်ရပ်တွေပဲဖြစ်ဖြစ် လက်ခံလိုက်ရင်၊ အဲဒီအဖွဲ့ ပျက်သုဉ်းသွားရင် နောက်ထပ် တိုင်းရင်းသားကို ကိုယ်စားပြုတဲ့ အဖွဲ့တခုကတော့ မုချပေါ်လာမှာပဲ။ ယနေ့ ဝ တပ်ဖွဲ့လို ခိုင်ခိုင်မာမာ ရပ်တည်နေတဲ့ အဖွဲ့အစည်း အနေနဲ့ လွယ်လင့်တကူ တောင်းဆိုတာကို လိုက်လျောမယ်လို့ မထင်ဘူး။ နှစ်ပေါင်း (၄ဝ) ကျော်ကြာ ထိန်းသိမ်းလာခဲ့တဲ့ သူတို့ရဲ့ ဒေသကြီးနဲ့ လက်နက်တွေကို ပေးအပ်လိုက်မှာ မဟုတ်ဘူး။ အိမ်နီးချင်း တရုတ်နဲ့ ဆက်စပ်နေတာက တပိုင်း၊ ဝ လူမျိုး အနေနဲ့ ဗမာပြည်ထဲမှာ (၄) သိန်းကျော်ရှိပြီး တရုတ်ပြည်ထဲမှာ (၃) သိန်းကျော် ရှိတဲ့အတွက် နှစ်နိုင်ငံ အစိုးရနဲ့ ဝ တပ်ဖွဲ့ ညှိနှိုင်း ဆွေးနွေးမှသာ အဖြေမှန် ထွက်လာလိမ့်မယ်” ဟု ပြောသည်။

ဝ တပ်ဖွဲ့သည် ပြည်သူ့စစ် တပ်ဖွဲ့အင်အား အပါအဝင် လက်နက်ကိုင်အင်အား (၃ဝ,ဝဝဝ) ဝန်းကျင် ရှိပြီး အင်အား (၃,ဝဝဝ) အထိ လျှော့ချကာ နအဖ စစ်တပ်အရာရှိနှင့် စစ်သားများ ပါဝင်ဖွဲ့စည်းမည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် နှစ်ဖက်အကြား သဘောတူညီမှု မရသေးဘဲ ဖြစ်နေသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့