..............................

Tuesday, March 16, 2010

ဝ နယ်စပ်တလျှောက် တရုတ်လုံခြုံရေးတပ် ထောင်ချီ အင်အားထပ်ဖြည့်

Monday, 15 March 2010

တန့်ယန်းတွေ့ဆုံပွဲ နောက်ပိုင်း ၀ နှင့် နအဖ နှစ်ဘက် စစ်ရေး တင်းမာလာချိန်မှစ၍ တရုတ်လုံခြုံရေး တပ်ကနယ်စပ် တလျှောက် အင်အားထောင်ချီ ထပ်မံ ဖြည့်တင်းထားသည်ဟု စုံစမ်းသိရှိပါသည်။ “ဆီးမော်(၀်) က လာတဲ့တပ်ဖွဲ့ ၂၀၀၀ ကျော်လောက် အရင်ကတည်းက ရှိနေပြီးသား၊ ပြီးခဲ့တဲ့ အပတ်ကစပြီး ချိန်တူး ကနေ အင်အား ထပ်ဖြည့်တယ်။ ၀ နယ်စပ် တကြောမှာ တရုတ်တပ် အင်အား ၆၀၀၀ ထက်မနည်း ရှိလိမ့်မယ်”- ဟု လူလတ်ပိုင်း သျှမ်းအမျိုးသား တဦးက ပြောပါသည်။

နအဖ နှင့် ၀ တပ်ဖွဲ့ တိုက်ပွဲဆင်နွဲရန် တရက်ထက်တရက် ရာနှုန်းပိုများလာသည်ကို တရုတ်က အကဲခတ်မိသောကြောင့် ဖေဖေါ်ဝါရီ ၆-၇ ရက်မှစ၍ စစ်အင်အား ပိုမိုဖြည့်တင်းလာခြင်း ဖြစ်ကြောင်း ၎င်းကပြော၏။ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့တွင် ချိန်တူး (တရုတ်ပြည် အနောက်တောင်ပိုင်း စစ်ဌာနချုပ်) မှ စစ်ယာဉ်တန်း ခါလီကား အစီး ၇၀-၈၀ ကြားလုံခြုံရေး တပ်ပို့ဆောင်ပြီး လှည့်ပြန် သွားကြောင်း - လင်ချန်းမြို့နယ်အတွင်း မြင်တွေ့ရသည့် ဒေသခံများက လည်းပြောပါသည်။

“၀ ကို ကူတိုက်ဖို့ တရုတ်မှာ ပေါ်လစီမရှိဘူး၊ ဘာလို့လဲဆိုတော့ သူတို့က ရေနံတွေ ဂက်စ်တွေ အရမ်းလိုနေတယ်။ ဒါပေမဲ့ စစ်ဖြစ်လာရင် ကိုးကန့် အရေးအခင်းလို ဒုက္ခသည်တွေ ကမောက်ကမ မဖြစ်အောင်၊ ဒုက္ခသည်ယောင် ဆောင်သူတွေ ပါမလာအောင်၊ စစ်ဆေးဟန့်တားဖို့ အင်အား ဖြည့်ထားတာဖြစ်တယ်”- ဟု ဒေသခံ တဦးက ပြောဆိုသုံးသပ်ပြ ပါသည်။

မတ်ခ်ျလဆန်းပိုင်းမှစ၍ တန့်ယန်းမြို့နယ် မိုင်းကောင်ဝ် အခြေစိုက် ခလရ ၃၃ က ဒေသခံ လားဟူပြည်သူ့စစ် များနှင့် ရှေ့တန်း အခြေစိုက် တပ်စခန်းများအား (သံလွင်မြစ်တကြော) ၀ နယ်ခြားတလျှောက် ၀ နယ်အ၀င် အထွက်လမ်းကြော များအားလုံး မျက်ခြေမပြတ် စောင့်ကြည့် တားမြစ်ရန် ညွှန်ကြားခဲ့၏။ တန့်ယန်းမြို့နယ် နမ့်လောင်(၀်)း ကျေးရွာ အုပ်စုဝင် ၄-၅ ရွာအားလည်း မတ်ခ်ျ ၁၄ ရက်နေ့မှစ၍ သံလွင်မြစ် အတွင်း ဖြတ်သန်း သွားလာခြင်း မပြုရန် အမိန့် ထုတ်ထားသည်ဟု ဒေသခံ တဦးက ဤကဲ့သို့ ပြောပြပါသည်။

“၁၃ ရက်နေ့က နမ့်ပန်ချောင်းက ကျပ်သိန်း ၃၀ တန် သံကိုယ်ထည် စက်လှေ အကြီးစား တစီးကို ခလရ ၃၃ က ၇ သိန်းနဲ့ အဓမ္မ ၀ယ်သွားတယ်။ နောက်ပြီး ဒေသခံ အယောက် ၅၀ ကျော် ချောဆွဲပြီး သရီးကရောင်းကား တစီး ပေါ် တင်ခိုင်းတယ်။ အဲဒီ စက်လှေကို တာ့ပိန်းဖိ ခေါ် တာ့ဝမ့်ဆို့(မ်) သံလွင်မြစ် ကူးတို့ဆိပ်မှာ သွားထားနေပြီလို့ ပြောတယ်”

ထို့အတူ ထိုဒေသရှိ နအဖ ခြေကုပ်စခန်းများနှင့် လားဟူပြည်သူ့စစ် တပ်စခန်းများအား လက်နက်ကြီး တပ်ဆင်ထား ကြကြောင်း၊ နအဖ စစ်အင်အား အယောက် ၃၀ နှင့် လားဟူ ပြည်သူ့စစ် ၂၀ ကျော်ပါအဖွဲ့ တဖွဲ့ကလည်း တာ့ကောင်း အက်တံတား အထက်ဘက် ၀ နယ်တကြော တပ်စခန်းများနှင့် မျက်နှာချင်းဆိုင် ကူးတို့ဆိပ်များအား စစ်ဆေးခဲ့ကြောင်း ဆက်ပြောပြပါသည်။

“အခုစစ်ရေးအခြေအနေကိုကြည့်ရင် နအဖ စစ်ပြင်ဆင်မှုက သံလွင်အရှေ့ခြမ်းကို မတိုက်ဘဲနဲ့ အနောက်ဘက် ခြမ်းက အပစ်ရပ် သျှမ်းတပ်ကို အရင်တိုက်ဖို့လဲ ဖြစ်နိုင်တယ်။ အဲဒါမှ ၀ ကို တိုက်ဖို့ သူတို့အတွက် ပိုလွယ်ကူမယ်” - ဟု သျှမ်းပြည်မြောက်ပိုင်း စစ်ရေး လေ့လာသူ တဦးက သုံးသပ်ပါသည်။

နအဖ နှင့် တရုတ်တို့ စစ်အင်အားဖြည့်ထားသကဲ့သို့ ၀ တပ်ဖွဲ့ကလည်း မတ်ခ်ျ ၁၂ ရက် ၌ ပန်ဆန်း ဌာနချုပ်တွင်း အစည်းဝေး ထိုင်ကြကြောင်း၊ နယ်ခြား တလျှောက်ရှိ အ၀င်အထွက်ဂိတ် တပ်စခန်းများ အနီး (ပုံမှန်မဟုတ်ဘဲ) နအဖ တပ်များ ကြိတင် အကြောင်းကြားမှု မရှိဘဲ ပေ ၁၅၀ အတွင်း နယ်ကျွံ လာပါက ပစ်မိန့် ပေးထားကြောင်း၊ စားနပ်ရိက္ခာ လက်နက်ခဲယမ်း အဆင်သင့် ဖြည့်ထား သကဲ့သို့ စစ်ဘက်ရေးရာ ၀ ထိပ်တန်း အရာရှိ များကလည်း ၀ နယ် အနောက်တောင်ခြမ်း၊ အနောက်ဘက်ခြမ်း မှ နမ့်တစ် (မြောက်ဘက်စွန်းပိုင်း) အထိ သွားရောက်စစ်ဆေး နေကြောင်း စုံစမ်း သိရှိရပါသည်။

ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ ၀ နှင့် နအဖ တွေ့ဆုံပွဲမှ တစုံတရာအဖြေ မထွက်သည့်အတွက် အောင့်အီး သည်းခံ၍ အချိန် တိုးပေးရန် ၀ ဘက်မှ တောင်းဆိုထား၏။ နအဖ ဘက် အကြောင်းမပြန်သည့် အပြင် မတ်ခ်ျ ၁၃ ရက် က ရန်ကုန်ရှိ ၀ ကိုယ်စားလှယ် ရုံးအား ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏ လက်ထောက် စစ်ဗိုလ်တဦးက - ‘၀ တောင်းဆိုထား သည့်နယ်မြေများ မပေးနိုင်ကြောင်း၊ ပေးလျှင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပိုမို ပြိုကွဲစေနိုင်ကြောင်း၊ ၀ တောင်း ဆိုချက် ၉ ချက်ကိုလည်း မလိုက်လျော နိုင်ကြောင်း ပြောကြားပြီး ဖေဖေါ်ဝါရီ ၂၅ ရက် ညနေပိုင်း တန့်ယန်း ဆွေးနွေးပွဲ အတိုင်း အတည် ဆုံးဖြတ်ချက် ဖြစ်ကြောင်း’- ဖုန်းဆက် ပြောကြားသည်ဟု ၀ အရာရှိ တဦးက ပြောပြပါသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့