..............................

Friday, December 18, 2009

ဒီနေ့ တတိယအုပ်စု၊ တတိယလိုင်းဆိုတာ ဘယ်လို ဟာတွေလဲ

ရဲဘော်ဖိုးသံချောင်း
၁၈ ဒီဇင်ဘာ ၂၀၀၉

အခုနောက်ပိုင်း ဗမာပြည် နိုင်ငံရေးမှာ “တတိယအုပ်စု၊” တတိယလိုင်း” ဆိုတဲ့ ဝေါဟာရကို အတော်ပြောဆို သုံးနှုန်း နေကြတာ တွေ့ရ၊ ကြားရပါတယ်။ အထူးသဖြင့် နအဖ စစ်အစိုးရရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုတာနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ပြင်ဆင်တာတွေ လုပ်လာကြတဲ့ နောက်ပိုင်းမှာ ဖြစ်ပါတယ်။

ဒီတော့ သဘာဝကျစွာပဲ ဒီနေ့ အဲဒီလို ကိုယ့်ကိုယ်ကိုယ် “တတိယအုပ်စု”၊ တတိယလိုင်း” လို့ ကြွေးကြော် နေသူတွေကို ပြန် စောကြော မိပါတယ်။ ဘယ်လိုလူတွေက၊ ဘာရည်ရွယ်ချက်နဲ့ ဘာ့ကြောင့် ပြောနေတာလဲ။

ဒီနေရာမှာ ဖြတ်ပြောသင့်တယ်ထင်တာ တခုက နိုင်ငံရေးမှာ “တတိယအုပ်စု၊” တတိယလိုင်း” ဆိုတာမျိုး ကိုယ့်ကိုယ်ကိုယ် သတ်မှတ် ကြေညာကြတာမျိုး အင်မတန် ရှားပါတယ်။ အဓိကကတော့ တိကျတဲ့ နိုင်ငံတခု၊ ဒါမှမဟုတ် နိုင်ငံရေး ခွင်ကြီးတခုရဲ့ အခြေအနေကို လိုက်ပြီး သုံးသပ်သူတွေ၊ မီဒီယာတွေက သတ်မှတ်တာ ပြောဆိုတာ များပါတယ်။ ဒါပေမယ့် ဒီနေ့ဗမာပြည်က နအဖ စစ်ဒီမိုကရေစီ ခေတ်မှာ ကျတော့ ဒီလူတွေ၊ ဒီအဖွဲ့တွေဟာ သူများထက် ထူးပြီး ကိုယ့်ကိုယ်ကိုယ် “တတိယအုပ်စု”၊ တတိယလိုင်း” လို့ မိတ်ဆက်ပြီး ကားလိပ်ရှေ့ ထွက်လာကြတာ တွေ့နေရပါတယ်။

ပထမဆုံးအားဖြင့် အဲဒီလိုပြောနေသူတွေထဲမှာ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်မယ့်သူ ဆိုတာနဲ့ မဝင်မယ့်သူ ဆိုတာရယ်လို့ ခွဲရင် ရမယ် ထင်ပါတယ်။ ရွေးကောက်ပွဲကို မဝင်ဘူးလို့ ပြောပြီး ဒီအယူအဆကို တွင်တွင် ဖြန့်နေသူ၊ သူတို့နဲ့ မတူသူတွေကို ရန်တွေ့နေ သူတွေကတော့ သဘောတရားရေး ဆရာကြီးတွေ ဖြစ်ပါတယ်။ သူတို့မှာ အာဏာ-အခွင့်အရေး ရည်မှန်းချက် မရှိဘူး၊ စေတနာ သန့်သန့်နဲ့ ဒီအယူအဆတွေကို ဖြန့်နေတာလို့ ဆိုနေကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် တချိန်ကတော့ သူတို့ဟာ တခြား အဖွဲ့အစည်းတွေမှာ တခြားအယူအဆတွေ အတွက်လည်း သဘောတရား ဆရာကြီးတွေ လုပ်ဖို့ ကြိုးစား ခဲ့ကြသူတွေ ဖြစ်တယ်ဆိုတာ သတိမပြုမိဘဲ မနေနိုင်ပါဘူး။ သူတို့ဟာ နိုင်ငံတကာ စာမျက်နှာတွေ ပေါ်ကနေ ရှာတွေ့လို့ ရသမျှ၊ အသုံးတည့်မယ် ထင်သမျှကို ဆွဲယူပြီး ဗမာပြည် နိုင်ငံရေးနဲ့ အတင်း ဆွဲစပ်ပေးတာပါ။ သူတို့ဟာ သူများတွေကိုတော့ စာအုပ်ကြီး သမားတွေ၊ တရားသေ သမားတွေလို့ ပုတ်ခတ် တိုက်ခိုက်ပြီး သူတို့ ကိုယ်တိုင်ကတော့ စာအုပ်ကြီး- စာအုပ်ကလေး၊ ဆောင်းပါးတို၊ ဆောင်းပါးရှည်၊ လက်လှမ်း မီသမျှထဲကနေ နအဖဗိုလ်ချုပ်တွေ မနောခွေ့မယ် ထင်သမျှကို ဆွဲယူ ကိုးကား နေကြတာ ဖြစ်ပါတယ်။ နအဖ စစ်အုပ်စု ဖြစ်စေချင်တဲ့ လာမယ့် ရွေးကောက်ပွဲကို ဝင်ဖို့ သဏ္ဌာန်မျိုးစုံ၊ အသုံးအနှုန်း မျိုးစုံနဲ့ နှပ်ကြောင်းပေးရေးပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဝင်မယ့် “တတိယအုပ်စု”၊ တတိယလိုင်း” ဆိုသူတွေအထဲမှာတော့ လူပေါင်းစုံ တွေ့ရပါတယ်။ စစ်အုပ်စု ထိပ်သီး တွေနဲ့ပေါင်း၊ ကျိကျိတက် ချမ်းသာနေတဲ့ ပညာရှင် ဆိုသူတွေပါသလို လက်ကိုင်ဖုန်းလေးရ၊ ဓာတ်ဆီဆိုင် ပါမစ်လေး ရတာနဲ့ စစ် အစိုးရ ပြောစေချင်သမျှ ပြောနေတဲ့ လူတွေလည်း ပါပါတယ်။ ဒါပေမယ့် အများဆုံးကတော့ ဗမာပြည် နိုင်ငံရေးလောက ဝေါဟာရအရ ‘အပျက်’ လို့ ဆိုရမယ့်လူတွေ ဖြစ်ပါတယ်။ ဗကပပျက်၊ မဆလပျက်၊ အလံနီပျက်၊ ပမညတပျက်၊ နောက်ဆုံး ဒီချုပ်အပျက်တောင် ပါပါတယ်။ အားနာနာနဲ့ ထောက်ပြရရင် ဒီအထဲမှာ ဗြောင်တမျိုး၊ တိတ်တိတ်တဖုံ သဏ္ဌာန်မျိုးစုံနဲ့ လက်နက် ချထားသူတွေလည်း တကယ်ပဲ မနည်းပါဘူး။ ပတ်မကြီး ဖောက်ခွဲဖူးသူတွေ များပါတယ်။

ဒီနေရာမှာ ဒီပုဂ္ဂိုလ်၊ ဒီအဖွဲ့အစည်းတွေဟာ “တတိယအုပ်စု”၊ “တတိယလိုင်း” တကယ်ဟုတ် မဟုတ် ဆိုတာကိုလည်း ပြောရမယ် ထင်ပါတယ်။ ဗမာပြည်ရဲ့ လွတ်လပ်ရေး ဒီဘက် ရွေးကောက်ပွဲ သမိုင်းမှာ ‘တသီးပုဂ္ဂလ’ ဆိုတဲ့ အသုံးအနှုန်းကို လူတိုင်း၊ နားယဉ်၊ မျက်စိ ယဉ်နေတယ်လို့ ပြောနိုင်ပါတယ်။ နောက်ပြီး စစ်အေးခေတ်တုန်းက ‘ဘက်မလိုက် နိုင်ငံများ လှုပ်ရှားမှု’ ကိုလည်း သိကြပါတယ်။ အဲဒါတွေနဲ့ ယှဉ်ကြည့်လိုက်ရင် အခုပြောနေတဲ့ “တတိယအုပ်စု”၊ “တတိယလိုင်း” ဆိုတာတွေဟာ အမည်ခံ သက်သက် ဆိုတာကို တွေ့ရ ပါလိမ့်မယ်။

တတိယအုပ်စု၊ တတိယလိုင်းဆိုတာဟာ သမိုင်းအခြေအနေ လိုက်လို့ ပြောင်းလဲ နေတာဖြစ်ပါတယ်။ ဖဆပလ မကွဲခင် ၁၉၅၂ ရွေးကောက်ပွဲနဲ့ ၁၉၅၆ ရွေးကောက်ပွဲ အပြီးမှာ ဖဆပလနဲ့ ပမညတဟာ အဓိက ထိပ်ချင်း ဆိုင်နေသူတွေ ဖြစ်ပါတယ်။ ကျန်တဲ့ တသီးပုဂ္ဂလ ဆိုတာတွေက ဒီနှစ်ဖွဲ့နဲ့ ဘယ်လိုမှ မပတ်သက်သူတဲ့ တတိယ အင်အားတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဖဆပလလည်း ကွဲပြီးတဲ့ အခါမှာတော့ သန့်ရှင်းနဲ့ တည်မြဲတို့ဟာ အဓိက ဆိုင်နေသူတွေ ဖြစ်ပြီး ပမညတဟာ တတိယ အုပ်စု ဖြစ်သွားပါတယ်။ ပမညတဟာ အဲဒီနှစ်ဖက်နဲ့ အခြေခံ အယူအဆမှာ လုံးဝ မတူပါဘူး။

အခုတော့ ဒီလူတွေက သူတို့ကိုယ်သူတို့ နအဖနဲ့လည်းမတူ၊ ဒီချုပ်နဲ့လည်း မတူဘူး ဆိုတာနဲ့ပဲ “တတိယအုပ်စု” လို့ ခေါ်ရတော့မလို ဖြစ်နေပါတယ်။ တကယ်ကျတော့ တစညလို ဟာကို မေးကြည့်ရင်လည်း သူတို့ဟာ နအဖနဲ့ရော၊ ဒီချုပ်နဲ့ရော မတူဘူး၊ တခြားစီလို့ပဲ ပြောမှာပါ။ ဒါကြောင့် “နအဖနဲ့လည်း မတူ၊ ဒီချုပ်နဲ့လည်း မတူ” ဆိုတာကို စံလို့ ပြောလို့ မဖြစ်ပါဘူး။ ဒီတော့ တဆက်တည်း မေးသင့်တာက ဒီ “တတိယအုပ်စု” ၊ “တတိယလိုင်း” သမားတွေဟာ သူတို့ကိုယ်သူတို့ နအဖနဲ့ မတူပါဘူးလို့ ဘယ်နေရာမှာ၊ ဘယ်လို မတူတာလဲလို့ တိတိကျကျ ပြောဖူးသလဲ ဆိုတာပါပဲ။ ပြည်သူလူထုက ကြားနေရတဲ့ သူတို့ပါးစပ်က စကားတွေကတော့ နအဖကို ထောက်ခံနေတာချည့်ပါပဲ။ နအဖနဲ့ မတူတာရယ်လို့ စကားဦးလေး သန်းပြတာတောင် မကြားဖူးပါဘူး။

တခါ အယူအဆသဘောအရပြောရရင်လည်း ဒီနေ့ဗမာပြည် နိုင်ငံရေးမှာ အဓိက ကွဲနေတာက နအဖရဲ့ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲတို့ အပေါ် သဘောထားတဲ့ ကိစ္စမှာ ဖြစ်ပါတယ်။ ဒီအဓိက ပြဿနာကြီးမှာ သူတို့ဟာ နအဖနဲ့ တသားတည်း ဖြစ်ရုံမက ပိုတောင် ကဲနေကြပါတယ်။ နအဖရဲ့ ဖွဲ့စည်းပုံကို နောင်မှာ ပြင်သွား ကြတာပေါ့ ဆိုတာမျိုးတောင် မပြောဝံ့တဲ့ လူတွေဖြစ်ပါတယ်။ တချိန်က ဗမာပြည် နိုင်ငံရေး ဇာတ်ခုံပေါ်က တသီးပုဂ္ဂလ ဆိုတာဟာ တကယ့် တသီးပုဂ္ဂလတွေ ဖြစ်တာမို့လို့ ဖဆပလလို အာဏာရ အဖွဲ့ဟာ သူတို့ချင်း ကွဲပြဲတာအပါ နိုင်ငံရေး ပြဿနာကြီးတွေ၊ အကျဉ်းအကျပ်တွေနဲ့ ကြုံတွေ့လာရတိုင်း ဒီတသီး ပုဂ္ဂလတွေကို စည်းရုံးခဲ့၊ ကိုယ့်ကို ထောက်ခံအောင် လုံးပန်း ခဲ့ရပါတယ်။ အဲဒါနဲ့ ပြောင်းပြန် အခုဒီ “တတိယအုပ်စု”၊ “တတိယလိုင်း” ဆိုတာတွေကတော့ တကယ်လို့ နအဖ အစိုးရမှာသာ အကျဉ်းအကျပ်နဲ့ ကြုံရရင် အရင်ဆုံး ထိုးကျွေးတာ ခံရဖို့ ရှိပါတယ်။ တကယ်ကဒီ “တတိယအုပ်စု”၊ “တတိယလိုင်း” ဆိုတာတွေဟာ နအဖ မိုးလေဝသ၊ တနည်းအားဖြင့် ဗိုလ်သန်းရွှေရဲ့ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ပြီး ရပ်တည် လှုပ်ရှားနေကြရတာ ဖြစ်ပါတယ်။ နအဖ ဒါရိုက်လုပ်သမျှ လိုက်လုပ်ရသူတွေ ဖြစ်ပါတယ်။ နအဖက ပေါ်စေဆိုလို့ ပေါ်ပေါက် လာတာဖြစ်ပြီး တချိန်မှာ နအဖက ပျောက်စေ ဆိုရင်လည်း ရုတ်ခြည်း ပျောက်ကွယ်သွားမှာသာ ဖြစ်ပါတယ်။

နအဖရဲ့ တရားဝင်မီဒီယာတွေမှာ အခုထက်ထိ ဒီအဖွဲ့တွေ၊ ဒီလူတွေနဲ့ ဒီအယူအဆ၊ ဒီ အပြောအဆိုတွေ အကြောင်း ဘာမှ မပြောတာကို သတိထားမိကြမယ် ထင်ပါတယ်။ ဒါဟာ သမိုင်းမှာ မကြာမကြာ ကြုံတွေ့ရလေ့ ရှိတဲ့ ကပ်ဖားရပ်ဖားတွေကို သခင်က သိပ်ဂရုမစိုက်တဲ့ ဖြစ်ရပ်တွေအတိုင်း တသဝေမတိမ်း တွေ့ရတာသာ ဖြစ်ပါတယ်။ မဆလ လက်ထက်မှာ သခင်စိုးဟာ ထောင်ထဲကနေရော၊ ထောင်ပြင်က နေပါ စစ်အုပ်စု အုပ်စိုးမှုကိုရော၊ မဆလသ ဘောတရားကိုပါ ထောက်ခံတဲ့ စာတမ်းတွေကို သဘောတရား လုပ်ပြီး ဗိုလ်နေဝင်းဆီကို ရေးပို့ပါတယ်။ နောက်ဆုံးတော့ အဲဒီစာတွေဟာ ထောက်လှမ်းရေး အတွက် အသုံးချစရာသာ ဖြစ်ခဲ့ပြီး ဗိုလ်နေဝင်းက မျက်စောင်းတောင် ထိုးမကြည့်ခဲ့ဘူး ဆိုတာကို သတိထားကြသင့် ပါတယ်။

ဒါနဲ့များ သူတို့ကိုယ်သူတို့ ဘာဖြစ်လို့ “တတိယအုပ်စု”၊ “တတိယလိုင်း” လို့ မသူတော် (၇) ပါးလို ကိုယ့်အကြောင်းကိုယ် ဖော်နေကြတာလဲလို့ မေးလာရင် အဖြေက သိပ်ရှင်းပါတယ်။ တချက် နအဖက အဲဒီလို ပြောစေချင်မှန်း သိလို့ဖြစ်ပါတယ်။ သူတို့အဖို့ နအဖ ဗိုလ်ချုပ်တွေ ကျေနပ်အောင် လုပ်ရေးဟာ အဓိက ဆိုတာကို မမေ့သင့်ပါဘူး။ နောက်တချက်ကတော့ လာမယ့် ရွေးကောက်ပွဲမှာ မဲရချင်လို့ ဖြစ်ပါတယ်။ ဒီချုပ်နဲ့ တသားတည်းဆိုရင် နအဖက အမှုန့်ကြိတ်ပစ်မှာ၊ နအဖနဲ့ တသားတည်းဆိုရင် မဲမရမှာ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဗုံမဟုတ်၊ ပတ်မဟုတ် ဖြစ်ပါကြောင်း ပြောနေတာ ဖြစ်ပါတယ်။ သူတို့ခမျာ ရွေးကောက်ပွဲက တဆင့် သူတို့ အကျိုးရှိမယ်လို့ တကယ်ကို ယုံကြည်နေရှာ ကြတာပါ။

ဒါပေမယ့် လူသားချင်းစာနာတတ်သူများကတော့ သူတို့တတွေ ဒီလိုလုပ်နေလို့ သူတို့ရဲ့ဇာတ်သိမ်း မကောင်းနိုင်ဘူး၊ သူတို့ကို နအဖ ဗိုလ်ချုပ်တွေက ဒီတပွဲ၊ ဒီတကွေ့ အတွက်သာ အသုံးချတာ ဖြစ်တယ်ဆိုတာကို သတိပေး ကြရပါမယ်။

Ref: ခေတ်ပြိုင်


0 comments:

အပေါ်သို့