..............................

Monday, December 14, 2009

နအဖ စိတ်ဓါတ်စစ်ဆင်ရေးဌာနက ဝ တပ်ဖွဲ့ နယ်မြေတောင်းဆိုမှုကို တန်ပြန်

သောကြာနေ့၊ 11 ဒီဇင်ဘာလ 2009

သျှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စိတ်ဓါတ် စစ်ဆင်ရေး ဌာနက ယခုရက် ပိုင်းအတွင်း ကျင်းပ ပြီးစီးခဲ့သည့် တိုင်းလေးလပတ် အစည်းအဝေးတွင် ဝ ပြည် သွေးစည်းညီညွတ်ရေး ပါတီက နယ်မြေ တောင်းဆိုထားခြင်းကို တန်ပြန်သည့် အနေဖြင့် စစ်တပ်အတွင်း ဝါဒ ဖြန့်နေကြောင်း သိရသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ် မြို့နယ် ၆ ခုကို သတ်မှတ်ထားပြီး ဝ တပ် ဖွဲ့က နယ်မြေများ ထပ်မံ တောင်းဆိုမှု ပြုလုပ်ခြင်း အပေါ် စစ်တပ် အောက်ခြေပိုင်း အထိချပြခြင်း ဖြစ်ကြောင်း ရမခ စစ်တပ် အသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဗမာစစ်တပ်က ဗကပ ထံမှ တိုက်ခိုက်သိမ်းယူထားခဲ့သော မက်မန်းမြို့နယ်ကို အထူး အခွင့်အရေး ပေးသည့် အနေဖြင့် ဝ နယ်မြေ အဖြစ် ထည့်သွင်း ပေးထားသည့် ကြားက ၄င်းတို့နှင့် မသက်ဆိုင်သော နယ်မြေများ တောင်းဆိုခြင်းသည် လူပါးဝခြင်း ဖြစ်ကြောင်း ပြောဆိုသည်ဟု စစ်တပ်နှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

“သူတို့ကို (ဝ) ၆ မြို့နယ်တောင် ပေးထားတယ်ပေါ့ ၁၉၈ဝ ခုနှစ်က (ဗမာတပ်) တိုက်ယူထားတဲ့ မက်မန်းမြို့ကိုလည်း ပြန်ပေးတယ် ဒီလို ပေးထားရဲ့သားနဲ့ အထွန့်တက်တယ် ပေါ့ဗျာ ဝ တွေက သက်သက် လူပါးဝတာ ” လို့ ပြော ဆိုကြောင်း သူက ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့က တန့်ယန်းမြို့တွင် နအဖစရဖချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် ဝတပ်ဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံစဉ်က မိုင်းပေါက် မိုင်းဖျင် မြို့နယ်နှင့် ထိုင်းနယ်စပ်ရှိ ဝ တပ်ဖွဲ့ တောင်ပိုင်း နယ်မြေများကို ဝ တပ်ဖွဲ့က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထိုစဉ် တောင်းဆိုမှုနောက်ပိုင်း နှစ်ဘက်တင်းမာမှုများ ဖြစ်ပေါ်လာကာ ဗမာစစ်တပ်မှ ယခုလိုစတင် လုပ်ဆောင်လာခြင်း ဖြစ်ရာ ယခုကိစ္စကို စစ်တပ်အတွင်းတွင် သာမက အများပြည်သူ သွားလာရာ ဈေးများအတွင်း စာကပ်ခြင်း ကိုပါ ကျယ်ပြန့်စွာ လုပ်ဆောင် နေကြောင်း သိရသည်။

“နှစ်ဘက်ဈေးပေါ့ နယ်စပ်တွေမှာ မိုင်းယန်းမြို့ထဲမှာတို့ မုံးဖျင် ဈေးတွေမှာ မသိမသာ လာကပ်သွားတာတို့ ဝ တွေ က လူပါး ဝတယ်ပေါ့ သူတို့လည်းလူမျိုးကြီးစိတ် ရှိတယ် ဆိုတာတို့ ဝ ဒေသမှာ လားဟူတွေကို နိပ်စက်တယ် ဆိုတာတို့ စာတွေ တရားမဝင် လိုက်ကပ်တယ် ” လို့ သူက ဆိုသည်။

၁၉၇၁ ခုနှစ်အတွင်းက ဗကပက မိုင်းပေါက် မိုင်းဖျင် ဒေသများကို ဗမာစစ်တပ် ထံမှ တိုက်ခိုက် သိမ်းယူထားခြင်း ဖြစ်ရာ ထိုစဉ်က ထိုဒေသများတွင် လားဟူလူမျိုး အများစု နေထိုင်သော်လည်း ဝ အုပ်ချုပ်မှုအောက် နှစ် ၄ဝ ကြာ လာသောအခါ ဝ လူမျိုးက ရာခိုင်နှုန်း ၆ဝ ကျော် ဖြစ်လာကြောင်း သိရသည်။

အဆိုပါ ဒေသများကို စစ်ရေးနှင့်နိုင်ငံရေး အရ တောင်းဆိုခြင်း ဖြစ်ကြောင်း ဝ တပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ယခုလို ပြောပြသည်။

“မုံးပေါက်နှင့် မုံးဖျင် ဒီနှစ်ခု ပြသနာက ဘာလဲဆိုလို့ရှိရင် မုံးဖျင်ကို ပေးလိုက်ရင် ဝ နဲ့ မိုင်းလား အဖွဲ့ ဆက်စပ်မှု ပြတ်သွားမယ် နောက်တစ်ခုက မုံးပေါက်မြို့နယ်ကျတော့ မြေအနေအထား အရ ပန်ဆန်း(ဝ ဗဟို) ကို စီးမိုးထားတယ် ဒါက စစ်ရေးအရ အချက်အခြာ ကျတဲ့ အကြောင်း တစ်ကြောင်းဖြစ်တယ် ”

“နိုင်ငံရေးအရပြောရရင် မုံးပေါက်နဲ့ မုံးဖျင်က ၁၉၇၁ မှာ လွပ်လပ်ခဲ့တယ် ဒေသအရပြောရင် ဝ ဒေသ မဟုတ်ဘူး ဝ အနည်းစုဖြစ်တယ် အများစုက လားဟူဖြစ်တယ် အခုချိန်မှာတော့ လူဦးရေ အရဆိုရင် ဝ က အများစု ဖြစ်သွားပြီ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ဆိုရင် မုံးဖျင်က မုံးယန်းထဲကို ပါသွားတယ် မုံးပေါက်က မုံးခတ်မြို့နယ်ထဲ ပါသွားမယ် အားလုံးက ကျိုင်းတုံ ခရိုင်ထဲမှာပဲ ဝ က နှစ်ပေါင်းများစွာ အုပ်ချုပ်လာတဲ့ အောက်မှာ လူထုက သူတို့လူထု ဖြစ်သွားပြီ ဝ မိသားစုတွေ ဖြစ်သွားပြီ ”လို့ သူက ပြောသည်။

ထိုင်းနယ်စပ်ရှိ ဝ တောင်ပိုင်းတပ်ဖွဲ့ နယ်မြေကို ဝ တပ်ဖွဲ့မှ တောင်းဆို ရခြင်းမှာ ဗမာ စစ်တပ်ထံ လက်နက် ချသွားသည့် ခွန်ဆာ တပ်များနှင့် တိုက်ခိုက်ရာတွင် ဝ တပ်သား ထောင်ချီ အသက်ပေးရခြင်းနှင့် ရွေ့ပြောင်းသွားသော ဝ တပ်များ၏ စီးပွားရေး အရ ရင်းနှီး မြုတ်နှံမှုများ နယ်မြေ တည်ဆောက်ထားမှုများသည် အကြောင်းအရင်း တစ်ခု ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလဆန်းပိုင်းက ဝ ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များကို အောက်ခြေ တပ်များသို့ ချပြရာ တွင် ဗမာစစ်တပ်၏ တိုင်းရင်းသားများ အပေါ် သွေးခွဲမှုများကို သတိထားရန်နှင့် စည်းလုံး ညီညွတ်ကြရန်လည်း ပါဝင် ကြောင်း ၀ အဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

လက်နက်ကိုင်အင်အားတောင့်တင်းသော ဝ ပြည် သွေးစည်းညီညွတ်ရေး ပါတီကို နအဖ ၂ဝဝ၈ ဖွဲ့စည်းပုံက အထူး အခွင့်အရေး ပေးခဲ့သော်လည်း ကချင်ပြည်နယ်တွင် သမိုင်းကြောင်း နယ်မြေနှင့် လူမျိုး အခိုင်အမာရှိသော သျှမ်း လူမျိုးများ၏ ကိုယ်ပိုင် အုပ်ချုပ်ရေး ရရေး ညီလာခံအတွင်း တောင်းဆိုမှုမှာ လျစ်လျှူရှုခြင်း ခံခဲ့ရသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့