..............................

Tuesday, December 8, 2009

ဝတပ်ဖွဲ့ဗဟို၏ အရေးပေါ် အစည်းအဝေးဆုံးဖြတ်ချက် အောက်ခြေအထိ ချပြ ဆွေးနွေးနေပြီ

ခိုင်လင်း / ၈ ဒီဇင်ဘာ ၂၀၀၉

နိုဝင်ဘာ (၂၆) ရက်မှ (၂၈) ရက်အထိ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) ဝတပ်ဖွဲ့ ဌာနချုပ် ပန်ဆန်းမြို့တွင် ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး၏ ဆွေးနွေး ဆုံးဖြတ်ချက်များကို ခရိုင်၊ မြို့နယ်နှင့် တိုက်နယ် အဆင့်အထိ ချပြ ဆွေးနွေးနေသည်။

ဝတပ်ဖွဲ့၏ လက်နက်တလက်၊ နယ်မြေတလက်မကိုမျှ အဆုံးရှုံးမခံရေး အတွက် မိမိဒေသကို မိမိကာကွယ်သွားမည်၊ ဝတောင်ပိုင်းနှင့် မြောက်ပိုင်း ဒေသများကို ခွဲထုတ်သည့် အစီစဉ်ကိုလည်း လက်မခံကြောင်းနှင့် ဝတပ်ဖွဲ့၏ စည်းလုံး ညီညွတ်မှုကို ပြိုကွဲစေမည့် သွေးထိုးလှုံ့ဆော် သပ်လျှိုမှုများကို ကာကွယ်သွားမည်၊ ဝပြည်နယ်လူထု၏ အကျိုးစီးပွား အတွက် ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ၏ ဦးဆောင်လမ်းညွှန်မှု အောက်တွင် ဝတပ်မတော်က လိုက်နာ ဆောင်ရွက် သွားရမည်ဖြစ်ပြီး စစ်ရေးအသင့် ပြင်ဆင် ထားရမည်ဟု ၀တပ်ဖွဲ့ ဗဟိုက ဆုံးဖြတ်ထားသည်ဟု ဝတပ်ဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူ တဦးက ပြောသည်။

ထို့အပြင် နိုဝင်ဘာ (၁) ရက်နေ့က ထုတ်ပြန်ထားသည့် ဒေသအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို အကောင်ထည်ဖော် လုပ်ဆောင်သွားမည်၊ အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံ နယ်စပ်ဒေသ အာဏာပိုင်များနှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါးကို တိုက်ဖျက်သွားမည် ဟုလည်း ဆုံးဖြတ်ချက်တွင် ပါရှိသည်ဟု အဆိုပါနီးစပ်သူက ပြောသည်။

၎င်းက “ဗိုလ်ရဲမြင့်နဲ့တွေ့ပြီးမှ ဗဟိုကော်မတီအရေးပေါ်အစည်းဝေးကနေ ဆုံးဖြတ်လိုက်တာ ဆိုတော့ ထူးခြားတာပေါ့။ အခု အဲဒီ ဆုံးဖြတ်ချက်တွေကို ခရိုင်၊ မြို့နယ်အလိုက် အောက်ခြေအထိ ချပြ ဆွေးနွေးနေတယ်” ဟု ပြောသည်။

ဝပြည်နယ်ကို မြန်မာနိုင်ငံထဲမှ ခွဲထွက်မည်မဟုတ်သလို မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာသည် တိုင်းရင်းသား အရေး ကိစ္စရပ် ဖြစ်ပြီး မှန်မှန်ကန်ကန် ဖြေရှင်းနိုင်မှသာ အမျိုးသား အချင်းချင်း ယုံကြည်မှု တည်ဆောက်ရေး၊ ဒီမိုကရေစီရေး၊ တန်းတူညီမျှရေး ရှိလာမည်ဟု ဝ ဗဟိုကော်မတီက ယုံကြည် ဆုံးဖြတ်ထားသည်ဟု အဆိုပါ ဝ တပ်ဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူက ပြောသည်။

နိုဝင်ဘာ (၁၄) ရက်က ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် စစ်ဘက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ပါဝင်သော အဖွဲ့နှင့် ဝတပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျံ ဦးဆောင်သော အဖွဲ့အကြား တွေ့ဆုံခဲ့မှုအတွင်း မိမိတပ်ဖွဲ့ကို မိမိဘာသာ အုပ်ချုပ်မည် ဆိုသည့် အချက်အပါအဝင် ဝတပ်ဖွဲ့၏ တောင်းဆိုချက်များကို နအဖဘက်က ငြင်းဆိုခဲ့ပြီး ဒီဇင်ဘာ လကုန်ရက် မတိုင်မီ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် အကြောင်းပြန်ရန် နအဖ၏ ဖိအားပေးခြင်း ခံခဲ့ရပြီးနောက် ဝတပ်ဖွဲ့က ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဝတပ်ဖွဲ့သည် ကိုးကန့်တပ်ဖွဲ့ကဲ့သို့ လွယ်လွယ်ကူကူတိုက်၍ ရမည် မဟုတ်ကြောင်းနှင့် မိမိတို့သည် မိမိဒေသကို အစွမ်းကုန် ခုခံကာကွယ်သွားမည်ဟု ဝတပ်မှူးတဦးက မကြာသေးမီက ပြောခဲ့သည်။

၎င်းက “ကိုးကန့်တပ်ဖွဲ့ကျတော့ သူတို့အချင်းချင်းထဲမှာကို စီးပွားရေးနဲ့ ပတ်သက်လို့ ပြဿနာတွေ ရှိနေတယ်။ ကျနော်တို့ကျတော့ အဲလို မဟုတ်ဘူး။ သမိုင်းကြောင်းအရလည်း မတူဘူး။ ကျနော်တို့ လက်နက် ကိုင်ထားတာဟာ ငြိမ်းချမ်းရေးကို လိုလားလို့၊ မိမိဒေသကို မိမိကာကွယ်ဖို့ ကိုင်ထားတာ။ ကိုယ်ကတော့ သွားပြီး တိုက်မှာ မဟုတ်ဘူး။ သူတို့ ရန်စလာပြီ၊ ကျူးကျော်လာပြီ ဆိုရင်တော့ အစွမ်းကုန် ခုခံ ကာကွယ်သွားမယ်” ဟု ပြောသည်။

ယခု ဝဗဟိုကော်မတီ အရေးပေါ်အစည်းဝေးဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဝတပ်ဖွဲ့၏ တာဝန်ရှိသူများကို ဖုန်းဆက်သွယ်၍ မရပေ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့