..............................

Tuesday, December 8, 2009

ဝတပ်ဖွဲ့၏ ၉ ချက်ပါ အဆိုကို မြန်မာစစ်အစိုးရက လုံးဝငြင်းပယ်

၂၀၀၉-၁၂-၀၇

နယ်ခြားစောင့်တပ်ပြောင်းလဲရေးနဲ့ ဝ ပြည်နယ်သတ်မှတ်ရေး ကိစ္စတွေအပါအဝင် UWSA ဝတပ်ဖွဲ့ရဲ့ အချက် ၉ချက်ပါ တန်ပြန်တောင်းဆိုချက်ကို မြန်မာစစ်အစိုးရက လုံးဝ ငြင်းပယ်လိုက်တယ်လို့ RFA က စုံစမ်း သိရပါတယ်။

ဒီလိုငြင်းပယ်ခဲ့တာဟာ အနှစ် ၂၀ ကျော် အပစ်ရပ်စဲထားတဲ့ ဝ တပ်နဲ့ မြန်မာစစ်တပ် အကြား ငြမ်းချမ်းရေးကို ထိခိုက်နိုင်တဲ့ အတွက် ဒီလိုဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဝ ခေါင်းဆောင်ပိုင်းက တပ်အဆင့်ဆင့်ကို ဒီရက်ပိုင်းမှာ တပ်လှန့် အကြောင်းကြား ထားတယ်လို့ တိုင်းရင်းသား သတင်း ရက်ကွက်က ဆိုပါတယ်။

ဝတပ်ရဲ့ အချက် ၉ ချက်ပါ တောင်းဆိုချက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့က ဒုဗိုလ်ချုပ်ကြီးရဲမြင့်က တဆင့် စစ်အစိုးရထံ တင်ပြခဲ့ရာမှာ စစ်အစိုးရဖက်က လုံးဝ လက်မခံနိုင်ကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့မှာ အကြောင်းပြန်ခဲ့တာလို့ အမည်မဖေါ်လို့တဲ့ ဝ အရာရှိတွေကို ကိုးကားပြီး တရုတ်မြန်မာ နယ်စပ် စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။

ဦးအောင်ကျော်ဇော။ ။“ အဓိက သုံးချက်လောက်ပါတယ်။ သူတို့ ဗိုလ်ရဲမြင့်နဲ့တွေ့ပြီး ပြန်လာပြီးတော့ သူတို့ ဗဟိုကော်မတီပေါ့နော်၊ ဆွေးနွေးဆုံးဖြတ်ထားတဲ့ ဟာတွေရှိတယ်။ တပ်ရင်းအလိုက်၊ တပ်မဟာအလိုက်၊ ဌါနအလိုက် ချပြနေတယ်။ အဓိက ပြဿနာက နိုဝင်ဘာ ၁၄ ရက်နေ့ ပေးတဲ့ အထဲမှာ သူတို့ အချက် ၉ ချက်လောက်ပါတယ်။ အဲဒီ အချက် ၉ ချက်က ဒီ Border Guard ကို မူအရ လက်ခံတယ်၊ ဒါပေမယ့် သူတို့ ပြောင်းလဲမှုတွေ အခြေအနေအရ သူတို့ဘက်က တောင်းဆိုတဲ့ အချက်တွေ ရှိပါတယ်။ ဆိုပါတော့ သူတို့ တောင်ပိုင်းကို ပြန်မအပ်နိုင်ဘူး၊ တောင်ပိုင်း၊ မြောက်ပိုင်းကို သူတို့ တိုင်းတတိုင်းပေးဖို့လိုတယ်၊ တောင်းဆိုတာပါတယ်။”

ဒီအချက် ၉ ချက်မှာ အဓိကအားဖြင့် နယ်ခြားစောင့်တပ် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး မူအရ လက်ခံခဲ့ပေမယ့် ဖွဲ့စည်းပုံအရ စစ်အစိုးရ တပ်အောက်မှာ မဟုတ်ပဲ သီးခြားရပ်တည်ခွင့် ပေးဖို့၊ ဒေသနှစ်ခုကွဲနေတဲ့ ဝဒေသထဲက တောင်ပိုင်းကို စစ်အစိုးရထံ ပြန်လွှဲအပ်ရေး ကိစ္စ ဝဖက်က လက်မခံပဲ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို တိုင်း ၂ တိုင်း စစ်အစိုးရက အသိအမှတ်ပြု သတ်မှတ်ပေးဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့ ဝနယ် မုံးပေါက်နဲ့ မုံးဖျံဒေသတွေကို မြန်မာဖက်က မုံးလားနဲ့ ကျိုင်းတုံခရိုင်တွေထဲမှာ ထည့်ထားတာကို ပြန်ပြင်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

အခုလို စစ်အစိုးရက ဝ တပ်ဖွဲ့ရဲ့ ပြန်လည်တောင်းဆိုချက်ကို လုံးဝ ပယ်ချလိုက်တဲ့အတွက် UWSA နဲ့ မြန်မာစစ်အစိုးရအကြား အနာဂတ် ဆက်ဆံရေးနဲ့ ငြိမ်းချမ်းရေးဟာ မရေမရာ ဖြစ်သွားတယ်လို့ မြန်မာ့အရေး လေ့လာသူတွေက ပြောကြပါတယ်။

ဝ တပ်က တောင်းဆိုချက်၊ စစ်အစိုးရက တုံ့ပြန်ချက်နဲ့ ဝ ဒေသ ငြိမ်းချမ်းရေး အလားအလာတွေနဲ့ ပတ်သက်ပြီး တရုပ်မြန်မာ နယ်စပ်က မြန်မာ စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကို RFA မှ ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။

Ref: နားဆင်ရန်

Ref: RFA News

0 comments:

အပေါ်သို့