..............................

Friday, November 27, 2009

တြိဂံဒေသ လားဟူပြည်သူ့စစ်များအား မဲခေါင်နယ်ခြား လုံခြုံရေးတပ်ရင်း အဖြစ် စတင်ဖွဲ့စည်း

ကြာသပတေးနေ့၊ 26 နိုဝင်ဘာလ 2009

နအဖ စစ်ရုံးချုပ်ညွှန်ကြားချက်အရ တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲ ရွှေတြိဂံဒေသ လားဟူ ပြည်သူ့စစ် အဖွဲ့များ စုစည်း၍ မဲခေါင် နယ်ခြား လုံခြုံရေး တပ်ရင်း အဖြစ် စတင် ဖွဲ့စည်းလိုက်ကြောင်း တာချီလိတ်မြို့ခံ လားဟူ အသိုင်းအ၀ိုင်းက ပြောပါသည်။

“တာလေက ဂျကူးနီပြည်သူ့စစ်အဖွဲ့နဲ့ မိုင်းကိုး ကျေးရွာ အုပ်စု လားဟူပြည်သူ့စစ် တပ်ဖွဲ့ ပေါင်းခိုင်းတယ်။ မဲခေါင် နယ်ခြား လုံခြုံရေး တပ်ရင်းအဖြစ် စုဖွဲ့ လိုက်တယ်လေ။ တာချီလိတ်မြို့နယ် နားယောင်းကျေးရွာ အုပ်စုမှာ တပ်ရင်းရုံး စိုက်တယ်” - ဟု ဒေသခံ စိုင်းနွံနွဲ့ က ပြော၏။

နေပြည်တော်ညွှန်ကြားချက် အရ ယခုလလယ်ပိုင်းက ကြပ်ပြေး အရာရှိ အချို့နှင့် တြိဂံ စစ်တိုင်းရုံး စစ်အာဏာပိုင်များ တာလေ (မြို့နယ်ခွဲ) သို့ ရောက်ရှိပြီး အင်အား ၃၀၀ ခန့်ရှိ ဂျကူးနီ ပြည်သူ့စစ်နှင့် အင်အား ၁၀၀ ခန့်ရှိ မုံးကိုး လားဟူ ပြည်သူ့စစ်တို့ ပေါင်း၍ မဲခေါင် နယ်ခြား လုံခြုံရေး တပ်ရင်း အဖြစ် ဖွဲ့စည်း ပေးလိုက်ခြင်း ဖြစ်၏။

“အခုက ဗမာစစ်တပ်အတိုင်းဘဲ၊ ရာထူးရာခံအဆင့်ဆင့် အပြင် ထောက်လှမ်းရေး အဖွဲ့တွေလဲ ရှိတယ်။ လူဟောင်းတွေတော့ အများကြီး ထွက်မယ်၊ လူသစ်ကိုတော့ ပါလျော - ကျိုင်းလပ်ကနေ ဆမ်ပူးကျေးရွာ အုပ်စုဘက်အထိ မဲခေါင်မြစ်ဝှမ်း တလျှောက် အယောက် ၆၀ လောက် ထပ်ကောက်တာ တွေ့ရတယ်။ တပ်ရင်းမှူးကတော့ ဂျဆိုဗိုလ်ရဲ့သား ဆရာစိုင်းအွန် တဲ့။ သျှမ်း- လားဟူ ကပြား” - ဒေသခံ ၀န်ထမ်း တဦးက ပြောပြသည်။

စစ်အုပ်စုအဆိုအရ ၂၀၀၉ ဒီဇင်ဘာ အကုန် ပါလျော - ကျိုင်းလပ် မှ ရွှေတြိဂံဒေသ ဆမ်ပူး အထိ မဲခေါင်မြစ်ဝှမ်း အနောက် ဘက်တလွှား လှုပ်ရှားနေသည့် မြန်မာစစ်တပ်များ အကုန် ရုပ်သိမ်းပေးမည် ဖြစ်ကြောင်း၊ ဒေသခံ လားဟူများဖြင့် ဖွဲ့စည်းထားသည့် မဲခေါင်နယ်ခြား လုံခြုံရေး တပ်ရင်းမှ အစားထိုး နေရာယူမည် ဖြစ်ကြောင်း၊ အခြေခံလစာ တစ်ယောက် ကျပ်ငွေ နှစ်သောင်း စတင် ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဗမာ့တပ်မတော်သားများ နည်းတူ စစ်ဝတ်စုံ၊ စားနပ်ရိက္ခာ၊ လစာငွေအပြင် အခွင့်ထူးများပင် ရရှိမည် ဖြစ်ကြောင်း - “လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှား ကူးသန်း ရောင်းဝယ်လို့ ရမယ်လေ။ အဲ့ဒါကြောင့် အခု ပြည်သူ့စစ်တပ်ဖွဲ့ထဲ ၀င်ဖို့ ဘတ်ငွေ ၃၀၀၀၀ ပေးပြီး အသင်းဝင် (အမည်ခံ) တဲ့ လူတောင် ရှိတယ် ပြောတယ်” - ဟုလား ဟူအမျိုးသား တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

ယခုဖွဲ့စည်းလိုက်သည့် မဲခေါင် နယ်ခြား လုံခြုံရေး တပ်ရင်းသည် ဟိုမိန်း (မြို့နယ်ခွဲ) နယ်ခြား ကာကွယ်ရေး တပ်ဖွဲ့ကဲ့သို့ အခြား သာမာန် ပြည်သူ့စစ် အဖွဲ့များထက် အခွင့်ထူးများ ပိုမည်ဟု သုံးသပ်သူများ ရှိ၏။

မဟာကြာဦးဆောင်သည့် ဟိုမိန်းနယ်ခြားကာကွယ်ရေး တပ်ဖွဲ့လည်း လူသစ် ထပ်ကောက်ပြီး ဒုတိယ အသုတ် စစ်သင်တန်း ပေးနေ၏။ မိုင်းဆတ် မြို့နယ် အတွင်းရှိ လားဟူ ပြည်သူ့စစ်များလည်း တပ်ရင်း အဆင့် တိုးချဲ့ရန် အတွက် သင်တန်းသား ခေါ်ယူ ခဲ့သော်လည်း ဘိန်းစားများသာ ပို့ပေးသောကြောင့် နေရပ် ပြန်ပို့ခြင်း ခံရကြောင်း မိုင်းဆတ် ပြည်သူ့စစ် အသိုင်းအ၀ိုင်းမှ ဆိုသည်။

ဂျူလိုင် ၇ ရက် ၂၀၀၉ ထုတ် NDD သုတေသန မှတ်တမ်းအရ - ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ညွှန်ကြားချက်က ကျေးရွာ အုပ်စုတခုလျှင် ပြည်သူ့စစ် တပ်ရင်းတရင်း တပြည်လုံးအနှံ့ ဖွဲ့စည်းရမည် ဟု ဆိုသည်။

မိုင်းတုံမြို့နယ်အတွင်းရှိ လားဟူပြည်သူ့စစ်များ စုပေါင်းပြီး တပ်ရင်းတရင်း ဖွဲ့စည်း ပေးလိုက်ပြီး ဖြစ်ကြောင်း နိုဝင်ဘာ လဆန်း ပိုင်းက သျှမ်းသံတော်ဆင့်မှ တင်ပြခဲ့ပြီး ဖြစ်သည်။

ကျေးရွာအုပ်စုတခု ပြည်သူ့စစ်တပ်ရင်းအဆင့်တိုးချဲ့ ဖွဲ့စည်းခိုင်းခြင်းသည် ရှေးဘုရင်ခေတ် ကဲ့သို့ လည်းကောင်း၊ တိုက်ပွဲ ဖြစ်ခဲ့လျှင် (Cannon Fodder လက်နက်ကြီး ဓါးစာခံ) ရှေ့ပြေး တပ်အဖြစ် လည်းကောင်း၊ ဗမာ့တပ်မတော် ကိုယ်စား အသေခံပေးရမည် ဖြစ်ကြောင်း လေ့လာသူများ ပြောဆို သုံးသပ်ကြပါသည်။

နအဖ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၀၄ စစ်တမ်းတွင် သျှမ်းတွင် ခရိုင်ပေါင်း ၁၂ ခု၊ မြို့နယ်ပေါင်း ၅၅၊ မြို့နယ်ခွဲ ၂၀ ၊ မြို့ ၇၄ မြို့၊ ရပ်ကွက် ၄၁၅ ၊ ကျေးရွာ အုပ်စုပေါင်း ၁၆၃၃၊ ကျေးရွာပေါင်း ၁၅၄၂၁ ရှိသည်ဟု ဆို၏။ ကျေးရွာအုပ်စုတိုင်း ပြည်သူ့စစ် တပ်ရင်း တရင်းစီ ထားမည် ဆိုပါက (ဌာနေ/အမာခံ/အရန်) ပြည်သူ့စစ် တပ်ရင်း ၁၅၀၀ ရင်းထက် လျော့မည် မဟုတ်ပေ။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့