..............................

Tuesday, November 24, 2009

တပ်ပြေး များပြားလွန်းသဖြင့် ဖွဲ့စည်းပုံမပြည့်

လင်းနိုင်ဦး
၂၃ နိုဝင်ဘာ ၂၀၀၉

မကြာသေးမီက ဖွဲ့စည်းပြီးသွားသည့် ကချင်အထူးဒေသ (၁) နယ်ခြားစောင့် တပ်ဖွဲ့တွင် တပ်ပြေးများ အလွန် များနေခြင်းကြောင့် မူလ ဖွဲ့စည်းပုံ၏ တဝက်ပင် အင်အား မရှိတော့ကြောင်း အဆိုပါ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တဦးက ပြောသည်။

မြစ်ကြီးနား ပျဉ်ထောင်တွင် စစ်သင်တန်းတက်ရန် ရောက်ရှိနေသည့် အဆိုပါ တပ်ဖွဲ့ဝင်က “ကျနော်တို့ တပ်ရင်း (၂) ရင်း စစ်သင်တန်း တက်ဖို့ မြစ်ကြီးနား ပျဉ်ထောင်ကို လာကြတယ်။ စုစုပေါင်း (၆ဝဝ) လောက် လာတာမှာ တပ်သားတွေ ထွက်ပြေး ကုန်ကြလို့ တပ်ရင်း (၂) ရင်းစာမှာ (၂၇၆) ယောက်ပဲ ပါလာတယ်။ ဒါတောင် တပ်သားတွေ မရှိလို့ ပြည်သူ့စစ်တွေ ခေါ်ထည့် လာတာက တဝက် နီးပါးလောက် ရှိတယ်။ ခု ဒီမြစ်ကြီးနား မှာတော့ စည်းကမ်း တင်းကျပ်ထားတော့ ပြေးလို့ မရဘူး။ သင်တန်းပြီးလို့ ကိုယ့်ဒေသကိုယ် ပြန်ရောက်ရင် ပြေးကြဦးမယ်။ လူတောင် ကျန်ပါ့ဦးမလား မသိဘူး” ဟု ပြောသည်။

ကချင်အထူးဒေသ (၁) မှ အန်ဒီအေ (ကချင်) တပ်ဖွဲ့သည် နအဖ စစ်အစိုးရ တောင်းဆိုသည့် အတိုင်း နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး တပ်ရင်းအမှတ် (၁ဝဝ၁၊ ၁ဝဝ၂၊ ၁ဝဝ၃) ဟူသော တပ်ရင်း (၃) ရင်းကို တရင်းလျှင် လူ (၃ဝဝ) စီဖြင့် ဖွဲ့စည်းခဲ့သည်။

စတင်ဖွဲ့စည်းရန် ပြင်ဆင်စဉ်ကတည်းက မူလ အန်ဒီအေ တပ်သား အများစုက နယ်ခြားစောင့် တပ်တွင် ဆက်လက် ပါဝင်လိုခြင်း မရှိဘဲ ထွက်ကြခြင်းကြောင့် တပ်သားသစ်များ အလျင်အမြန် စုဆောင်းခဲ့ရသည်။

တောင်ပေါ် ကျေးလက်ဒေသတို့မှ အဓိကထား စုဆောင်းထားသည့် တပ်သားသစ်များသည် တပ်ရင်း စခန်း ရောက်ရောက်ချင်း ည၌ပင် ပြန်ထွက်ပြေး ကြခြင်း မျိုးလည်း မကြာခဏ ဖြစ်ပွားခဲ့ကာ မြန်မာပြည်ထဲမှ လော်ဝေါ်၊ လချိတ် တိုင်းရင်းသား များက ၎င်းတို့ မူလ ကျေးရွာများနှင့် ကေအိုင်အေ တပ်များဘက်သို့ ထွက်ပြေးကြပြီး တရုတ် သွေးပါသူများက တရုတ်ပြည်ဘက် ထွက်ပြေးကြသည်။

တပ်ရင်း (၁ဝဝ၁) ၏ တပ်ရင်းမှူးဖြစ်လာမည့် ဘုမ်လန်းလည်း နယ်ခြားစောင့် တပ်တွင် ဆက်လက် ပါဝင်လိုခြင်း မရှိဘဲ တပ်မှ ထွက်သွား၍ သူ့နေရာတွင် ဒယ်တန်ခေါင်လွန်းကို အစားထိုး ခန့်အပ်ခဲ့ရကြောင်း သိရသည်။

ယခုကဲ့သို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဖြစ်လာမည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကိစ္စကို ကချင်အထူး ဒေသ (၁) ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းမှ လွဲပြီး အခြားခေါင်းဆောင်များက ထောက်ခံမှု မရှိခြင်းကြောင့်လည်း နဂိုတပ်ဖွဲ့ဝင်များ တပ်ထဲ ဆက်မပါဝင် ကြဘဲ တပ်မှ ထွက်ပြေး ကြခြင်းဖြစ်ကြောင်း အန်ဒီအေ (ကချင်) ခေါင်းဆောင်ဟောင်း တဦးက ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းပုံအရ တပ်ရင်းတွင် လာပူးပေါင်းမည့် နအဖစစ်တပ်မှ အမြင့်ဆုံးလူမှာ ဗိုလ်မှူး ရာထူး ရှိသူဖြစ်ပြီး နယ်ခြားစောင့် တပ်ရင်း၏ အမြင့်ဆုံးရာထူး တပ်ရင်းမှူးကိုလည်း ဗိုလ်မှူးရာထူးပဲ ပေးထားခြင်းကြောင့် နယ်ခြားစောင့် တပ်ရင်းမှူး ဗိုလ်မှူးသည် နအဖ စီနီယာ ဗိုလ်မှူး၏ အမိန့်ကို နာခံရမည့် သဘော ဖြစ်သည်ဟု ၎င်းက ပြောသည်။

တပ်ရင်းအတွက် အရေးကြီးသည့် ထောက်ပံ့ရေးနှင့် ဆက်သွယ်ရေး တာဝန်များကို နအဖ တပ်ဖွဲ့ဝင်များက ရယူချုပ်ကိုင် ထားကြောင်း၊ ထောက်ပံ့ရေး ဌာနသည် စစ်လက်နက် ပစ္စည်းများကိုလည်း ကိုင်တွယ် ထိန်းသိမ်းရသည့် ဌာန ဖြစ်ခြင်းကြောင့် တပ်ရင်း ဖွင့်လှစ်ပွဲများ လုပ်စဉ် ကာလကတည်းက တပ်သား မပြည့်၍ ပြည်သူ့စစ် အများအပြားက တပ်သား အဖြစ် ယာယီဝင်ရောက် ဖွဲ့စည်း ပေးထားရခြင်း ဖြစ်ကြောင်း၊ ယခု မြစ်ကြီးနား ပျဉ်ထောင်တွင် စစ်သင်တန်း တက်ရန် ကိစ္စကိုလည်း တိုင်းမှူးနှင့် ခေတ္တ တွေ့ဆုံရုံသာ ဆိုပြီး ခေါ်ဆောင် လာခြင်းဖြစ်ကြောင်း အချို့ တပ်သားများက ပြောကြသည်။

ကချင် အထူးဒေသ (၁) တွင် တပ်ရင်း (၃) ရင်းရှိသည့် အနက် တပ်ရင်း (၁ဝဝ၂) ကို ဒေသစောင့် အဖြစ် ထားခဲ့ပြီး ကျန်တပ်ရင်း (၂) ရင်းက အခြေခံ စစ်သင်တန်း လာတက်ကြခြင်း ဖြစ်ကာ တပ်ပြေးများ၍ တပ်ရင်း (၁ဝဝ၁) တွင် (၁၆၆) ယောက်၊ (၁ဝဝ၂) တွင် (၁၁ဝ) ယောက်သာ ပါလာကြပြီး ကြီးကြပ်သူ ဒေသခံ အရာရှိအချို့လည်း ပျဉ်ထောင်ကို လိုက်ပါလာကာ တပ်ရင်း (၂) ရင်းမှ ကျန်အရာရှိများမှာမူ ဗထူးတပ်မြို့၌ အရာရှိ သင်တန်း သွားတက် နေကြကြောင်း စုံစမ်း သိရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့