..............................

Tuesday, June 16, 2009

နအဖ၏ပြောဆိုချက်များ အခြေအမြစ်မရှိဟု ကေအန်ယူ ပြန်လည် တုံ့ပြန်

NEJ / ၁၅ ဇွန် ၂၀၀၉

နအဖနှင့်ဒီကေဘီအေ ထိုးစစ်များကြောင့် ကရင်ရွာသားများ ထိုင်းဘက် ထွက်ပြေး နေရသဖြင့် ထိုးစစ် ချက်ချင်းရပ်ရန် ယခုလ (၁၁) ရက်၌ ဥရောပသမဂ္ဂ (အီးယူ) ၏ တောင်းဆိုမှုကို မြန်မာ ဘက်က ပယ်ချ လိုက်မှုနှင့် ပတ်သက်၍ နအဖ၏ ပြောဆိုချက်များသည် လိမ်လည် ပြောဆိုမှု များသာ ဖြစ်သည်ဟု ကေအန်ယူက ပြောသည်။

အီးယူ၏တောင်းဆိုမှုကို မြန်မာနိုင်ငံခြားရေး ဌာနမှ ပယ်ချခဲ့ပြီး သောင်းကျန်းသူများ ထံမှ ရရှိသည့် သတင်းကို အခြေခံပြီး ထုတ်ပြန်ခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ ဗဒို ဒေးဗစ် သကဘောက “အီးယူက ထုတ်တဲ့ ကြေညာချက်ဟာ သူပုန်ဆီက ရတဲ့ သတင်း ဖြစ်တယ်လို့ နအဖပြောတာ လုံးဝ မဟုတ်ဘူး။ အခု တပ်မဟာ (၇) မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ဒီကေဘီကေနဲ့ နအဖစစ်တပ် ခလရ -၈၁၊ ခမရ -၂၀၁၊ ၂၀၂၊ ၂၀၃၊ ၂၀၅၊ ၂၁၀ တပ်တွေ ပူးပေါင်းပါဝင် တိုက်ခိုက်နေတာ ဖြစ်တယ်ဆိုတာကို ထွက်ပြေးလာတဲ့ ရွာသားတွေဆီမှာ လွတ်လပ်တဲ့ သတင်းထောက်တွေ၊ ပညာရှင်တွေ၊ ကိုယ်တိုင်သွားရောက် သတင်းယူတာ ဖြစ်တယ်။ နိုင်ငံတကာသံရုံး အချို့ ကလည်း ပါတယ်။ အဲ့တာကို အီးယူက အခြေခံပြီး ထုတ်တာပါ။ နအဖရဲ့ ပြောဆိုမှုတွေဟာ အခြေအမြစ် မရှိ လိမ်လည် ပြောဆိုတာပဲဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသအတွင်း လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများ သည် ကေအန်ယူနှင့် ဒီကေဘီအေတို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများသာ ဖြစ်ပြီး မြန်မာစစ်တပ်မှ တစုံတရာ ပါဝင်ပတ်သက်ခြင်း မရှိဟု နအဖ နိုင်ငံခြားရေး ဌာနမှ ပြောကြားခဲ့ပြီး ထိုင်းဘက် ထွက်ပြေး လာသူများသည် ရွာသားများ မဟုတ်ဘဲ ကေအန်ယူအဖွဲ့၏ ဆွေမျိုး သားချင်းများသာ ဖြစ်သည်ဟု ပြောသည်။

တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့(ဒီကေဘီအေ) မှ အရာရှိငယ် တဦးက “တပ်မဟာ (၇) မှာ အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ထိပ်တိုက် တက်ရတာက ဒီကေဘီအေ အဖွဲ့တွေပဲ။ ဗမာစစ်တပ်က အနောက်ကနေ ၀န်းရံပြီး လက်နက်ကြီးနဲ့ ကူပစ်ပေးတယ်။ (၈၁) မမ မော်တာကို ဗမာစစ်တပ်ကပဲ ပစ်ပေးတယ်။ ဒီကေဘီအေက ပစ်ခွင့် မရှိဘူး။ မင်းတို့ပစ်ရင် ထိုင်းဘက် ကျနိုင်တယ်ဆိုပြီး ပေးမပစ်ဘူး။ သူတို့ပစ်တော့လည်း ထိုင်းဘက် ကျတာတွေ အများကြီး ရှိတယ်။ ဒီကေဘီအေ အဖွဲ့ကိုင်ရတာ အကြီးဆုံးဟာ (၆၀) မမ မော်တာပဲ။ ဒီကိစ္စ အားလုံး ဗမာစစ်တပ် ခိုင်းသလို လုပ်နေရတာပါ။ ကျနော်ဒီလောက်ပဲ ပြောလို့ရမယ်” ဟု ပြောသည်။

ရက်သတ္တ (၂) ပတ်ကြာမြင့်ခဲ့ပြီးဖြစ်သည့် တပ်မဟာ (၇) ဒေသ ထိုးစစ်ကြောင့် ဒေသတွင်း ကရင်ရွာသား (၄,၀၀၀) ခန့် စစ်ပြေး ဒုက္ခသည်များ အဖြစ် လူသားချင်း စာနာ ထောက်ထားသည့် အနေဖြင့် ထိုင်းဘက်ခြမ်းတွင် ယာယီလက်ခံ ထားပြီး နယ်မြေ အေးချမ်း သွားပါက ၎င်းတို့အား နေရပ်သို့ ပြန်ပို့မည်ဟု ထိုင်းအမှတ် (၃) စစ်တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ထနွန်စာ အဖိလာ့ယိုထင်က ပြောသည်။

ဖြစ်ပွားနေသည့် တိုက်ပွဲများဂယက်ကြောင့် ထိုင်းနိုင်ငံဘက်သို့ မြန်မာစစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်များ ထိုင်းဘက်ခြမ်း မဲ့စလေ ကျေးရွာသို့ မကြာခဏ ကျရောက်ခဲ့သဖြင့် လွန်ခဲ့သည့် စနေနေ့က ထိုင်းအမှတ် (၃) စစ်တိုင်းမှူး လာရောက်ပြီး နယ်စပ် အခြေအနေကို စစ်ဆေးကာ စာသင်ကျောင်းကို ပိတ်ပြီး ထိုင်းနိုင်ငံသားများနှင့် မြန်မာ စစ်ပြေးဒုက္ခသည် (၂,၀၀၀) ခန့်ကို ဘေးလွှတ်ရာသို့ ပို့ဆောင်ပေးခဲ့သည်။

မြန်မာဒုက္ခသည်များ၏အခြေအနေမှန်ကို သိရှိရန်အတွက် ထိုင်းနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်နှင့် အဖွဲ့သည် ယနေ့နံနက်က ဒုက္ခသည်များရှိရာ တာ့ခ်ခရိုင် ထာ့ဆောင်ရန်း မြို့နယ်သို့ သွားရောက် ကြည့်ရှုခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့