..............................

Wednesday, June 17, 2009

ဒေါ်အောင်ဆန်းစုကြည်အိမ်ကို လွတ်လပ်ခွင့်ပေး

မင်းနိုင်သူ / ၁၆ ဇွန် ၂၀၀၉
နေအိမ်အကျယ်ချုပ်အမိန့်ရုပ်သိမ်းပြီးသော်လည်း အာဏာပိုင်များက ဆက်လက် ထိန်းသိမ်း ထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ကို ပြီးခဲ့သည့် စနေနေ့တွင် လွတ်လပ်စွာ ၀င်ထွက်ခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။



“ကျနော်တို့နဲ့ အာဏာပိုင်တွေနဲ့ ပြီးခဲ့တဲ့သောကြာနေ့က တွေ့ခဲ့ကြပါတယ်။ အဲဒီမှာ သူတို့က တဦးနဲ့တဦး အထင်လွဲတာပါ။ ကျနော်တို့ ကန့်သတ်ထားတာ၊ တားဆီးထားတာ မရှိပါဘူး။ နားလည်မှု လွဲတာပါလို့ ပြောပါတယ်။ နောက်ရက် စနေနေ့မှာတော့ လွတ်လပ်စွာ ၀င်ထွက်ခွင့် ရခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မေ (၂၆) တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် အမိန့် ရုပ်သိမ်းကြောင်း နအဖ ရဲချုပ်က အကြောင်းကြား ခဲ့ပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ နေအိမ် ရှင်းလင်းပေးရန် စေလွှတ်သူများ၏ နေအိမ်အ၀င် အထွက်ကို အာဏာပိုင်များက မေးမြန်းစစ်ဆေး ကန့်သတ် တားဆီးမှုများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ယင်းလုပ်ရပ်မှာ ဥပဒေနှင့် မညီသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများကို ပြောကြား ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အတားအဆီး မရှိ လွတ်လပ်ခွင့် ပေးလိုက်ပြီ ဖြစ်သော်လည်း နအဖ စစ်အစိုးရက အိမ်ရှင် ဒေါ်အောင်ဆန်းစုကြည်ကိုမူ နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) အမှုကြီး အမှတ် (၄၇/၂၀၀၉) ဖြင့် တရားစွဲဆို ထားပြီး အင်းစိန်ထောင် အတွင်း ထိန်းသိမ်းထားဆဲ ဖြစ်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် (၁၉) နှစ်ကျော် ကာလ အတွင်း (၁၃) နှစ်ကျော်ကြာ နေအိမ် အကျယ်ချုပ်ဖြင့် နေခဲ့ရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့