..............................

Thursday, December 31, 2009

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ထပ်မံရွှေ့ဆိုင်းနိုင်

ရန်ပိုင်
Wednesday, 30 December 2009

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အတွက် ဒီဇင်ဘာလကုန် နောက်ဆုံးထား အကြောင်းပြန်ရန် သတိပေးထား သော်လည်း လက်ရှိအခြေ အနေတွင် အချိန်ကာလ ထပ်မံတိုးချဲ့ သတ်မှတ်နိုင်ဖွယ် ရှိကြောင်း နိုင်ငံရေး အကဲခတ်များက ပြောဆိုနေကြသည်။

ကချင် သတင်းစဉ်မှ အယ်ဒီတာ လဖိုင်နော်ဒင်းက “KIO က ပင်လုံ စာချုပ် သဘောတူညီချက် အတိုင်း ဖြစ်ချင်တယ်၊ နိုင်ငံရေးကို နိုင်ငံရေး နည်းအရ ဖြေရှင်းချင်တယ်၊ နောက်ဆုံး အလျှော့ပေးမှုပဲ၊ ဒါပေမယ့် စစ်အစိုးရက အလျှော့အတင်း လုံးဝ မရှိဘူး” ဟု ပြောသည်။

KIA ၏ လက်ရှိ သဘောထားမှာ နိုင်ငံရေး အခက်အခဲ ပြဿနာများကို ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် သဘောတူညီချက် အတိုင်း ဖြေရှင်းရန်သာ ဖြစ်ကြောင်း၊ ပင်လုံ စိတ်ဓာတ်ဖြင့်သာ တိုင်းပြည်ကို ပြန်လည် တည်ဆောက်လျှင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ဆွေးနွေးရန်ပင် မလိုကြောင်း၊ ကချင်ပြည်နယ် အတွင်း နိုင်ငံ ရေးပါတီများ ဖွဲ့စည်းခြင်းကို စစ်အစိုးရ အနေဖြင့် စိုးရိမ်မှုမရှိဘဲ၊ လက်နက်ကိုင် တပ်ဖွဲ့များအား ထိန်းချုပ် ရေးသာ ဖြစ်ကြောင်း၊ နယ်ခြား စောင့်တပ် ဖွဲ့စည်းရေး အတွက် အချိန် ထပ်မံ ရွေ့ဆိုင်းလိမ့်မည် ဖြစ်ကြောင်း လဖိုင်နော်ဒင်းက သုံးသပ်သည်။

ယမန်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်အစိုးရ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းတို့ တွေ့ဆုံ ဆွေးနွေးမည်ဟု အတည် မပြုနိုင်သော သတင်းများအရ သိရသည်။

မကြာသေးမီကမှ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) အဖွဲ့ သည်လည်း လူအင်အား မပြည့်စုံသည့် အတွက် စစ်အစိုးရ တပ်များနှင့် အစားထိုးထား ရကြောင်း၊ အဖွဲ့ခေါင်းဆောင် ဦးစခုန်တိမ်ယိန်း သည်လည်း စီးပွားရေးကိုသာ ဇောက်ချ လုပ်ကိုင်သူ တဦးဖြစ်ပြီး မြစ်ဆုံ ရေကာတာ တည်ဆောက်မည့် စီမံကိန်း မြေနေရာတွင် ရွှေတူးဖော်ခွင့်ကို ရရှိထားကြောင်းလည်း လဖိုင်နော်ဒင်းက ပြောသည်။

သျှမ်းသံတော်ဆင့် သတင်းစာအယ်ဒီတာ ဦးစိန်ကြည်က“ အပစ်ရပ်အဖွဲ့တွေ ဒီဇင်ဘာလ ကုန်မှ လူအင်အားနဲ့ လက်နက်စာရင်း မလာရင် စစ်အစိုးရ တပ်က စံပြ အဖွဲ့တဖွဲ့ကို လုပ်ပြမယ်လို့ မိုင်းတုံဘက်က နယ်မြေခံ တပ်ရင်းတွေမှာ ပြောနေတယ်၊ ဒါပေမယ့် အချိန်တိုးပေးမယ့် သဘောရှိတယ်” ဟု ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSA-N ) အဖွဲ့အတွင်းတွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ အောက်ခြေ အရာရှိ အကြပ် တပ်သားများအား ရှင်းလင်းပြောပြသည့် ဆွေးနွေးပွဲများကို ဒီဇင်ဘာ ၇ ရက်နေ့မှ ၁၈ ရက်အထိ ပြုလုပ် ခဲ့သော်လည်း ပြေလည်မှု မရှိသေးကြောင်း၊ အင်အား ကြီးမားသော ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ဆုံးဖြတ်ချက်ကို စောင့်ကြည့် နေကြကြောင်း၊ စစ်ရေး အနေအထားအရ အသင့် အနေအထားတွင် ပြုလုပ်ထားကြသည် ဟုလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက SSA-N အဖွဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းမည့် လူစာရင်းကို စစ်အစိုးရထံသို့ ပေးပို့ ခဲ့သော်လည်း
အဓိက ပါဝင်မည့် လူဦးရေနှင့် လက်နက် စာရင်းမှာ နည်းပါးလွန်းသည့် အတွက် စစ်အစိုးရက မကျေနပ်ခြင်း ဖြစ်သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်၍ စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်ဖွဲ့ (DKBA) အတွင်းတွင်လည်း နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ အောက်ခြေ အဆင့်တွင် သဘောထား ကွဲလွဲမှုများ ရှိနေကြောင်း မကြာသေးမီကမှ KNU အဖွဲ့သို့ ပြန်လည် ၀င်ရောက်လာသည့် DKBA အဖွဲ့ဝင်ဟောင်း တဦးဖြစ်သူ စောစာပေါက ပြောသည်။

“ခေါင်းဆောင်တွေကသာ သဘောတူတာလေ၊ ရဲဘော်တွေက စစ်အစိုးရ ယူနီဖောင်း မ၀တ်ချင်ဘူး၊ တကယ်လို့ ဖြစ်လာရင်တော့ စစ်အစိုးရတပ် ခေါင်းဆောင်တွေရဲ့ အမိန့်တွေနဲ့ အရင်ထက်စာရင် ပိုအလုပ်များလိမ့်မယ်” ဟု ၎င်းက ပြောသည်။

အပစ်ရပ်တိုင်းရင်းသားအဖွဲ့များအား စစ်အစိုးရက နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေး အတွက် ယခုနှစ် ဧပြီလ ကတည်းက စတင် ခဲ့သော်လည်း ယခုအချိန်အထိ NDA-K ၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

အင်အားအကြီးဆုံးဖြစ်သည့် UWSA တပ်ဖွဲ့ အနေဖြင့် စစ်အစိုးရအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို မူအားဖြင့် သဘောတူညီ သော်လည်း တပ် ဖွဲ့စည်းလျှင် စစ်အစိုးရ ဘက်မှ ဒုတိယ တပ်ရင်းမှူး ရာထူးတခုသာ ပါဝင်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ထို့အပြင် ရှမ်းပြည် တောင်ပိုင်းရှိ ၀မ်ဟုန်ဒေသအား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတခုအဖြစ် သတ်မှတ်ပေးရန် ပြန်လည် တောင်းဆို ခဲ့ရာတွင် စစ်အစိုးရ က ပယ်ချခဲ့သည်။

သို့သော် ယခုအခြေအနေတွင်မူ နှစ်ဘက်စလုံးတွင် စစ်ရေးလှုပ်ရှားမှုများ၊ နှစ်ဘက် တင်းမာမှုများ မရှိကြောင်း၊ တရုတ်နိုင်ငံက နယ်စပ် တည်ငြိမ်ရေးကို အလေးထားသည့် အတွက် ညှိနှိုင်း ဆောင်ရွက်ပေးလိမ့်မည် ဟု ထင်ကြောင်း၊ စစ်အစိုးရ၏ လက်ရှိအခြေ အနေမှာ မကြာမီက ဖြစ်ပွားခဲ့သည့် ကိုးကန့် တိုက်ပွဲတွင်ပင် လူအမြောက်အမြား ကျဆုံးခဲ့ရသည့် အတွက် အင်အား ကြီးမားသော ၀ တပ်ဖွဲ့အား စစ်ဆင်မည် ဆိုလျှင်လည်း လွယ်ကူမည် မထင်ကြောင်း၊ UWSA အဖွဲ့အနေဖြင့်လည်း ငြိမ်းချမ်းရေး ရယူခဲ့ပြီး နယ်မြေ တည်ဆောက်ရေးကို လုပ်ဆောင်နေချိန်တွင် စစ်တိုက်လိမ့်မည် မထင်ကြောင်း၊ နှစ်ဘက်ညှိနှိုင်း အဖြေရှာလိမ့်မည် ထင်ကြောင်း ဗမာပြည် ကွန်မြူနစ်ပါတီမှ ဒေါက်တာ လှကျော်ဇောက သုံးသပ် ပြောဆိုသည်။

မကြာသေးမီက တရုတ် ဒုတိယ သမ္မတ ရှီကျင့်ဖျင် နှင့် ချန်ဒူးစစ်ဒေသမှ ဒုတိယ ဗိုလ်ချုပ်ကြီး အိုက်ဟူယောင်တို့ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် စစ်ခေါင်းဆောင် တချို့နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် နယ်စပ် တည်ငြိမ်ရေးကို စစ်အစိုးရက ကတိပြုခဲ့သည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့