..............................

Thursday, December 31, 2009

ဝ အရေး နောက်ဆုံးရက်နီးကပ်လာ၊ ဆွေးနွေးမှု မရှိသေး

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၃၀ ရက် ၂၀၀၉

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရက အပစ်ရပ် ဝ အဖွဲ့ UWSA အား နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို ယခုလကုန် နောက်ဆုံးထား ဆုံးဖြတ်ရန် ပြောထားသော်လည်း ယနေ့ထိ နှစ်ဖက် ဆွေးနွေးပွဲများ ထပ်မံပြုလုပ်ခြင်း မရှိသေးကြောင်း နီးစပ်သူများထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီး ခိုင်ဇော်နှင့် စရဖ ဒု ဗိုလ်မှူးကြီး ထွန်းထွန်းရီတို့က ဝ နယ်မြေကို ဖြတ်၍ တရုတ်နယ်စပ် လန်ချန်းမြို့တွင် နှစ်နိုင်ငံ နယ်စပ်ကိစ္စများ ဆွေးနွေးရန် ထွက်ခွာမှုသာ ရှိသည်ဟု တရုတ်နယ်စပ် အခြေစိုက် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇော်က မဇ္ဈိမကို ပြောသည်။

ယခင်လ ၁၄ ရက်နေ့တွင် နအဖ စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ကစထမှူး မင်းအောင်လှိုင်တို့ ပါဝင်သော အဖွဲ့နှင့် ဝ တပ် နိုင်ငံရေး ဦးဆောင်မှု ပါတီဖြစ်သော ဝ ပြည် သွေးစည်း ညီညွတ်ရေးပါတီ UWSP မှ ဒု- ဥက္ကဌ ပေါဝ်းယျိုလျှန်၊ ဒု-စစ်ဦးချုပ် တာ့အိုက်လွန်း ပါဝင်သောအဖွဲ့တို့ ဆွေးနွေးခဲ့ရာမှ သဘောတူညီချက် မရသဖြင့် တပ်တွင်း ထပ်မံ ဆွေးနွေးနိုင်ရန် ယခုလကုန်အထိ အချိန်ပေးခဲ့ခြင်း ဖြစ်သည်။

နအဖ ဖက်က လိုလားသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံတွင် တပ်ရင်း တရင်းအတွက် တပ်သားဦးရေ ၃၂၆ သာ ထားရှိ စေလိုပြီး ထိုအထဲတွင် မြန်မာစစ်တပ်မှ စစ်သား ၃၀ ဦးကို ထည့်သွင်းမည် ဖြစ်သည်။

သို့သော် ဝ တပ်ဖွဲ့ကမူ အချက် ၉ ချက်တင်ပြထားပြီး နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံပါ “ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း” အတွင်း ရှမ်းပြည်တောင်ပိုင်း မိုင်းပေါက်၊ မိုင်းဖျင်၊ ဝမ်ဟုန် ဒေသများကို ထည့်သွင်းပေးရန်လည်း ပါဝင်သည်။

တပ်အသွင် ကူးပြောင်းရေးနှင့် ပတ်သက်၍ တပ်ရင်းကို အခြေခံသည့် ဝမ်ဟုန်နှင့် ပန်ခမ်း စစ်ဒေသခွဲ ၂ ခုဖွဲ့ရန် တင်ပြထားသည်။ ယင်းစစ်ဒေသ ခွဲများတွင် စစ်ဒေသတပ်မှူး အပါအဝင် ထိပ်ပိုင်းတပ်မှူးနေရာ ၁၄ နေရာအနက် ဝ တပ်ဖွဲ့က ၁၀ နေရာ တောင်းထားပြီး နအဖ အတွက် ၄ နေရာသာ သတ်မှတ်ထားသည်။

စစ်ဒေသခွဲများ၏ “ထောက်ပံ့ရေး၊ ကျန်းမာရေး အာမခံခြင်းနှင့် လေ့ကျင့်ရေး နည်းပြများကို အဓိကအားဖြင့် တပ်မတော်မှ တာဝန် ယူရန်နှင့် ဝ တပ်ဖွဲ့မှ ပေါင်းစပ်သွားရန်” တင်ပြထားသည်။ ထို့အပြင် တပ်ရင်းအဆင့်နှင့် လက်အောက် ကေဒါ အရာရှိများ၊ တပ်သားများအား ဝ တပ်ဖွဲ့မှသာ တာဝန်ယူသွားမည် ဖြစ်ပြီး “တပ်မတော်မှ စေလွှတ် ခန့်အပ်ခြင်း မလိုတော့ကြောင်း” လည်းပါရှိသည်။

အသွင်ပြောင်း ဖွဲ့စည်းပြီးနောက်တွင်လည်း တပ်ဖွဲ့ဝင်အင်အား ၃၀၀၀ ခန့် ကျန်ရှိဦးမည် ဖြစ်ကြောင်း၊ ဌာန အသီးသီးမှ ကျန်မည့် အင်အား ၅၀၀၀ ကျော်လည်း ရှိမည် ဖြစ်သောကြောင့် ၎င်းတို့အား ၅ နှစ်စာ ပင်စင် စားရိတ်များကို တကြိမ်တည်းဖြင့် ပံ့ပိုးပေးရန် အချက် ၉ ချက်အတွင်း ထည့်သွင်းထားသည်။

ဝ တပ်ဖွဲ့တွင် လက်နက်ကိုင်ပြည်သူ့စစ် အင်အား ၂ဝဝဝဝ ကျော် ရှိသဖြင့် ၎င်းတို့အား စိစစ်ပြီး “ပြည်သူ့စစ်တပ်ဖွဲ့” တဖွဲ့ ဆက်လက် ထားရှိရန် ဖော်ပြသည်။ အသွင် ကူးပြောင်းပြီးနောက် ဝ နယ်ဒေသ အတွင်းရှိ မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို ဥပဒေကျူးလွန်မှု နောက်ထပ် မရှိလျင် ၎င်းတို့၏ လုံခြုံမှုကို စစ်အစိုးရက အပြည့်အဝ အာမခံ ပေးရမည်ဖြစ်ကြောင်း တင်ပြထားသည်။

နအဖ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းမှုအဆင်မပြေသည့် နောက်ပိုင်း ဝ တပ်ဖွဲ့များ စစ်ရေး တိုးချဲ့ပြင် ဆင်သည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

နအဖ ဘက်ကမူ မကြာသေးမီက လာလည်သော တရုတ် ဒုသမ္မတ ရှီကျင်းဖျင် (Xi Jinping) အား နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် မြန်မာနိုင်ငံအတွင်း ဖြတ်သွားမည့် အရှည် ၇၇၁ ကီလိုမီတာရှိ ရေနံ ပိုက်လိုင်းတလျှောက် လုံခြုံရေး ယူပေးမည်ဟု မြန်မာ အာဏာပိုင်များက အာမခံခဲ့သည်။

UWSA သည် ဗမာပြည် ကွန်မြူနစ်ပါတီ - ဗကပ မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်၍ ထိုနှစ်အတွင်း စစ်အစိုးရနှင့် အပစ် ရပ်စဲခဲ့သည်။

စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် ယခုနှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်၍ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့