..............................

Thursday, January 29, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ တွေ့ခွင့်မပေးလျှင် ဂမ်ဘာရီနှင့် အန်အယ်လ်ဒီ တွေ့ဖြစ်ဖို့မလွယ် (ဦးဝင်းတင်)

မင်းနိုင်သူ/ ၂၈ ဇန်န၀ါရီ ၂၀၀၉

မစ္စတာဂမ်ဘာရီမလာမီ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြိုတွေ့ဆုံ ညှိနှိုင်းခွင့် မရခဲ့ပါက အန်အယ်လ်ဒီအနေဖြင့် မစ္စတာဂမ်ဘာရီနှင့်ပင် တွေ့ဆုံရန် မလိုတော့သည့် သဘောဆောင်နေပြီ ဖြစ်ကြောင်း ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကြိုတင် တွေ့ဆုံနိုင်မှာသာ နိုင်ငံရေး လုပ်ငန်းစဉ်သစ်၊ အစီအစဉ်သစ်များ ပေါ်ထွန်းလာမည် ဖြစ်သည့်အတွက် ယင်းတွေ့ဆုံမှုကို လိုလားနေ ခြင်းဖြစ်ကာ တွေ့ခွင့် မရပါက နိုင်ငံရေး လုပ်ငန်းစဉ်သစ်များ ချမှတ်နိုင်မှု မရှိနိုင်သဖြင့် မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံရန်ပင် မလိုတော့သည့် သဘောရှိနေကြောင်း ခေတ်ပြိုင်နှင့် သီးခြား မေးမြန်းခန်းတွင် ဦးဝင်းတင်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

မကြာမီက အန်အယ်လ်ဒီထံသို့ ပေးပို့ခဲ့သော မစ္စတာဂမ်ဘာရီ၏ စာတွင် ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း ၎င်းလာရောက်ခဲ့စဉ် မြန်မာစစ်အစိုးရထံ တင်ပြခဲ့သည့် လုပ်ငန်းစဉ် (၅) ချက် (စစ်အစိုးရက ထိုအချက်အားလုံးကို ပယ်ချခဲ့) ကို ဆွေးနွေးလိုကြောင်း ရေးသားထားသည်။ မစ္စတာဂမ်ဘာရီအနေဖြင့် အသစ်မရှိဘဲ အဟောင်းကိုသာ ပိုက်လာပါက အလုပ်ဖြစ်လိမ့်မည် မဟုတ်ဟု ဦးဝင်းတင်က ပြောသည်။

အဆိုပါတင်ပြချက် (၅) ရပ်တွင် စီးပွားရေးကိစ္စရပ်လည်းပါဝင်နေရာ စီးပွားရေးမှာ အရေးကြီးသော်လည်း နိုင်ငံရေး ကိစ္စရပ်များ ဆွေးနွေးနေစဉ် ထည့်သွင်းဆွေးနွေးရန် မလိုဟုလည်း ဦးဝင်းတင်က ယူဆသည်။ မစ္စတာ ဂမ်ဘာရီ၏ တင်ပြချက်များသည် နအဖအပေါ် မည်သို့မျှ အသက်မ၀င်ဘဲ နိုင်ငံရေးသမားများကို ဆက်လက် ဖမ်းဆီးနေမြဲဖြစ်ပြီး နိုင်ငံရေး အကျဉ်းသမားများ၏ မိသားစုများ ဒုက္ခရောက်အောင် လုပ်ဆောင်နေမှုများကို လည်း ထောက်ပြသည်။

၂၀၁၀ ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ စစ်အစိုးရဘက်က အခြေခံဥပဒေကို ပြန်လည်သုံးသပ်ခွင့်မပေးပါက အန်အယ်လ်ဒီအနေဖြင့် ရွေးကောက်ပွဲဝင်ရန် အကြောင်းမရှိဟုလည်း ဦးဝင်းတင်က ပြောသည်။ စစ်အစိုးရ၏ အခြေခံဥပဒေသည် စစ်တပ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်အောင် ကျားကန်ပေးထားသည့် ဥပဒေဖြစ်သည့် အတွက် နောင်နှစ်ပေါင်းများစွာ၊ ခေတ်ပေါင်းများစွာ စစ်ကျွန်ဇာတ်သွင်းမည့် အခြေခံဥပဒေဖြစ်သည်ဟုလည်း ဦးဝင်းတင်က ထောက်ပြသည်။

မစ္စတာဂမ်ဘာရီသည် ရန်ကုန်မြို့သို့ စနေနေ့တွင် ရောက်ရှိမည်ဖြစ်ပြီး နောက်တပတ် အင်္ဂါနေ့တွင် ပြန်မည်ဖြစ်ကြောင်း အဘူဒါဘီမြို့ထုတ် The National သတင်းစာတွင် ဖော်ပြထားသည်။

ယခုလာရောက်မည့် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား များ လွတ်ပေးရေးအတွက် နအဖကို ငွေကြေးအကူအညီပေးရေးကိစ္စလည်းပါဝင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ဦးဝင်းတင်ကမူ အဆိုပါအစီအစဉ်မှာ အောင်မြင်မည်ဟု လုံးဝမယူဆကြောင်း ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့