..............................

Tuesday, January 27, 2009

ပရီပေးကတ်ကြောင့် ဂျီအက်စ်အမ်ဖုန်း ဆက်သွယ်ရ ခက်ခဲလာ

NEJ/ ၂၇ ဇန်န၀ါရီ ၂၀၀၉

ရန်ကုန်မြို့နှင့် နယ်မြို့အချို့တွင် တခါသုံး ဂျီအက်စ်အမ် ပရီပေးဆင်းကတ်များ ရောင်းချပေးခဲ့ပြီးနောက်ပိုင်း ဂျီအက်စ်အမ်ဖုန်းများ ဆက်သွယ်ရ ပိုမိုခက်ခဲလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ ဘောက်ထော်တွင် နေထိုင်သူ တဦးက “ကျမကိုင်တဲ့ ဂျီအက်စ်အမ်ဖုန်းဟာ ပုံမှန်အားဖြင့် အိမ်ကနေ လိုင်းမိပါတယ်။ အသံပိုပြီး ကြည်ကြည်လင်လင် ကြားချင်ရင်တော့ အိမ်အပြင်ဘက်နား ထွက်ပြီး ပြောရုံပဲ။ ခုတော့ ကျမ သတိထားမိသလောက် ပရီပေးဆင်းကတ်တွေ ထုတ်ရောင်းပြီးနောက်ပိုင်း နေ့ဘက်ဆို လုံးဝ ဆက်သွယ်လို့ မရတော့ဘူး။ အဝင် မမိသလို အထွက်လည်း ခေါ်မရတော့ဘူး။ ည (၁၂) နာရီ နောက်ပိုင်းဆိုရင်တော့ နည်းနည်းခေါ်လို့ ဆက်လို့ရတယ်။ ဒါကြောင့် နိုင်ငံခြားရောက်နေတဲ့ မိသားစုဝင်တွေကို ည (၁၂) နာရီ နောက်ပိုင်းမှ ခေါ်ဖို့ ပြောထားရတယ်” ဟု ပြောသည်။


ရန်ကုန်မြို့လည် ဘိုကလေးဈေးလမ်းတွင် နေထိုင်သူတဦးကလည်း “ယခင်က ဖုန်းလာပါက ဖုန်းပြောလိုပါက ဝရံတာထွက်ပြီး ပြောရင် ကြားနိုင်ပေမယ့် ပရီပေးကတ်တွေ ထုတ်ရောင်းပြီးနောက်ပိုင်း လုံးဝနီးပါး ဆက်သွယ်လို့ မရတော့ကြောင်း၊ ဒါကြောင့် ဖုန်းဆက်ချင်ရင် လမ်းထိပ်က အများသုံး တယ်လီဖုန်းဆိုင်မှာ သွားဆက်ရကြောင်း၊ ဖုန်းလက်ခံဖို့ကိုတော့ မနက်စောစောပိုင်းတွေမှာ ဆက်ရန် သူငယ်ချင်းတွေကို မှာထားရတယ်” ဟု ပြောသည်။

အဆိုပါကိစ္စ ရန်ကုန်မြို့လည် ကျောက်တံတား၊ လသာ၊ ဗိုလ်တထောင် ပတ်ဝန်းကျင်မှ အများသုံးတယ်လီဖုန်းဆိုင်များကို စုံစမ်းကြည့်ရာ ခုနောက်ပိုင်း ဂျီအက်စ်အမ်ဖုန်း ကိုင်ထားသူများ ၎င်းတို့၏ ဆိုင်ကို လာပြီး ဖုန်းဆက်သည်ကို အများအပြားတွေ့ရကြောင်း ပြောသည်။

ယခုကဲ့သို့ ပရီပေးကတ်များ ထုတ်ရောင်းခြင်းကြောင့် ဂျီအက်စ်အမ်ဖုန်းအများအပြား ဆက်သွယ်ရ ခက်ခဲသွားခြင်းသည် မှန်ပါသလားဟု မရမ်းကုန်းအိပ်ချိန်းမှ တာဝန်ကျ အင်ဂျင်နီယာတဦးကို မေးမြန်းကြည့်ရာ ၎င်းက မှန်ကန်ကြောင်း ပြောသည်။

၎င်းက မြန်မာ့ဆက်သွယ်ရေးနှင့် ထူးကုမ္ပဏီတို့ သဘောတူချက်အရ အကယ်၍ ဆက်သွယ်မှုများ အလွန် ခက်ခဲလာပါက ပရီပေးကတ် ရောင်းချမှုကို လျှော့ချမည်ဟု ပြောဆိုထားပြီး ဖြစ်ကြောင်း၊ ယခု ဆက်သွယ်ရ ခက်ခဲသော်လည်း ပြည်သူများထံမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ တိတိကျကျ တိုင်ကြားအရေးဆိုခြင်း မရှိသည့်အတွက် ကိုင်တွယ်ဖြေရှင်းပေးခြင်းမရှိကြောင်း ရှင်းပြသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရ ဆက်သွယ်ရေးဝန်ကြီးဌာနက ဂျီအက်စ်အမ် ဆင်းကတ်များကို ကျပ် (၁၅) သိန်းနှုန်းဖြင့် အများပြည်သူကို ငှားရမ်းပေးပြီး အဆိုပါ ဂျီအက်စ်အမ် ဆင်းကတ် ဈေးနှုန်း၏ ပြင်ပ ပေါက်ဈေးမှာ ကျပ် သိန်း (၂ဝ) ကျော်ဈေးရှိသည်။

အဆိုပါဂျီအက်စ်အမ်ဖုန်းများကို မြန်မာနိုင်ငံ မြို့ကြီး (၅၁) မြို့တွင် အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း အသုံးပြုခွင့်ပေးထားသည့် ဖုန်းအရေအတွက်နှင့် တပ်ဆင်ပေးထားသည့် စက်အင်အား မမျှခြင်းကြောင့် မြို့အားလုံးနီးပါး၏ နေရာအတော်များများ ဆက်သွယ်၍ မရကြောင်း သိရသည်။

သို့သော် မြန်မာ့ဆက်သွယ်ရေးက ထူးကုမ္ပဏီ လက်အောက်ခံ Central Marketing ကုမ္ပဏီကို ပြီးခဲ့သည့် ဒီဇင်ဘာလ ရတနာပုံစီးတီး အိုင်တီပြပွဲမှစ၍ အက်ဖ်အီးစီ (၁ဝ) နှင့် (၂ဝ) တန် တခါသုံး ဂျီအက်စ်အမ် ပရီပေးဆင်းကတ်များကို ရောင်းချခွင့်ပြုခဲ့သည်။

နောက်ထပ် အသုံးပြုလာမည့် ဂျီအက်စ်အမ် တခါသုံး ပရီပေးဆင်းကတ်များအတွက် စက်ပစ္စည်း ထပ်မံတပ်ဆင်ခြင်းမျိုး မလုပ်ခဲ့သည့်အတွက် နဂိုကတည်းက ဆက်သွယ်ရ ခက်ခဲသည့် ဂျီအက်စ်အမ် ဖုန်းများ ယခုနောက်ပိုင်း ပိုမို ဆက်သွယ်ရ ခက်ခဲလာခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် Central Marketing ကုမ္ပဏီကမူ FEC (၂ဝ) တန်ကတ်များကို ဒုတိယအသုတ်အဖြစ် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မော်လမြိုင်၊ ရွှေဘို၊ မုံရွာ၊ မကွေး၊ လားရှိုး၊ မြစ်ကြီးနား၊ ပုသိမ်၊ စစ်တွေ၊ မူဆယ်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ ကျောက်မဲ၊ တောင်ကြီး၊ မိတ္တီလာ စသည့် မြို့ကြီးတို့တွင် ဆက်လက်ရောင်းချနေပြီး နောက်ပိုင်း ဂျီအက်စ်အမ် အသုံးပြုနိုင်သည့် မြို့ (၅၁) မြို့လုံး၌ ရောင်းချသွားမည်ဟု ကြေညာထားသည်။ လက်ရှိ တခါသုံး ဂျီအက်စ်အမ် ပရီပေးဆင်းကတ် (၃) သောင်းကျော် ရောင်းချပြီးဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့