..............................

Thursday, October 30, 2008

ဘန်ကီမွန်းရဲ့ နောက်ထပ် မြန်မာပြည်ခရီးစဉ် အကျိုးရှိနိုင်မလား

အောက်တိုဘာ ၂၉၊ ၂၀၀၈

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း အနေဖြင့် မြန်မာနိုင်ငံသို့ နောက်တကြိမ် သွားရမည့် အရေးအတွက် စိုးရိမ်ပူပန်မှု ရှိနေမည်မှာ သေချာလှသည်။

သူသွားလျှင်လည်း မြန်မာစစ်ဗိုလ်ချုပ်များထံ သွားရောက်လည်ပတ် တွေ့ဆုံရုံသာ ဖြစ်နေ ပေလိမ့်မည်။ သူ၏ ယခင် အထူးသံ ကိုယ်စားလှယ် လက်ထောက်များကဲ့သို့ လက်ဗလာ ပြန်လာရမည်ကိုလည်း မလိုလားလှ။ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု မည်သို့မျှ မဆောင်ကျဉ်း နိုင်ခဲ့ဘဲ အချည်းနှီး ပြန်ခဲ့ရသည့် ယခင် သံကိုယ်စားလှယ်များ၏ ဥပမာများကို သူ မြင်ထားခဲ့ဖူးပြီ။

ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ နောက်တခေါက် သွားမည်ဟု ရည်ရွယ်ထားသည့် ခရီးစဉ်အတွက် သံသယနှင့် တုံ့ဆိုင်းနေသည်ကို ဘန်ကီမွန်းက ယခုအပတ်တွင် ကုလသမဂ္ဂအဖွဲ့ ဌာနချုပ် ရုံးစိုက်ရာ နယူးယောက်မြို့၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတခု၌ ထုတ်ဖော် ပြောကြား ခဲ့သည်။

အကယ်၍ မြန်မာစစ်အစိုးရနှင့် အတိုက်အခံ အင်အားစုများ အကြား တွေ့ဆုံ ဆွေးနွေးပွဲများ စတင်နိုင်၍ အဆင်ပြေမည် ဆိုမှသာ သူသွားလိုသည်၊ ထိန်းသိမ်းခံထားရသူ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်မည်ဟု မျှော်လင့်နိုင်မှသာ မြန်မာပြည်သို့ သွားလိုသည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

ဤသည်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် နိုင်ငံရေးအရ လိုက်လျောမှုများ ပြုလုပ်ရန် လိုအပ်သည်ဟု ကုလအတွင်းရေး မှူးချုပ် ဘန်ကီမွန်းက သူ၏ ခရီးစဉ်မတိုင်မီ အချက်ပေး လိုက်ခြင်း ဖြစ်သည်။

“ကျနော့်စိတ်ရင်းကတော့ မြန်မာပြည်ကို တခေါက် ပြန်သွားချင်ပါသေးတယ်။ ဒါပေမယ့် သိသာ ထင်ရှားတဲ့ ရလဒ်ကောင်းတွေ မရှိဘဲနဲ့၊ ဘယ်လို မျှော်လင့်ချက်မျိုးမှ မထားနိုင်ဘဲနဲ့တော့ နောက်တခေါက် ထပ်မသွားချင်တော့ဘူး” ဟု ဘန်ကီမွန်းက ပြောခဲ့သည်။

မြန်မာစစ်ဗိုလ်ချုပ်များ အနေနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ကုလသမဂ္ဂ၏ ပုံမှန် တောင်းဆိုမှုများကို မည်သည့် အခါကမှ အလေးပေး စဉ်းစားခြင်း မရှိခဲ့ရာ ဘန်ကီမွန်းအနေနှင့် သံသယ ဖြစ်မည်ဆိုလည်း ဖြစ်လောက်သည်။ နေပြည်တော်ရှိ မြန်မာ စစ်ဗိုလ်ချုပ်များက အပေးအယူ ပြုပါမည်ဟု ရှင်းလင်းသေချာစွာ မီးစိမ်းပြမှသာ သူ မြန်မာပြည်သို့ သွားရန် ဖြစ်နိုင်ပေလိမ့်မည်။ သူ့ အပြန်ခရီးတွင် “သိသာထင်ရှားသည့် ရလဒ်ကောင်းများ” ပါလာ စေရမည်ဟု အာမခံနိုင်မှသာ သူ သွားချင်ပေလိမ့်မည်။

မြန်မာနိုင်ငံအတွက် ဆိုလျှင် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရေးသည်သာ အကောင်းဆုံး အဖြေ ဖြစ်သကဲ့သို့ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးသည်လည်း တွေ့ဆုံဆွေးနွေးပွဲ စားပွဲဝိုင်း ၂ တဖက်တချက်ရှိ အင်အားစုများ အကြား ယုံကြည်မှု တည်ဆောက်ရေးအတွက် အရေးပါသည့် အချက် ဖြစ်နေပြန်သည်။

လွန်ခဲ့သည့်လက လွတ်ငြိမ်းချမ်းသာခွင့်နှင့် စစ်အစိုးရ လွှတ်ပေးခဲ့သည့် အကျဉ်းသား ၉၀၀၂ ဦးတွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကိုသာ ထည့်၍ လွှတ်ပေးခဲ့သည်။ သို့သော်လည်း တချိန်တည်းမှာပင် နိုင်ငံရေးအကျဉ်းသား အရေအတွက် နှစ်ဆနီးပါး တိုး၍လာနေသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံ (အေအေပီပီဘီ) က ထောက်ပြသည်။

“နိုင်ငံရေးအကျဉ်းသား ဦးရေ နှစ်ဆတိုးလာသည်ကို ကြည့်ခြင်းအားဖြင့် စစ်အစိုးရက လုံခြုံရေး ကောင်စီ အပါအ၀င်၊ ကုလ သမဂ္ဂကို တိုက်ရိုက်အာခံနေသည်မှာ ထင်ရှားသည်” ဟု အေအေပီပီဘီ နှင့် ၀ါရှင်တန် ဒီစီ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများအဖွဲ့ (US Campaign for Burma) ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။

ကုလ အထွေထွေ အတွင်းရေးမှူးချုပ် အနေနှင့် ထင်ရှားသည့် နိုင်ငံရေး ပြေလည်မှုများ ဖြစ်ပေါ်စေပါမည် ဟူသည့် အာမခံချက် မရရှိဘဲ သွားခဲ့လျှင် ဤခရီးစဉ်ကြောင့် ကုလသမဂ္ဂ ထပ်မံ သိက္ခာ ကျရပေတော့မည်။ လက်ရှိ ကုလအထူးသံ မစ္စတာ အီဗရာဟင် ဂမ်ဘာရီ အပါအ၀င် ကုလသမဂ္ဂ သံကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ ရောက်ခဲ့ကြဖူးသော်လည်း မြန်မာ စစ်ဗိုလ်ချုပ် များ၏ အကျိုးစီးပွားအတွက် အသုံးချခံလိုက်ရသည့် အနေအထားနှင့်သာ အဆုံးသတ်ခဲ့ ကြရသည်။

ကုလသမဂ္ဂက တောင်းဆိုထားသည့် အပြောင်းအလဲများ အတွက် အာမခံချက်ရှိမှ လာရောက် မည်ဟု အချက်ပြခဲ့ခြင်းမှာ ကုလအတွင်းရေးမှူးချုပ် အနေနှင့် ပို၍တဆင့်တင်း ရပ်တည် ပြလိုက်ခြင်း ဖြစ်သည်။ အကယ်၍ သူ၏ ခရီးစဉ်မတိုင်မီ စစ်အစိုးရက လိုက်လျောမည့် အရိပ်အယောင်များ မပြသ လာပါက၊ ဘန်ကီမွန်းအတွက် နောက်တကြိမ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တက်ရန် အချက်ကောင်း ရသွားစေမည် ဖြစ်သည်။ ကုလသမဂ္ဂက တောင်းဆိုထားသည့် အပြောင်းအလဲများ အတွက် ဆက်လက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို လုံခြုံရေး ကောင်စီတွင် ရှာဖွေနိုင်ရန် အခွင့်အရေး ရလာစေမည် ဖြစ်သည်။

ဤသို့ ဘန်ကီမွန်းက သံတမန်ရေး နည်းပရိယာယ်ကို ကျင့်သုံး လိုက်ခြင်းကြောင့် မြန်မာစစ်ဗိုလ်ချုပ်များ ပိုမို အကြပ်ရိုက် သွားနိုင်သည်။ သူ၏ ခရီးစဉ်မတိုင်မီ မြန်မာစစ်အစိုးရကို ဖိအား ဆင့်လိုက်ခြင်းမှာ မှန်ကန်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း ထောက်ခံ ပြောဆိုခဲ့သေးသည်။

သို့သော် မေးစရာရှိနေသည်မှာ ဘန်ကီမွန်းနှင့် လုံခြုံရေးကောင်စီတို့ မည်မျှပိုမို စွမ်းဆောင်နိုင် မည်နည်း ဟူသည့်မေးခွန်း ပင်ဖြစ်သည်။ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ကလည်း လုံခြုံရေး ကောင် စီက မြန်မာနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ဖူး သေးသည်။

အကယ်၍ ပိုပြင်းထန်သည့် တောင်းဆိုချက်များ ပြုမည်ဆိုပါလျှင် မြန်မာစစ်အစိုးရကို နောက်ခံ ရပ်တည်ပေး နေကြသည့် လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့နိုင်ငံများဖြစ်ကြသော တရုတ်နှင့် ရုရှားတို့၏ အတည်ပြုချက် လိုအပ်ပေလိမ့်မည်။ ၎င်းနိုင်ငံနှစ်ခုက ဤတောင်းဆိုချက်မျိုးကို ပြန်၍ ဆွဲချမည်မှာ သေချာလှ၏။

လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခု အတွင်း မြန်မာနိုင်ငံကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ၇ ဦး အထိ လာရောက် ခဲ့သော်လည်း မြန်မာနိုင်ငံရေးအတွက် ထူးခြားသည့် အပြောင်းလဲ တစုံတရာ မဖြစ်ပေါ်ခဲ့ပေ။ ထို့ကြောင့် မြန်မာနိုင်ငံကို သံတမန်များ၏ သင်္ချိုင်းဟု ခေါ်ရလိမ့်မည် ထင်သည်။

လာမည့် ရက်သတ္တပတ် အနည်းငယ်တွင် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ နောက်ထပ် မြန်မာပြည် ခရီးစဉ်ကို မြင်တွေ့ကောင်း မြင်တွေ့ရပေလိမ့်မည်။ ထိုအခါတွင် အရှေ့က သွားခဲ့ဖူးသော သံတမန်များကဲ့သို့ ရလဒ် ကောင်းများ မဆောင်ကျဉ်းခဲ့နိုင် ဟူ၍ ဘန်ကီမွန်းအပေါ် ကမ္ဘာက မြင်သွားသည့် အဖြစ်မျိုး အဖြစ်မခံသင့်ပါ။

ကျော်စွာမိုး

Ref: ဧရာဝတီ

0 comments:

အပေါ်သို့