..............................

Sunday, October 26, 2008

တွေ့ဆုံ ဆွေးနွေးရေးကို သွားကြစေလိုသူ (ဦးခင်မောင်ဆွေနှင့် အင်တာဗျူး)

အင်တာဗျူး
ဖနိဒါ
ကြာသပတေးနေ့၊ စက်တင်ဘာလ 25 2008 19:16 - မြန်မာစံတော်ချိန်

၂ဝ၁ဝ ရွေးကောက်ပွဲများအတွက် ဆိုကာ လွတ်ပေးလိုက်သော နိုင်ငံရေးအကျဉ်းသား ၆ ယောက်တွင် စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဆွေလည်း ပါဝင်သည်။ လောင်စာဆီ ထုတ်လုပ်ရေး နည်းပညာ တိုးတက်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အသက် ၆၅ နှစ်ရှိပြီဖြစ်သည့် ဦးခင်မောင်ဆွေသည် ထောင်တွင်း ၁၄ နှစ်ကျော် နေခဲ့ရသည်။ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အစိုးရအလုပ်မှ ထုတ်ပယ်ခံရပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် သတင်းပြန်ကြားရေးတွင် တာဝန်ယူခဲ့သူ ဖြစ်သည်။ မဇ္ဈိမသတင်းထောက် ဖနိဒါက ဆက်သွယ် မေးမြန်းထားသည်။

အန်ကယ် အခု နေကောင်းရဲ့လား၊ ထောင်ထဲမှာနေတုန်း ကျန်းမာရေး အခြေအနေ ဘယ်လိုနေခဲ့လဲ။

လောလောဆယ်တော့ ကျန်းမာပါတယ်၊ နှလုံးသွေးကြောကျဉ်း ရောဂါနဲ့ မန္တလေး ဆေးရုံမှာ တက်တာ နှစ်နှစ်လောက် ကြာပြီ၊ လားရှိုး ပြောင်းတော့လည်း နှလုံးအောင့်တာနဲ့ အထူးကုဆရာဝန်တွေနဲ့ အီးစီဂျီ ရိုက်ပြီးတော့ ကုပါတယ်၊ ခုနောက်ဆုံး ၆၅နှစ်ကျော် နာမကျန်းသူတွေကို လွတ်တဲ့ထဲ ပါလာတာပါ။ ခုလည်း ရံဖန်ရံခါ အောင့်တယ်။ ခုအိမ်ရောက်တော့ မအောင့်တော့ဘူးပေါ့။

ဒီ၂ဝဝဝခု နောက်ပိုင်းမှာ သူတို့ ထောင်ထဲမှာ ရှိနေတဲ့လူတွေကို ကုပါတယ်၊ ကျနော်တို့တွေ မကပါဘူး။ တခြားအကျဉ်းသားတွေကိုလည်း ကုပါတယ်။ အားလုံးလိုလို မန္တလေးက အထူးကု ဆရာဝန်တွေနဲ့ ကုပေးပါတယ်။

ထောင်ထဲကနေ အပြင်ထွက်လာတာနဲ့ ဘယ်လို ခံစားမိလဲ။

အော် ၁ဝစုနှစ် တစုစာ ခွဲနေရတော့ မိန်းမကလည်း ကျောက်ကပ်ရောဂါ ခံစားနေရတော့ အန်ကယ်ပြန်လာတာ သူလည်း အားရှိတာကို မြင်ရတော့ အန်ကယ်ပြန်လာတာ မှန်သွားတယ်ဆိုပြီးတော့ ကျေနပ်မိပါတယ်၊ ဝမ်းသာပါတယ်။

အန်ကယ်နဲ့အတူ လွတ်လာတဲ့ လူတွေ ဘယ်လောက်ရှိတယ်လို့ သိခဲ့ရပါသလဲ။

သိပ်မများဘူး၊ လုပ်ဖော်ကိုင်ဘက်တွေက လေးငါး ခြောက်ယောက်လောက်ပဲ ရှိတယ်လို့ သိရတယ်။

အခုထောင်ကနေ လွတ်မြောက်လာတဲ့အခါ ဘာတွေ ပြောင်းလဲသွားတယ်လို့ ခံစားမိလဲ။ နိုင်ငံရေးရော ပြောင်းလဲမှု ဘယ်လို မြင်လဲ။

အပြောင်းအလဲတွေကတော့ အများကြီး ပြောင်းလဲသွားပါတယ်။ အဆောက်အအုံသစ်တွေ၊ လမ်းအသစ်တွေပေါ့လေ။ ဒါပေမဲ့ လူတွေရဲ့ အယူအဆတွေ ဘယ်လိုပြောင်းလဲ သွားလဲတော့ အန်ကယ် မသိသေးဘူး။ ခုမှ ရောက်လာတယ် ဆိုတော့။

နိုင်ငံရေး အခြေအနေကတော့ တိုင်းပြည်ကောင်းစား စေချင်တဲ့ အကောင်းဘက်ကို ရွေ့သွားအောင် သက်ဆိုင်သူ အားလုံး ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင်တော့ အကောင်းဘက်ကို မုချ ရွေ့သွားမှာပါ။ အန်ကယ်တို့က တနိုင်ငံထဲမှာ ဖြစ်နေတဲ့ တမျိုးသားလုံး ကိစ္စကိုး၊ ပြိုင်ဘက် နိုင်ငံတွေ ဖြစ်နေတာ မဟုတ်တဲ့အတွက် ကိုယ့်အချင်းချင်း ညီညွတ်ဖို့ကို ဦးစားပေး ဆောင်ရွက်ကြမယ်ဆိုရင် မကြာခင်မှာ နိုင်ငံရေး ပြဿနာတွေ ပြေလည်သွားနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ သမီးတို့လည်းသိမှာပါ။ ပြည်သူတွေ အချင်ချင်းကြားထဲမှာ၊ တိုင်းရင်းသားတွေ ကြားထဲမှာ၊ အချင်းချင်း ညီညွတ်ရေး မရှိဘဲနဲ့ ဘယ်အစိုးရဘဲ ဖြစ်ဖြစ် တက်တက်။ ဘယ်အစိုးရပဲ ထူထောင် ထူထောင်၊ အောင်မြင်ဖို့ဟာ သိပ်မလွယ်လှဘူးဆိုတော့။ အမျိုးသားခေါင်းဆောင်ကြီး ပြောသွားတာ ရှိပါတယ်။ အဲဒီအတိုင်း လျှောက်လှမ်းသွားမယ် ဆိုရင်တော့ ဒီနိုင်ငံရေး ဝေဒနာ ပေါ့လေ။ ၁၉၄၈ခုနှစ် လွတ်လပ်ရေးနဲ့အတူ ပါလာတဲ့ နိုင်ငံရေး ဝေဒနာတွေကို အန်ကယ်တို့ ဖြစ်လာတယ်။ ခုဆိုရင် ၈၈ ခုနှစ်ပါ လိုက်တယ်ဆိုရင် နိုင်ငံရေး အနာဟာ သွေးမတိတ်တော့ ပါဘူး။

အဲဒီသွေးမတိတ်တဲ့ နိုင်ငံရေး အနာကို ခုနက ပြောသလိုပဲ။ သူလား၊ ငါလား၊ နိုင်ငံရေး မာနတွေ ထောင်မနေဘဲနဲ့ အချင်းချင်း မျက်နှာချင်းဆိုင်ပြီးတော့ ကြိုတင် စည်းကမ်းသတ်မှတ်ချက်တွေ မရှိဘဲနဲ့ တိုင်းပြည်အတွက် ကောင်းမယ်ဆိုရင် ဝိုင်းဝန်းပြီးတော့ သဘောတူညီမှု တခုကို ရအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် မရနိုင်စရာ မရှိဘူးလို့ ယုံကြည်ထားပါတယ်။

ထောင်ပေါင်း ဘယ်နှစ်ခု ပြောင်းခဲ့ရလဲ။ ဘာဖြစ်လို့ ပြောင်းတာလဲ။

စစထောင်ချတဲ့အခါ အင်းစိန်တွဲဘက်မှာ နေရခဲ့ရပါတယ်။ နောက်တခါ အင်းစိန် ထောင်မကြီးမှာ ၆လလောက် ထပ်နေရပါတယ်။ နောက် အင်းစိန်အထူးတိုက်မှာ ၃နှစ်လောက် နေခဲ့ရပါတယ်။ နောက် မြင်းခြံမှာ ၈နှစ်လောက် နေခဲ့ရပါတယ်။ မန္တလေးမှာ ၂နှစ်ကျော်ကျပါတယ်။ ခုနောက်ဆုံး လားရှိုးမှာ ၇လပဲ ကျခဲ့ပါတယ်။

ခုလို အန်ကယ်တို့ ပြန်လွတ်လာပြီဆိုတော့ အန်ကယ် မျော်မှန်းချက်လေး သိပါရစေ။ ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်မယ်လို့ စိတ်ကူးရှိလဲ။

အန်ကယ် ရှေ့ကို ရည်မှန်းထားတာပေါ့လေ။ နိုင်ငံရေးတခုပေါ့။ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေး ဒီမိုကရေစီ လူ့ဘောင်ကို ရောက်ဖို့ဆိုရင် နိုင်ငံရေး ခရီးရှည်တခုကို လျှောက်ရဦးမယ် ဆိုတဲ့ အယူအမြင် တခုတော့ အန်ကယ် ခေါင်းထဲမှာ ဝင်လာပါတယ်။

ထောင်ထဲမှာ စာဖတ်ခွင့်ရလား။ အစားအသောက်အပြင် ဆေးဝါးကုသမှုရော ရခဲ့လား။

၂ဝဝဝခုနှစ် နောက်ပိုင်းမှာ တိုက်ဆိုင်တယ်လို့ပဲ ပြောရမလား မသိဘူး၊ အိုင်စီအာစီရောက်လာပြီး နောက်ပိုင်းမှာတော့ စာဆောင်တွေ၊ သတင်းစာတွေ ဖတ်ခွင့်ပေးပါတယ်။ ကိုယ့်စာအုပ်ကိုယ် ဖတ်ရင်လည်း ရပါတယ်။ ဘာသာရေး စာအုပ်တွေက ၉၅ ခု ကတည်းက သက်ဆိုင်ရာက ပေးဖတ်လို့ အထူးဆောင်ကနေ ဖတ်လို့ ရပါပြီ။ ဒါပေမဲ့ ကျန်တဲ့ ဂျာနယ်တွေကတော့ ၂ဝဝဝ ခုနှစ်လောက်ကနေ ဖတ်ရပါတယ်။

ထောင်ထဲမှာ ရှိနေတုန်း အပြင်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာတွေ ကြားခဲ့ရလဲ။

ထောင်ထဲမှာက ကောလဟလကတော့ အမြဲတမ်းရှိနေတာပဲ။ မှန်တဲ့အခါ မှန်၊ မှားတဲ့အခါလဲ မှားမယ်လေ။ ဒါပေမဲ့ နောက်တခုကတော့ သတင်းစာ ရှင်းလင်းပွဲတို့၊ သတင်းစာတွေမှာ၊ ဂျာနယ်တွေမှာ နောက်အဲဒီအချိန်မှာ ထောင်ကျလာတဲ့ လူတွေဆီက သတင်းတွေကြားတဲ့အခါ ကိုယ့်ဖာသာကိုယ် ပြန်ပြီး စစ်ဆေးရတယ်။ ဘယ်ဟာမှန်တယ်၊ ဘယ်ဟာက မှားတယ်ဆိုတာတော့ ဘယ်ဟာကဖြင့် သတင်းစာမှာ ပါတာများတယ်၊ နည်းတယ်၊ ဟုတ်တယ် မဟုတ်ဘူးဆိုတာကို ကိုယ့်ကိုယ်ကိုယ်သာ ပြန်အဖြေပေးရပါတယ်။

ထောင်ထဲမှာ နေ့စဉ် အခက်အခဲဆုံး ထူးခြားတဲ့ အခြေအနေကို ပြောပြပါ။

နိုင်ငံရေး ယုံကြည်ချက်ကြောင့်သာ အန်ကယ်တို့က ထောင်ချမယ် သိရဲ့သားနဲ့ ဇွတ်တိုးပြီး လုပ်ခဲ့ကြတဲ့ သူတွေ မို့လို့ စပြီးတော့ နိုင်ငံရေး ခရီးလျှောက်ကတည်းကနေ ခက်ခဲပြီးသား ဖြစ်ပါတယ်။ ထောင်ထဲ ရောက်တဲ့အခါကြတော့ ပတ်ဝန်းကျင် အသစ်တွေနဲ့ တွေ့ရတဲ့အခါမှာ စိတ်ကျဉ်းကြပ်မှုက အရင်ဆုံး ခံစားရပါတယ်။ ဒါကို မြန်မာ ဗုဒ္ဓသာဘာတွေ အားကိုးစရာကတော့ တရားထိုင်တာပေါ့လေ။ ဒါနဲ့ စိတ်ကို လျော့ပြီးမှ နေသာ၊ ထိုင်သာ ရှိအောင် လုပ်ယူရပါတယ်။ ကျန်တာကတော့ ထောင်အလိုက် နေရာအလိုက် အုပ်ချုပ်သူတွေရဲ့ ကွဲပြားရင်၊ ကွဲပြားသလို ကျဉ်းကြပ်နေရတဲ့အခါ ရှိသလို၊ သက်သာတဲ့နေရာလည်း ရှိတာပေါ့လေ။

ဒါပေမဲ့ မြင်းခြံထောင်မှာက အကြပ်တည်းဆုံး ကာလကို ဖြတ်သန်းခဲ့ရပါတယ်။ ရိုက်နက်ခြင်း ခံရတယ်။ အခန်းပြောင်းရတယ်။ ညနေဆိုရင် တံခါး မပိတ်ခင် ဆပ်ပြာခွက်ကအစ စစ်ဆေးတယ်။ လူချင်း စကားမပြောရဘူး၊ အစားအသောက်တွေလည်း တောင်းလို့ လိုချင်သလို စားလို့မရဘူး၊ ထောင်ဝင်စာထဲက အချို့ အစားအသောက်တွေကို စတိုးခန်းထဲမှာ ထဲ့ထည့်ထားပြီးတော့ လိုရင် တောင်းလို့ မရဘူး၊ နောက် တောင်းတော့ လျော့တာတွေ ရှိတယ်။ အဲဒီတော့ အဲဒီမှာ ကိုင်တဲ့လူအပေါ် မူတည်သွားတာပေါ့လေ။ သူတို့ ပေါ်လစီက ဟုတ်ချင်မှ ဟုတ်မှာပေါ့လေ။

အန်အယ်ဒီပါတီမှာက ဘယ်နှစ်နှစ် ပါဝင်လုပ်ဆောင်ခဲ့လဲ။

အန်ကယ်က အန်အယ်ဒီ စထောင်ကတည်းက ပါဝင်ခဲ့ပါတယ်။ ၈၈ ခုနှစ် စက်တင်ဘာ ၂၂ ကတည်းကပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးတဲ့အတွက် စဖမ်းခံရတာက ၉ဝခုနှစ် အောက်တိုဘာမှာ ဖမ်းခံရတာပါ။ ၉ဝ ခုနှစ်ကတည်းက အန်အယ်ဒီ အဖွဲကနေ ထောင်ထဲနေ ထုတ်ပယ် ဆိုတဲ့ သတင်းစာထဲမှာ ဖတ်ရပါတယ်။ အဲဒီအချိန်ကနေ ခုချိန်ထိ အဖွဲ့ချုပ်ကို မရောက်တော့ဘူး၊ ၉၄ ခုမှာ ပြန်ဖမ်းခံရတော့ ခုချိန်ထိ အဆက်အသွယ်မရှိပါဘူး။

အန်ကယ်က တက်ကြွလှုပ်ရှားသူတွေကို ဘာပြောချင်လဲ။

ပြောချင်တာကတော့ နိုင်ငံရေး အဖြေတခု ရောက်ရှိအောင်ဆိုရင် မလွဲ မသွေ လိုအပ်တာကတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးပဲ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရောက်အောင် မလုပ်နိုင်သေးသရွေ့ကတော့ နိုင်ငံရေး ပြဿနာတွေ ကြားထဲမှာ အဆိုးကျော့တဲ့ သံသရာ လည်နေမှာပဲ ဖြစ်တယ်။ သမီးတို့လည်း သိမှာပါ၊ ၄၇ ခုနှစ် အခြေခံ ဥပဒေ ရေးတုန်းကလည်းပဲ လွတ်လပ်ရေးနဲ့အတူ၊ ပြည်တွင်း စစ်မီးပါလာခဲ့တယ်။ ၇၄ ခုနှစ် အခြေခံ ဥပဒေ ရေးတုန်းကလည်းပဲ၊ အန်ကယ်တို့ တောထဲမှာ လက်နက်ကိုင်အဖွဲ့တွေ ထဲမှာ။ အဲဒီ အခြေခံ ဥပဒေဟာ ဒီလိုဘဲ သက်တမ်းမကုန်ခင်မှာ ပျက်သုန်းသွားခဲ့ရပါတယ်။

ခုလည်းပဲ အခြေခံ ဥပဒေအသစ်တခုကို ရေးပြီးသွားပြီ။ အမျိုးသား ညီညွတ်ရေးကို မရနိုင်ခဲ့ဘူးလို့ အန်ကယ် ယူဆတယ်။ အမျိုးသား ညီညွတ်ရေး တခုကိုသာ အရအမိ ရယူနိုင်ခဲ့တယ်ဆိုရင် မြန်မာနိုင်ငံကို နိုင်ငံရေး အနေအထားသစ်တခုသို့ မုချ ခေါ်ဆောင်သွားနိုင်လိမ့်မယ်လို့ အန်ကယ် ယုံကြည်ပါတယ်။

အဓိကတော့ အမျိုးသား ရင့်ကြားစေရေး ရပ်မနေဘဲနဲ့ တမျိုးသားလုံး ပြန်လည် သွေးစည်း ညီညွတ်ရေးကို ရောက်သွားအောင် အားပြိုင် နိုင်ငံရေး လုပ်မနေဘဲနဲ့ ညီညွတ်တဲ့ အနေအထား ရောက်အောင် နှစ်ဘက် သုံးဘက် ပါဝင်ပြီး အားလုံးက နိုင်ငံရေး မာနတွေ လျော့ချပြီးတော့ လုပ်မယ်ဆိုရင် ပြည်သူလူထုက စိတ်ချမ်းသာတဲ့ ရောက်သွားပြီးတော့ မြန်မာနိုင်ငံဟု မုချ နှောင်ကြိုး မရှိ တိုးတက်လာမယ်လို့ ပြောချင်ပါတယ်။

မပြော မဖြစ်တဲ့ စကား ဘာများ ကျန်ပါသေးလဲရှင်။

မပြော မဖြစ်စကားတော့ အထူး မရှိတော့ပါဘူး၊ အခုလို တွေ့ဆုံ ဆွေးနွေးခွင့် ရဖြစ်အောင် ဒီမိုကရေစီ ဝိုင်းတော် သားများက ဆောက်ရွက်ပေးတာကို အားလုံးကို ကျေးဇူးတင်တဲ့အကြောင်း တဆင့် စကားပြန်ကြားပေးဖို့ပါ။ အန်ကယ် သိသူရော၊ မသိသူရော အားလုံးကို ဒီကနေ နှုတ်ဆက်လိုက်တယ်လို့ ပြောပေးပါ။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့