..............................

Friday, August 17, 2012

ရိုဟင်ဂျာကိစ္စ ဖိအားပိုမိုပေးဖို့ OIC ထုတ်ပြန်

2012-08-16

အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံပါဝင်တဲ့ OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရဲ့ အစ္စလာမ်မစ် သွေးစည်း ညီညွတ်ရေး ညီလာခံကို ဆော်ဒီ အာရေဗျနိုင်ငံ မက္ကာမြို့မှာ မနေ့က ကျင်းပပြီးစီးခဲ့ရာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်လို့ ဖိအား ပိုမိုပေးဖို့ ဆွေးနွေး ခဲ့ကြောင်း OIC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

OIC အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေက အစ္စလာမ် အသိုင်း အ၀ိုင်းတွေ၊ အဲဒီ အသိုင်းအ၀ိုင်းတွေကို အမှန်တကယ် ကိုယ်စားပြုသူတွေနဲ့ ပြောဆိုဆွေးနွေးဖို့ အရေးကြီးကြောင်း၊ ဒါမှသာ သူတို့ရဲ့ အခွင့်အရေးတွေ ကာကွယ်နိုင်မှာဖြစ်ပြီး အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နိုင်မှာ ဖြစ်ကြောင်း၊ ဒီကိစ္စနဲ့ ဆက်နွယ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေ အပေါ် မြန်မာအစိုးရက အကြမ်းဖက် ဖိနှိပ်နေတာတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံတွေ အပါအ၀င် ကိုယ်ကျင့် သိက္ခာဆိုင်ရာ စံတွေနဲ့ မကိုက်ညီတဲ့ အတွက် ရှုတ်ချကြောင်းလည်း ဖော်ပြပါတယ်။

ဒါ့ပြင် အဖွဲ့အစည်း အားလုံးနဲ့အတူ ပူးပေါင်းပြီး ဒုက္ခသည်တွေဆီကို လူသားချင်း စာနာရေး အကူအညီတွေ အပြည့်အ၀ ရောက်ရှိခွင့်ပြုဖို့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ပြန်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း မြန်မာ အစိုးရနဲ့ သံတမန်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အဆက် အသွယ်ရှိတဲ့ OIC အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ အဲဒီ ဆက်ဆံမှုတွေကို အသုံးချပြီး ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်နေတာတွေကို ရပ်ဆိုင်းအောင် မြန်မာ အစိုးရကို ဖိအားပေးကြဖို့ တိုက်တွန်းကြောင်း OIC အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့