..............................

Wednesday, August 1, 2012

စစ်တပ်၊ အစိုးရနှင့် NLD တွင်ပါ ရှေးရိုးစွဲများရှိဟု သမ္မတပြော

မျိုးသန့်
အင်္ဂါနေ့၊ ဇူလိုင်လ ၃၁ ရက် ၂၀၁၂

ရန်ကုန် (မဇ္ဈိမ) ။ ။ တပ်မတော်နှင့် အစိုးရတွင်သာမက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD တွင်လည်း ရှေးရိုးစွဲ အမြင်ရှိသူများ ရှိနေသည်ဟု စင်္ကာပူ အခြေစိုက် ရုပ်သံလွှင့် သတင်းဌာန တခု ဖြစ်သည့် CNA က တွေ့ဆုံမေးမြန်း ရာတွင် သမ္မတ ဦးသိန်းစိန်က ပြောဆိုသွားသည်။

ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ထိုင်းနိုင်ငံသို့ သမ္မတ ဦးသိန်းစိန် သွားရောက်စဉ် CNA ၏ မေးမြန်းမှုကို မြန်မာ သမ္မတ ပြန်လည်ဖြေကြား ခဲ့မှုအား တနင်္လာနေ့ ညနေပိုင်းတွင် ထုတ်လွှင့်ပြသ သွားခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေးရိုးစွဲ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ နောက်ပြီးတော့ တိုးတက်တဲ့ အမြင်ရှိတဲ့ လူငယ်တွေလည်း ရှိပါတယ်။ တပ်မတော် ထဲမှာလည်း အလားတူ ရှိမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အစိုးရ အဖွဲ့ထဲမှာ လည်းရှိမှာ ဖြစ်ပါတယ်။” ဟု သမ္မတ ဦးသိန်းစိန်က ပြောကြား သွားသည်။

ထို ရှေးရိုးစွဲများ ရှိနေခြင်းသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုပေါ်တွင်သာ မူတည်ပြီး တိုင်းပြည် ဖွံ့ဖြိုး တိုးတက်အောင် လုပ်ပြခြင်းဖြင့် “ဆန့်ကျင် သဘောထား အမြင်ရှိတဲ့ သူတွေ နောက်က အလိုလို လိုက်ပါလာမှာ ဖြစ်ပါတယ်။” ဟုလည်း သမ္မတ က ထည့်သွင်း ပြောသွားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရတို့ကြား အမေရိကန်နှင့်၊ ဥရောပနိုင်ငံ အချို့တို့၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ရှိနေသည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြား သွားသေးသည်။

“မတူတာကတော့ ကျနော်တို့က နိုင်ငံကို စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် လုပ်ချင်တယ်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဖို့ အတွက် ပိတ်ဆို့ တားဆီး ထားတာတွေကို ကျနော်တို့က ဖြေလျှော့ပေးစေချင်တယ်။ လုံးဝ ရုတ်သိမ်း ပေးစေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာကိုလှည့်ပြီး ပြောတဲ့ တွေ့တဲ့ အထဲမှာတော့ ရင်းနှီး မြှုပ်နှံမှုတွေကို ချက်ချင်း မလာဖို့၊ စဉ်းစဉ်းစားစားနဲ့ လုပ်ဖို့ ဆိုတာတွေက ဒီအချက်တွေကတော့ ကွဲပြားခြားနားမှု ရှိပါတယ်” ဟု ပြောကြား သွားခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ကိုလည်း ဦးစားပေး လုပ်ဆောင်နေကြောင်း “နိုင်ငံရေး တည်ငြိမ်ဖို့ အတွက် ဆိုတာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံနေတဲ့ အင်အားစုတွေနဲ့ အဆင်ပြေ ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူ့အင်အားစုတွေဟာ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့အတွက် ဒါ အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒီအချက်ကိုလည်း ကျနော်တို့ ဦးစားပေးပြီး လုပ်ပါတယ်” ဟု ဦးသိန်းစိန်က ပြောကြား သွားသည်။

အသက်အရွယ်နှင့် ကျန်းမာရေးအရ သမ္မတ သက်တမ်းတခုသာ တာဝန်ယူမည့် ဦးသိန်းစိန်က မြန်မာ့ အနာဂတ် အတွက် “ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို နိုင်ငံရေး အရ တည်တည်ငြိမ်ငြိမ် ဖြစ်အောင် လုပ်နိုင်မယ့် လူမျိုးတွေ၊ စီးပွားရေး အရ ဖွံ့ဖြိုး တိုးတက်အောင် လုပ်နိုင်မယ့် မျိုးဆက်မျိုးတွေ၊ ဒီမျိုးဆက်မျိုးက ဆက်ပြီးတော့ တာဝန် ယူသွားစေချင်ပါတယ်” ဟု CNA ၏ တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြား သွားခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့