..............................

Wednesday, May 30, 2012

ဒေါ်စု အာရှအမျိုးသမီးများ အကြောင်း ဟောပြောမည်

ဟင်္သာနီ (မွန်မြေ)
အင်္ဂါနေ့၊ မေလ ၂၉ ရက် ၂၀၁၂

စံခလပူရီ (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ် WEF သို့ မြန်မာ့ အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ "Asian Women as the Way Forward” ဟူသည့်
ခေါင်းစဉ်ဖြင့် သောကြာနေ့တွင် မိန့်ခွန်း ပြောကြားရန် ရှိကြောင်း WEF ကျင်းပရေး၏ Senior Director နှင့် Head of Asia ဖြစ်သူ Mr.Sushant Palakurthi Rao ၏ အဆိုအား ကိုးကား၍ ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာ၌ ဖော်ပြ ပါရှိပါသည်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာမည့် မြန်မာ့ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား Women’s Network Reshaping Thailand (WREST) မှ ဂုဏ်ပြုတွေ့ဆုံရန် ရှိကြောင်း အဆိုပါ အဖွဲ့၏ Coordinator တဦးဖြစ်သူ Dr. Suthada Mekrungruangkul က တနင်္လာနေ့က အတည်ပြု ပြောကြားသွားသည်။

“ကြားဖြတ် ရွေးကောက်ပွဲတုန်းက မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ NLD ပါတီ ခေါင်းဆောင်၊ မြန်မာ့ ဒီမိုကရေစီ ဗီးနပ်ဗ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတွေ့ဆုံဖို့ မျှော်လင့်ပါတယ်” ဟု Dr. Suthada Mekrungruangkul က ပြောကြားသွားသည်။

WEF အစည်းအဝေးကို မေလ ၃၀ ရက်နေ့မှ စတင်၍ ဇွန်လ ၁ ရက်နေ့ အထိ ထိုင်းနိုင်ငံရှိ Shangri-La ဟိုတယ်၌ ပြုလုပ်မည် ဖြစ်သည်။

အဆိုပါ အစည်းအဝေး ကျင်းပရက် မေလ ၃ဝ ဗုဒ္ဓဟူးနေ့ စတင်၍ ဇွန်လ ၁ဝ ရက်နေ့ အထိ People’s Alliance for Democracy ပါတီ (ရှပ်ဝါ) အဖွဲ့မှ လွှတ်တော် အဆောက်အဦး ဆီသို့ ချီတက် ဆန္ဒပြရန် ရှိသော်လည်း ထိုင်း အာဏာပိုင်များမှ ဖိုရမ် အစည်းအဝေးအား ချောမွေ့စွာ ကျင်းပနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။

Shangri-La ဟိုတယ် လမ်းမတလျှောက်ရှိ ရုံးများနှင့် ကျောင်းများလည်း WEF အစည်းအဝေး ကျင်းပနေစဉ် အတွင်း ပုံမှန် ဖွင့်လှစ်မည် ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့