..............................

Thursday, May 10, 2012

အာဖရိက နဲ့ တရုတ် - မြန်မာတွေဘယ်လိုသင်ခန်းစာ ယူမလဲ



၁၉ ရာစုတုန်းက အာဖရိကရဲ့ကြွယ်ဝတာတွေကို ရယူဖို့အတွက် ဥရောပနိုင်ငံတွေက အလုအယက်ကြိုးစားခဲ့ဖူး ပါတယ်။ အဲဒီလို ကိုလိုနီနယ်ချဲ့ ခဲ့တာတွေဟာ အဆုံးသတ် ခဲ့တာ ကြာပြီ ဆိုပေမဲ့ ဒီနေ့ တရုတ်ရဲ့အာဖရိကကို ဝင်ရောက် လာပုံကတော့ အဲဒီခေတ်တွေကိုပြန်ပြောင်း သတိရစေဖို့ ဖြစ်နေခဲ့ပါပြီ။

ဒီနေ့တရုတ်ဟာ ကမ္ဘာပေါ်မှာ ကုန်ပစ္စည်းတွေကိုဈေးအသက်သာဆုံး ထုတ်လုပ်နိုင်တဲ့ ပြိုင်ဖက်မရှိ တဲ့နိုင်ငံပါ။ တောက်လျောက် အတက်ပြနေတဲ့ ပြည်တွင်း ထုတ်ကုန် လိုအပ်ချက်တွေရယ်၊ ကမ္ဘာလုံး ဆိုင်ရာ ပြည်ပတင်ပို့ မှုတွေကြောင့် သူ့အတွက် ကုန်ကြမ်း ပစ္စည်းတွေ၊ ဓာတ်သတ္တုတွေနဲ့ ရေနံ စတဲ့လောင်စာတွေဟာ အမြဲမပြတ် လိုအပ်နေပါတယ်။ တိုင်းပြည်ကြီးတယ်၊ လူဦးရေများတယ်၊ စက်ရုံတွေများတယ်၊ ဒါတွေကြောင့် သူ့ရဲ့ လိုအပ်ချက်တွေဟာ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အဆပေါင်းများစွာ သာပါတယ်။ နိုင်ငံတကာ Renewal Energy သဘောတူညီချက် တွေရှိလာနိုင်မှာနဲ့၊ အနာဂါတ်မှာ ရေနံလိုမျိုး လောင်စာတွေ ရှားပါးလာမှာကို တွက်ချက် လာကြတဲ့ အတွက် လေစွမ်းအင်၊ နေစွမ်းအင်စတဲ့ ဖြည့်တင်းစွမ်းအင် စီမံကိန်းတွေကိုလည်း ပမာဏကြီးစွာ ဖော်ဆောင်နေပါတယ်။

ဒီစီမံကိန်းတွေအတွက်မရှိမဖြစ်လိုအပ်တဲ့လောင်စာနဲ့ ဓာတ်သတ္တုတွေကိုလည်း ပမာဏ များစွာ ဝယ်ယူ စုဆောင်းနေတာ ဖြစ်တယ်။ ဒီလို စွမ်းအင်နဲ့ ဓာတ်သတ္တုတွေ ရရှိ စုဆောင်းရေး အတွက် ပြင်ပ တိုင်းပြည်တွေထဲမှာ ဆိုရင် တရုတ်အတွက် အာဖရိကဟာ အကောင်းဆုံး ရွေးချယ်စရာ ဖြစ်နေခဲ့ပါတယ်။ အာဖရိကနိုင်ငံတွေ ကိုဝင်ရောက်ဖို့ အတွက် စစ်ရေး အင်အား သုံးမဲ့အစား Cheque စာအုပ်နဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေကို ခေါ်သွားပြီး ခေတ်မှီတဲ့ နိုင်ငံဖြစ်အောင် ကူညီပေးမယ်ဆိုပြီး ကမ်းလှမ်းရာက စတင်နိုင်ပါတယ်။ အာဖရိကန်နိုင်ငံတွေဖက်က ဆိုရင်တော့ အပြန်အလှန် အားဖြင့် သူတို့ရဲ့ပေါကြွယ်ဝတဲ့ သံယံဇာတ သိုက်တွေကို တရုတ်တွေကို အတားအဆီး မရှိ တူးဖော် ထုတ်လုပ်ခွင့်ပေးလိုက်ယုံပါပဲ။

အာဖရိကမှာတရုတ်ကမြုပ်နှံတဲ့ပမာဏကိုဘယ်သူမှ အတိအကျ မသိပါဘူး။ တရုတ်ကလဲ မထုတ်ပြန်သလို၊ အာဖရိက နိုင်ငံတွေကလဲ မထုတ်ပြန်ပါဘူး။ ဘယ်လိုပဲ မထုတ်ပြန်ပေမဲ့ အဲဒီ ပမာဏဟာ အာဖရိကမှာ အမေရိကန်နဲ့ ပြင်သစ်တို့ မြုပ်နှံ ထားတာထက် များစွာ ပိုတယ် ဆိုတာ ထင်ရှားပါတယ်။ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ တရုတ်-အာဖရိက ကုန်သွယ်မှုဟာ ၂ဝဝဝ ခုနှစ်တွေ တုန်းက ဒေါ်လာ ၁ဝ ဘီလီယံပဲ ရှိခဲ့ရာကနေ ၂ဝဝ၈ မှာ ဒေါ်လာ ၁ဝ၇ ဘီလီယံအထိ တိုးလာ ခဲ့ပါတယ်။ တရုတ်အစိုးရ ကိုယ်တိုင် ဦးဆောင်တဲ့ တရုတ် အစိုးရ ကုပ္မဏီ ကြီးတွေ၊ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေ နဲ့ တရုတ်ကုန်သည် အငယ်စားတွေ အထိ အာဖရိကရဲ့ စီးပွားရေး လုပ်ငန်းတိုင်း လိုလိုမှာ တက်ကြွစွာ ဝင်ရောက် လုပ်ကိုင်ခဲ့ကြပါတယ်။

ဒါတွေကြောင့် ChinAfrica ဆိုတဲ့ စကားအသစ်တောင် ရှိလာပါတယ်။ တကယ်တော့ အာဖရိက ဟာတရုတ်နဲ့ မစိမ်းပါဘူး။ ၁၉၅ဝ နဲ့ ၁၉၆ဝ နှစ်တွေမှာ တရုတ် ကွန်မြူနှစ်ဝါဒ ပြန့်ပွားဖို့နဲ့ အနောက်တိုင်း Capitalism ကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ အနေနဲ့ အာဖရိကကို တရုတ်အနေနဲ့ ဘဏ္ဏာရေးနဲ့ ဆောက်လုပ်ရေး အကူအညီ တွေလည်း ပေးခဲ့ဖူးပါတယ်။ အခုအခါမှာတော့ ၂ဝဝ၁ ခုနှစ်က စတင်ခဲ့တဲ့ တရုတ် အစိုးရရဲ့ “ဂျောင်ချူ” ပေါ်လစီ ကြောင့် လွန်ခဲ့တဲ့ ၁ဝ နှစ်လာက်ကစပြီး အခုအထိ တရုတ်လူဦးရေ တသန်းကျော်ဟာ အာဖရိက အနှံအပြားမှာ ဝင်ရောက် လုပ်ကိုင် နေကြပါပြီ။ “အပြင်ထွက်ကြ” လို့ အဓိပ္ပါယ်ရပါတဲ့ ဒီပေါ်လစီရဲ့ အစိတ်အပိုင်း အဖြစ် တရုတ် အစိုးရက၂ဝဝရ ကစတင်ပြီး အာဖရိကမှာ ရင်းနှီး လုပ်ကိုင်ကြမဲ့ တရုတ် ကုပ္မဏီတွေကို နှစ် ၅ဝ ဆယ် အစိုးရ Fund အားပေးရေး ဥပဒေကိုပြဌာန်းခဲ့ပါတယ်။

ဒီနေ့တရုတ်ရဲ့အာဖရိကကိုလာရောက်ခြင်းက ကြွယ်ဝတဲ့အာဖရိကရဲ့ သံယံဇာတသိုက်တွေကို ထုတ်ယူဖို့ သက်သက် လာရောက် ခဲ့တာပါ။ အရင် လာတုန်းကလို ကွန်မြူနစ် ဝါဒကို ဖြန့်ချီဖို့ မဟုတ်တော့ပါဘူး။ အာဖရိက တိုက်ဟာ အမေရိက၊ တရုတ်၊ ဥရောပတို့ထက် ကြီးပါတယ်။ တူးဖော်မှု အတိုင်းအတာနဲ့ဆို ဘာဆို ဘာကိုမှ မတူးဆွရသေးတဲ့ နေရာကြီးတခုပါ။ ရေနံ၊ ကျောက်မီးသွေး၊ သံ၊ သတ္တု၊ ခဲ၊ တန်စတင်၊ ကိုဘော့၊ ကိုလ်တန်၊ ကြေး၊ မန်ဂနီး(စ်)၊ ခရိုမီယံ၊ ခနောက်စိမ်း၊ လုပ်ငန်းသုံးစိန်၊ ယူရေနီယံ၊ ပလက်တီနမ်၊ ရွှေ၊ ငွေ တွေ ထွက်သလို ဒီနေ့ခေတ်ရဲ့ Electronic ပစ္စည်းတွေမှာ မရှိမဖြစ် သုံးနေကြရတဲ့ ရှားပါး ဓာတ်သတ္တုတွေပါ ထွက်ရှိနေ တဲ့နေရာပါ။ အဲလိုကြွယ်ဝမှုတွေ ရှိပေမဲ့၊ အာဖရိကနိုင်ငံတွေ စုပေါင်းလိုက်တဲ့ GDP ကတော့ ဘရာဇီး တနိုင်ငံရဲ့ GDP သာသာ ပဲရှိပါတယ်။ ဒီလို နိမ့်ကျမှုတွေက ရုံးထွက်ချင်တာရယ်၊ သူတို့ အစိုးရတွေရဲ့ အာဏာ နယ်နမိတ်တွေကို ချဲ့ထွင် ချင်တာတွေကြောင့် အာဖရိက နိုင်ငံတော်တော်များများက ခေါင်းဆောင်တွေဟာ သူတို့ရဲ့ သံယံဇာတတွေကို ရောင်းစားဖို့ ကြိုးစား လာကြပါတယ်။ ဒီ့အတွက် နိုင်ငံတကာကို လမ်းဖွင့်ပေးထားပေမဲ့ တရုတ် လုပ်သလိုမျိုး အနောက်နိုင်ငံ ကုပ္မဏီတွေဟာ အာဖရိက အစိုးရတွေကို မဆွဲဆောင်နိုင်ခဲ့ပါဘူး။ တရုတ်ကတော့ အာဖရိက နိုင်ငံအစိုးရတွေရဲ့ လိုအပ်ချက်တွေကို ရရာနည်းနဲ့ ဖြည့်ဆည်းပေးရင်း နေရာတော်တော် များများကို အခြားသူ တွေဝင်မလာနိုင်အောင် အသာစီး ယူသွားခဲ့တာဖြစ်ပါတယ်။

ကမ္ဘာဘဏ်ရဲ့အဆိုအရ တရုတ်ဟာအာဖရိကမှာ Infrastructure ပေး - Resource ယူ သဘော တူညီချက်တွေ ကို သဲကန္တာရ တပိုင်း ဖြစ်နေတဲ့ နိုင်ငံပေါင်း ၃၅ ထက် မနည်း ချုပ်ဆိုပြီး ဖြစ်နေပါပြီ။ တရုတ် ဆောက်လုပ်ရေး ကုပ္မဏီတွေကတော့ အာဖရိကရဲ့ မြေပေါ်မှာအောင်မြင်မှု သရဖူ စိုက်ထူနိုင်သူတွေပါ။ ဒီလုပ်ငန်းတွေထဲ စီးဝင်သွားတဲ့ ငွေတွေကတော့ တရုတ် အစိုးရကနေ တရုတ်ကုပ္မဏီတွေ အတွက် အထူးနှုန်းနဲ့ ချေးပေးတဲ့ငွေတွေပါ။ ဒါ့အပြင် အာဖရိကမှာ လာလုပ်တဲ့ အတွက်ဆိုပြီး တရုတ်အစိုးရက ကုပ္မဏီတွေကို Export Credit တွေကို ချီးမြှင့်ပါသေးတယ်။ အစိုးရ ကိုယ်တိုင်ကနေ ဒီလိုမျိုးတွေ ထောက်ပံ့တဲ့ အတွက် အခြားအနောက် အုပ်စု ကုပ္မဏီတွေဟာ အာဖရိကရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ တရုတ်ဆောက်လုပ်ရေး ကုပ္မဏီတွေကို မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။

ရေကာတာတွေ၊ရေအားလျှပ်စစ်တွေ၊ လမ်းတွေ၊ ရထားလမ်းတွေဖောက်ပေးတာတွေက သာမန် ကြည့်ရင်တော့ အာဖရိက တိုက်ရဲ့အကျိုးတွေ ဖြစ်ပေမဲ့ တဖက်က ကြည့်ရင်တော့ တရုတ်အတွက် အာဖရိကရဲ့ ထွက်သမျှ သံယံဇာတ တွေကို ချောချောမွေ့မွေ့ တရုတ်ပြည်ကို သယ်ဆောင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အရာတွေပါ။ ဆောက်လုပ်ရေးတွေ အတွက် လိုအပ်တဲ့ ကုန်ပစ္စည်း အားလုံးကိုတော့ တရုတ်ပြည်ကနေပဲ တင်သွင်းတဲ့ အတွက် တရုတ်ပြည်တွင်းက ထုတ်လုပ်ရေး ကုပ္မဏီတွေအတွက် အကျိုးစီပွား ဖော်ဆောင်ပြီးသားလည်း ဖြစ်နေပါတယ်။ တကယ်တော့ တရုတ်ရဲ့ ဒီလိုနာမယ်ခံ ကူညီရေး အစီအစဉ်တွေဟာ ဒေသခံ အာဖရိကန်ပြည်သူ တွေအတွက် ဆိုရင် အလုပ်အကိုင် ရရှိရေးအတွက် နဲနဲပဲ တတ်နိုင်တာပါ။ ဒီလို ပရောဂျက်တွေမှာ လုပ်ကိုင်မဲ့ လုပ်သားအင်အား တွေရဲ့ ၇ဝ % အထိကို တရုတ် အလုပ်သမားများ နဲ့သာ လုပ်ရမယ်လို့ လုပ်ငန်းစထဲက အာဖရိကနိုင်ငံတွေ အနေ နဲ့သဘောတူ ချုပ်ဆို ထားခဲ့ကြရတာပါ။

ဒီနေ့မှာအကြီးဆုံးလို့ပြောရမယ့်ပရောဂျက်က အာဖရိက အလယ်ပိုင်းက ကွန်ဂိုမှာဖြစ်ပါတယ်။ လူဦးရေသန်း ရဝ ကျော်၊ တနေ့ဝင်ငွေ တဒေါ်လာ မရှိတရှိနဲ့နေရကြတဲ့ ကွန်ဂို ပြည်သူတွေဟာ ကိုလိုနီခေတ်၊ ခြစားတဲ့ အစိုးရရဲ့ လွပ်လပ်ရေးလို့ ပြောတဲ့ခေတ်၊ ၁၉၉၈ နဲ့ ၂ဝဝ၄ ကြားက ခန့်မှန်းခြေ လူ ၄.၅ သန်းလောက် သေခဲ့ရတဲ့ ပြည်တွင်းစစ်ခေတ်၊ အကြမ်းဖက်ခြင်း၊ ငတ်ပြတ်ခြင်းခေတ်တွေနဲ့ ကြုံခဲ့ကြ၊ ကြုံနေကြတာပါ။ ဒါပေမဲ့ ဒီ ကွန်ဂိုရဲ့ နယ်နမိတ်တွင်းမှာတော့ ခန့်မှန်းခြေ ဒေါ်လာ ထရီလျှံ ၂၅ ကနေ ၅ဝ ထိ တန်တဲ့ မတူးဖော်ရသေးတဲ့ သဘာဝ ဓာတ်သတ္တုတွေ အမြောက်အမြား ရှိပါတယ်။ ဒေါ်လာ ၉ ဘီလီယံတန် ကွန်ဂိုနဲ့ In fracture for Mineral စာချုပ်မှာ မိုင် ၂၄ဝဝ ရှည်တဲ့ လမ်းတွေ၊ မိုင် ၂ဝဝဝ ကျော်ရှိမဲ့ ရထားလမ်းတွေ၊ ဆေးရုံပေါင်း ၃၂ ရုံ၊ ကျမ်းမာရေးဌာန ၁၄၅ ခု နဲ့ တက္ကသိုလ် ၂ ခုပါဝင်ပါတယ်။ ကွန်ဂိုမှာ တနေရာနဲ့ တနေရာကို သွားဖို့ ကားလမ်းများများ စားစား မရှိတဲ့အတွက် သူ့ရဲ့မြို့ကြီးတွေ အကြား လေကြောင်းခရီးကိုသာ အဓိက အားကိုးနေရတဲ့နိုင်ငံပါ။ ပျမ်းမျှ လူ့သက်တမ်း ကလဲ ၅၅ နှစ်ပဲ ရှိပါတယ်။ မွေးစ ကလေး သေပျောက်မှုနှုန်း ကလဲ ကမ္ဘာ့ အမြင့်ဆုံးနိုင်ငံပါ။ လူဦးရေရဲ့ သုံးပုံတပုံက စာမတတ်ပါဘူး။ ဒါကြောင့် မို့လို့ တရုတ်ရဲ့ အခုလို ချည်းကပ်မှုမျိုးတွေကို ကွန်ဂို အစိုးရဟာ လက်မခံပဲ မနေနိုင်ခဲ့ပါဘူး။ တရုတ်က ဒီလို ချည်းကပ်မှု မျိုးတွေနဲ့ပဲ အခြား အာဖရိကန်နိုင်ငံတွေ နဲ့လဲ ဆက်သွယ် လုပ်ကိုင်နိုင်ခဲ့ပါတယ်။

ကွန်ဂိုမှာ ဒေါ်လာ ၉ သန်းတန် အထက်ပါအကူအညီပေးမှုမျိုးကနေပြီး၊ တရုတ်အတွက် ပြန်ရမှာတွေ ကတော့ မက်ထရစ်တန် ၁ဝ သန်းတန် ကြေးနီနဲ့ မက်ထရစ်တန် ၆ သိန်းကျော် ကိုဘော့လ် (Cobalt) မိုင်းတွေ တူးဖော်ခွင့် ပဲဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် ဆိုရင် တရုတ်အတွက် သူ့ရဲ့ဖက်စပ် ကွန်ဂို အစိုးရမိုင်း ကုပ္မဏီရဲ့ ရှယ်ရာကို ခွဲပေး ပြီးတာတောင်မှ အနဲဆုံးဒေါ်လာ ဘီလီယံ ဆယ်ဂဏန်းများစွာ ရရှိမှာပါ။

ဒီလိုပရောဂျက်တွေမှာ အကြီးစားလာဘ်စားမှုတွေကလည်း အမြဲလို ပါဝင်နေတာကလဲ မကြားချင်မှ အဆုံးပါ။ ဆူဒန်က ဘုရင့် နန်းတော်သစ်၊ ဇမ်ဘီယားနဲ့ ကင်ညှာက ဘောလုံး ကစားကွင်း၊ ယူဂန္ဒာက ဖိုင်ဘာ ဆက်ကြောင်း၊ အားလုံးဟာ ခြစားမှုတွေရဲ့ သာဓက အချို့ပါ။ အမေရိကန်နဲ့ ဥရောပ ကုပ္မဏီတွေ အနေနဲ့ လာဘ်စားမှု ဥပဒေ (FCPA) ကို လိုက်နာရတဲ့ အတွက် အဲဒီလို ပရောဂျက်တွေကို မလုပ်နိုင်ပေမဲ့ တရုတ် ကုပ္မဏီတွေကတော့ လာဘ်ပေးတာကို ပင်လျှင် လက်နက် တခုသဖွယ် အသာစီးယူပြီး ပရောဂျက်တွေကို ရယူနိုင်ခဲ့တာပါ။

အာဖရိကကို အမေရိကနဲ့အနောက်အုပ်စုတွေ အားလုံးက Human Right နဲ့ Democracy စံနှုန်းတွေနဲ့ အလုပ် ရှုပ်နေချိန်မှာ တရုတ်ကတော့ နိုင်ငံရေး၊ လူသားချင်း စာနာရေးတွေ လုံးဝမပါပဲ၊ စီးပွားရေး သက်သက် ပုံစံမျိုးနဲ့ အစိုးရရော၊ ပုဂ္ဂလိက ကုပ္မဏီတွေက အာဖရိကနိုင်ငံတွေနဲ့ အစိုးရတွေကို ချည်းကပ် ခဲ့တာပါ။ ဒီလို ချည်းကပ် မှုတွေကြောင့် အာဖရိက နိုင်ငံတွေမှာ မဆုံးနိုင်တဲ့ ပြည်တွင်းစစ်တွေ မရပ်နိုင်မှာ၊ မျိုးတုန်း သတ်ဖြတ် မှုတွေ ရှိနေမှာ၊ အာဏာရှင်တွေ ရှိနေကြဦးမှာ၊ လာဘ်စားမှုတွေ ဖြစ်နေကြမှာ ဆိုတာတွေကတော့ တရုတ်ရဲ့ သူများပြည်တွင်းရေးမှာ မစွက်ဖက်ရေး ဆိုတဲ့ ကြွေးကြော်သံ အောက်မှာ မသိချင်ယောင်ဆောင်ခံ ခဲ့ကြရတာပါ။

ဆူဒန်မှာဆို ထွက်သမျှ ရေနံရဲ့ တဝက်လောက်ကို ဝယ်နေတာတင် မဟုတ်ပဲ မျိုးတုန်း သတ်ဖြတ်တာတွေ ရှိတာကို သိသိကြီးနဲ့ လက်နက်တွေ ကိုပါ ရောင်းချ ပေးနေတာပါ။ ဇင်ဘာဘွေမှာ ဆိုလဲ ရောဘတ် မှုဂါဘီတို့ကို လက်နက် ရောင်းချပြီး စိန်တွင်းတွေဆီ ဝင်ခွင့်ကို အရယူခဲ့တာပါ။

Ref: dinkypage

0 comments:

အပေါ်သို့