..............................

Friday, February 17, 2012

ဒေါ်စုကိုယ်စားလှယ်လောင်း အမည်စာရင်း အတည်ပြုချက်မထွက်သေး

သင်းသီရိ | ဝါရှင်တန်
ကြာသပတေး, 16 ဖေဖော်ဝါရီ 2012

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်း အတည်ပြုချက် မထွက်လာ သေးတာဟာ ကန့်ကွက်သူ ဖက်က သူရဲ့ကန့်ကွက်လွာကို တိုင်းဒေသကြီး ကော်မရှင်ရုံးထိ အယူခံ ၀င်ထားတာကြောင့် ဖြစ်တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲချုပ်က ပြောပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်စားလှယ်လောင်း အရည်အချင်း ကိုက်ညီမှု မရှိဘူးဆိုပြီး ကန့်ကွက်ထားတာကို ခရိုက်ကော်မရှင်ရုံးက ပယ်ချထားတာပါ၊ ဒီအကြောင်းရဲ့ နောက်ဆုံး အခြေအနေ တွေကိုတော့ မသင်းသီရိက ဆက်ပြောပြ ပေးထားပါတယ်။

ဧပြီလ ၁ရက်နေ့မှာ လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဝင်ပြီး ပြိုင်ကြမယ့် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်း အမည် စာရင်းတွေ အတော်များများ အတည်ပြုချက် ထွက်လာပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်း အခုချိန်ထိ ထွက်မလာ သေးတာဟာ သူကို ကန့်ကွက် ထားတဲ့အမှု မပြီးပြတ် သေးတာကြောင့် ဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ဝင်ပြီး ပြိုင်မယ့် ကော့မှူး မဲဆန္ဒနယ်ထဲမှာပဲ ဝင်ပြိုင်မယ့် တခြားပါတီတခုဖြစ်တဲ့ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ပါတီက ကိုယ်စားလှယ်လောင်း ဦးတင်ရီက ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်စားလှယ်လောင်း တဦးရဲ့ အရည်အချင်း နဲ့ မကိုက်ညီဘူး ဆိုပြီး ဖေဖော်ဝါရီ ၆ရက်နေ့က ရန်ကုန်တောင်ပိုင်း ခရိုင် ကော်မရှင်ရုံးကို ကန့်ကွက်ထားတာပါ၊

ဒီကန့်ကွက်လွာကို ခရိုင်ကော်မရှင်က ဖေဖော်ဝါရီ ၁၁ ရက်နေ့က မှာ ပယ်ချခဲ့ပေမယ့် ကန့်ကွက်သူ ဦးတင်ရီဘက်က တိုင်းဒေသကြီး ကော်မရှင်ရုံးထိ အယူခံ ဆက်ဝင်နေတာကြောင့် ဖြစ်တယ်လို့ NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်၊

ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ကန့်ကွက်တဲ့လုပ်ငန်းက မပြီးပြတ်သေးဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီကန့်ကွက်လွှာကို ခရိုင် ကော်မရှင်ရုံးက နေပြီးတော့ ၁၁ ရက်နေ့က ပယ်လိုက်တယ်။ ပယ်လိုက်တော့ အဲဒီကန့်ကွက်တဲ့ သူတွေက အယူခံဝင်မယ်လို့ ကော်မရှင်ရုံးမှာ ပြောသွားတယ်။ အဲဒါကြောင့် အယူခံကိစ္စကို စောင့်နေရတယ်။ ဒါတွေပြီးပြတ်မှ ထွက်မယ်လို့ ကျနော် ထင်ပါတယ်။ ဒါက ကျနော်တို့က ခရိုင်ကော်မရှင်ကို သွားတွေ့တဲ့ အခါမှာ အမိန့်ချတဲ့အခါ ကန့်ကွက်သူရှေ့ကို အမိန့်ချတယ်၊ နောက် ဥပဒေ အရလည်း အယူခံ ဝင်မှာလား မဝင်ဘူးလား ဆိုတာ မေးရပါတယ်။ အဲဒီလိုမေးတဲ့ အခါ သူတို့က ဝင်မယ်လို့ ပြောသွားတာပါ။

ဥပဒေ ပြဌာန်းချက်အရ အယူခံဝင်လွှာကို ပယ်ချအပြီး ၁၅ ရက်တွင်းမှာ တိုင်းဒေသကြီး ကော်မရှင် ရုံးတင်ရမှာ ဖြစ်သလို တိုင်းကော်မရှင် ကလည်း( ၇ ) ၇က် အတွင်း စစ်ဆေးကာ အမိန့်ချရမှာ ဖြစ်ပါတယ်။ ဒီအဆင့်ဟာ ကိုယ်စားလှယ်လောင်း တဦးကို ကန့်ကွက်တဲ့ နောက်ဆုံး အဆင့်လည်း ဖြစ်ပါတယ်။ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ကိုယ်စားလှယ်လောင်း ဦးတင်ရီက ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်စားလှယ်လောင်း အရည်အချင်း နဲ့ မကိုက်ညီဘူးဆိုပြီး ကန့်ကွက်ထားတဲ့ အချက်တွေက အဓိက အချက်တွေကို ဦးဥာဏ်ဝင်းရှင်းပြတာက

အဓိက အချက်တချက်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်က Domiciled ဖြစ်တယ်ပေါ့၊ ဗြိတိန်နိုင်ငံမှာ နေထိုင်ခွင့်ရသူ ဖြစ်တယ်၊ နောက်ပြီးတော့ ဗြိတိန်နိုင်ငံရဲ့ Green Card ရသူ ဖြစ်တယ်၊ အဲဒါကတော့ တော်တော့်ကို မှားယွင်းတဲ့ စွပ်စွဲချက်ပဲ၊ ဗြိတိန်နိုင်ငံမှာ Green Card လည်းမရှိပါဘူး၊ British Domiciled ဆိုတာလည်း မရှိပါဘူး။ အဲတော့ မှားယွင်းပြီးတော့ တင်ပြတဲ့ အချက်ပါ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားကနေ ရရှိတဲ့ ဆုငွေတွေကို အစိုးရဆီ မအပ်ပဲနဲ့ အသိမပေးပဲနဲ့ ထားတယ်ပေါ့။ အဲဒါလည်း လုံးဝမှားတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရသမျှဆုကြေး ကို သူ့ အကောင့် ( account) လည်းမရှိဘူး။ သူလည်း မယူဘူး။ ဖောင်ဒေးရှင်းတွေကို တခါတည်းပဲ တန်းလွှဲတယ်။ ဒါ့ကြောင့် ဒီစွပ်စွဲချက်ဟာ မှားလည်းမှားတယ်။ သူတို့မှာလည်း ဘာအထောက်အထားမှ မရှိပါဘူး။

NLD ပါတီက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းပါရှင်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းတွင်း လစ်လပ် နေရာ (၆) နေရာ အတွက် ဝင်ပြီး ပြိုင်မယ့် NLD ပါတီက ကိုယ်စားလှယ်လောင်း တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်က လွဲရင် ကျန်တဲ့ အမည်စာရင်းတွေ အတည်ပြုချက် ထွက်နေပါပြီ။ ဒါကြောင့် လှည်းကူးမြို့နယ် မဲဆန္ဒနယ်က နေဝင်ပြိုင်မယ့် NLD ပါတီက ကိုဖြိုးမင်းသိန်းက ဆိုရင် ကြိုတင်မဲ ကိစ္စတွေ အတွက် စပြီး လုပ်ဆောင်နေပြီလို့ ပြောပါတယ်။

ကျနော်တို့ ခရိုင်ကော်မရှင်ရုံးက ၆ ရက်နေ့က ခေါ်တွေ့တဲ့အချိန်မှာ ကြိုတင်မဲ ကိစ္စကိုဆွေးနွေးခဲ့ပါတယ်။ ကြိုတင်မဲ ယူမယ့် စာရင်းကို ကျနော်တို့ကို ပေးဖို့ပေါ့နော်။ ကျနော်တို့ ကိုယ်စားလှယ်တွေရဲ့ မဲရုံ ကိုယ်စားလှယ်တွေကနေ သွားရောက်ယူတဲ့ အချိန်မှာ လိုက်ပါခွင့် ပြုဖို့ပေါ့။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး သူတို့ က စီစဉ်ဆောင်ရွက် ပေးနေတယ်လို့ ကျနော့်ကို ပြောပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကြိုတင်မဲ ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အဓိက ကျတဲ့ ကိစ္စတရပ် ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့်မို့ ကြိုတင်မဲ ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ကြိုတင်မဲ သွားယူတဲ့နေရာမှာ တိတိကျကျ ဖြစ်စေဖို့အတွက် ကိုယ်စားလှယ်တွေ လိုက်ပါခွင့်ရအောင် ဆွေးနွေး ထားတာ ဖြစ်ပါတယ်။

NLD ပါတီက ကိုယ်စားလှယ်လောင်း ကိုဖြိုးမင်းသိန်းပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီ (၁၅) ရက်နေ့ ကပဲ လှည်းကူးကို သွားကာ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း အတွက် စည်းရုံးရေး သွားခဲ့သေးသလို မနက်ဖန် သောကြာနေ့မှာ ကျိုက်ထော်နဲ့ ဖျာပုံကိုလည်း ပါတီစည်းရုံးရေး သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးတိုင်း ကချင်ပြည်နဲ့ ရှမ်းပြည်နယ် ဘက်တွေကိုလည်း လူထုနဲ့ တွေဖို့ ဒေါ်အောင်ဆန်းစုကြည်သွားဖို့ စီစဉ် နေတယ်လို့လည်း NLD ပါတီက ပြောပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့