..............................

Thursday, December 29, 2011

ဂျော့ဆိုးရော့စ် မြန်မာပြည်ရောက်နေ

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ နိုင်ငံတကာတွင် ဒီမိုကရေစီရေးနှင့် လွတ်လပ်မှုအတွက် အကူအညီများ ပေးနေသည့် OSI ခေါ် Open Society Institute ကို စတင် ထူထောင်သူ ဂျော့ဆိုးရော့စ် George Soros သည် ဗုဒ္ဓဟူးနေ့တွင် အင်းလေး ကန်သို့ အလည်အပတ် ရောက်နေသည်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။


“သူတည်းတဲ့ ခေါင်တိုင် ကျေးရွာမှာရှိတဲ့ ဟိုတယ်က တာဝန်ရှိတဲ့သူတွေကို သွားတွေ့ပြီး ကျနော် သိရတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

ဂျော့ဆိုးရော့စ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ တွေ့ဆုံရန် ရှိမရှိကိုမူ “သူခေါ်မှပဲ ကျနော်တို့ သွားမယ်။ ရှမ်းပြည်နယ် အစိုးရကတော့ ဒီလိုမျိုး နိုင်ငံခြားသားနဲ့ တွေ့ဖို့မတွေ့ဖို့ အမိန့်ထုတ်ထားတာ မရှိပါဘူး” ဟု ပြောသည်။

ညောင်ရွှေမြို့နှင့် ၇ မိုင်ခန့်ကွာဝေးသည့် အင်းလေးကန်စပ်မှ ခေါင်တိုင်ကျေးရွာတွင် တည်းခိုနေ သည့် ဂျော့ဆိုးရော့စ်သည် အင်းလေးနှင့် ပုဂံဒေသသို့ အလည်အပတ် လာရောက်ခြင်းဖြစ်သည်ဟု သိရသည်။

ဒီဇင်ဘာ ၂၆ ရက်နေ့က ကိုယ်ပိုင်လေယာဉ်ဖြင့် ရောက်ရှိလာပြီး လာမည့် လဆန်းတွင် ပြန်မည့် ဂျော့ဆိုးရော့စ်အား အစိုးရ တာဝန်ရှိသူများက တွေ့ဆုံရန် ပြင်ဆင်နေသည်ဟု စီးပွားရေးလုပ်ငန်း ရှင်ကြီးတဦးကလည်း ပြောသည်။

“၂၆၊ ၂၇ က သူ ရန်ကုန်မှာရှိပြီး ဒီနေ့တော့ အင်းလေးသွားတယ်ပြောတယ်။ သူ့သားနှစ်ယောက်လည်း ပါတယ်။ သူ့ရဲ့ မိသားစု ဒီမှာ vacation visit ပေါ့ဗျာ” ဟု စီးပွားရေး လုပ်ငန်းရှင်တဦးက မဇ္ဈိမကို ပြောသည်။

အမေရိကန်အခြေစိုက် OSI ကို ဂျော့ဆိုးရော့စ်က ၁၉၉၃ ခုတွင် ထူထောင်ခဲ့သည်။ ယခုအခါ ဥရောပ၊ အာရှ၊ အာဖရိကနှင့် လက်တင် အမေရိကတို့ရှိ နိုင်ငံ ၇၀ ကျော်တွင် ရုံးခွဲများထားရှိပြီး လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ သတင်းလွတ်လပ်ခွင့် စသည်တို့ အတွက် အမေရိကန် ဒေါ်လာ သန်း ၈၀၀၀ ကူညီခဲ့ပြီးဖြစ်ကြောင်း အဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာ့ဒီမိုကရေစီအရေးအတွက် တနှစ်လျှင် ဒေါ်လာ နှစ်သန်း သုံးစွဲလေ့ရှိသည်ဟု Zimbio နှင့် Forbes အင်တာနက် စာမျက်နှာများတွင် ရေးသား ထားကြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့