..............................

Tuesday, June 29, 2010

ဦးဆခုံတိန့်ယိန်းကို ပါတီထောင်ရန် ချဉ်းကပ်

လင်းနိုင်ဦး
၂၈ ဇွန် ၂၀၁၀

နယ်ခြားစောင့်တပ် ဖွဲ့စည်းခြင်းကို လက်ခံလိုက်သည့် ယခင် အန်ဒီအေ အဖွဲ့ခေါင်းဆောင် ဦးဆခုံတိန့်ယိန်းကို ကချင်ပါတီ တခု တည်ထောင်ရန် စစ်အစိုးရက ကမ်းလှမ်း နေကြောင်း မြစ်ကြီးနားမြို့မှ ကချင် တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောသည်။

၎င်းက “စစ်အစိုးရဘက်က ကမ်းလှမ်းတာတော့ သိတယ်။ ဒါပေမယ့် ဦးဆခုံတိန့်ယိန်းက လက်ခံ လက်မခံ မပြောနိုင်သေးဘူး” ဟု ပြောသည်။

ရွေးကောက်ပွဲဝင်ရန်အတွက် ပါတီများကို တည်ထောင်ခွင့်ပြုနေသော်လည်း ကချင်ပြည်နယ်မှ ကချင်ပါတီ (၂) ပါတီနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကချင်ပါတီ (၁) ပါတီ စုစုပေါင်း (၃) ပါတီကို စစ်အစိုးရက ယနေ့ထက်တိုင် ပါတီ တည်ထောင်ခွင့် ချမပေးသေးပေ။

ယခုကဲ့သို့ ပါတီ တည်ထောင်ခွင့် မရသည့်အပေါ် ကချင်ပြည်နယ် တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ထံ စာရေးတင်ပြ တောင်းဆိုထားသော်လည်း တစုံတရာ အကြောင်းပြန်ကြားမှု မရရှိသေးကြောင်း သိရသည်။

ရွေးကောက်ပွဲဝင်သည့်ပါတီများကြောင်း ပြည်တွင်းပြည်ပမှ ထင်မြင်လာစေရန် စစ်အစိုးရက ၎င်းတို့သြဇာညောင်းသူများကို ပါတီများ ဖွဲ့နိုင်ရန် အစီစဉ်တကျ လုပ်ခဲ့ကြောင်း၊ ယင်းအထဲတွင် တိုင်းရင်းသား ပါတီများလည်း ပါဝင်ကြောင်း ရန်ကုန်မြို့မှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ တဦးက ပြောသည်။

၎င်းက “ခုလည်း ကချင်ပြည်သူတွေကို တကယ်စည်းရုံးနိုင်တဲ့ ကချင်ပါတီတွေကို ပါတီတည်ထောင်ခွင့် မပြုဘဲ သူတို့ သြဇာညောင်းတဲ့ ဦးဆခုံတိန့်ယိန်းကို ပါတီထောင်ဖို့ ချဉ်းကပ် နေတာဖြစ်တယ်။ အကယ်၍ အခြား ကချင်ပါတီတွေကို ပါတီ ထောင်ခွင့် မပေးဘဲ ဦးဆခုံတိန့်ယိန်း ကိုပဲ ပါတီတည်ထောင်ခွင့် ပြုလိုက်ရင် ပထမတချက် ကချင်အချင်းချင်း သွေးကွဲမယ်။ ဒုတိယတချက် ဦးဆခုံတိန့်ယိန်း အဖွဲ့ကိုလည်း ကချင်ပြည်သူတွေက မထောက်ခံတော့ တစညတို့၊ ကြံ့ဖွံ့တို့ကပဲ မဲတွေ ခွဲဝေ ယူသွားလိမ့်မယ်။ နောက်ဆုံး ကချင်ပြည်နယ်မှာ ပြည်သူတွေကို စည်းရုံးနိုင်တဲ့ နိုင်ငံရေးပါတီတခု ပေါ်ပေါက်လာမှာကိုလည်း တားဆီးပြီးသား ဖြစ်သွားလိမ့်မယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့ လုပ်နေတာ” ဟု ရှင်းပြသည်။

စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် စသည့်သူများ အပါအဝင် မြန်မာနိုင်ငံရေး သမားများနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း) ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ကဲ့သို့ တိုင်းရင်းသား ခေါင်းဆောင်များလည်း ပါဝင်ခွင့် မရရှိပေ။

ဥပဒေနှင့်ညီညွတ်သည့် ကချင်ပါတီများကို ယခုကဲ့သို့ ပါတီတည်ထောင်ခွင့် မပေးခြင်း၊ ရွေးကောက်ပွဲ ကော်မရှင်က တရားမျှတမှု မရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းအမျိုးမျိုး ချမှတ်ခြင်း၊ စာနယ်ဇင်းများကို ပိုမို ဖိနှိပ် လာခြင်းတို့ကြောင့်လည်း အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ပြည်တွင်း၌ ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ကချင်နိုင်ငံရေးပါတီများ စည်းရုံးခွင့် မရှိနိုင်သေးသည့် ကချင်ပြည်နယ်တွင် တစညပါတီနှင့် ကြံ့ဖွံ့ပါတီတို့က ရွေးကောက်ပွဲဝင်မည့် အမတ်လောင်း ရှာဖွေစည်းရုံးမှုများကို ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကတည်းက လုပ်ကိုင် နေခဲ့ခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့နေ ကချင် တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့