..............................

Wednesday, January 6, 2010

နယ်ကျွံသည့် နအဖတပ် ဖမ်းဆီးခံရ

အင်္ဂါနေ့၊ 05 ဇန်န၀ါရီ 2010

ဝ ပြည်သွေးစည်းရေးတပ်မတော်ထိန်းချုပ် နယ်မြေအတွင်း နယ်ကျွံ ၀င်ရောက်သည့် မိုင်းခတ် အခြေစိုက် နအဖစစ်တပ် နယ်လှည့် စစ်ကြောင်း တကြောင်း ဖမ်းဆီး စစ်ဆေးခံရကြောင်း တရုတ်နယ်စပ် သတင်းရပ်ကွက် ကပြောပါသည်။

“ဒီဇင်ဘာ ၃၀ ရက်နေ့တုန်းကပေါ့ မိုင်းခတ် အခြေစိုက် ဗမာစစ်တပ် တပ်စိပ် တစိပ်က မိုင်းယန်းမြို့ မြောက်ဘက် ၄ မိုင် ဝေးတဲ့ ၀ တပ် ထိန်းချုပ်နယ်မြေထဲ ကျွံဝင်သွားလို့ အဖမ်းခံလိုက်ရတယ်” -ဟု တရုတ် နယ်စပ် သွားလာသူ တဦးက ပြော၏။

ဝပြည်သွေးစည်းရေးတပ်မတော်ထိန်းချုပ်နေမြေအတွင်းကျွံဝင်သွားသည့် နအဖစစ်သား ၆ ယောက်တွင် ဦးဆောင်သူ တပ်ကြပ်ကြီး တယောက် ပါဝင်ကြောင်း၊ တပ်မဟာ ၄၆၈ မိုင်းပေါက် အခြေစိုက် ၀တပ်ဖွဲ့ အင်အားသုံးပြီး ဖမ်းဆီး လက်နက်ဖြုတ် အကြပ်ကိုင် စစ်ဆေးမှသာ လမ်းမှားပြီး ၀ နယ်ထဲ ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ ၎င်းတို့မှာ မိုင်းခတ် အခြေစိုက် ခမရ ၃၂၇ က ဖြစ်ကြောင်း ဖြေကြားသည်ဟု ၎င်းကပြော၏။

“အပြစ်မယူဖို့၊ ပြန်လွှတ်ပေးဖို့ ဗမာစစ်သားတွေ တောင်းတောင်းပန်ပန် ပြောယူရတယ်၊ ပြန်လွှတ်မပေးခင် ၀ တပ်မှူး တဦး ကလဲ နောက်တခါ ဘယ်စစ်ကြောင်း/တပ်ဖွဲ့ မဆို လမ်းမမှားမိဖို့၊ ရိုးသားသည်ဖြစ်စေ မရိုးသားသည် ဖြစ်စေ ထပ်မံ နယ်ကျွံလာရင် ခွင့်လွှတ်မှာ မဟုတ်ဘူး- လို့ မိုင်းခတ် အခြေစိုက် နအဖ ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သူကို ပြန်ပြောပြဖို့ မှာကြားလိုက်တယ်”- ဟု ၀ တပ်မှူး၏ ပြောကြားချက်ကို ကိုးကားပြီး အမည်မဖေါ်လိုသူ ဒေသခံ တဦးက ပြန်လည် ပြောပြပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် အပစ်ရပ် တပ်ဖွဲ့အားလုံး နယ်ခြားစောင့် အဖြစ် အသွင်ပြောင်းရန် ဖိအား ပေးမှုကြောင့် ၀ တပ် နှင့် နအဖ အစိုးရတို့ ဆက်ဆံရေး ပို၍ မပြေမလည် ဖြစ်နေချိန် နယ်ခြား သတ်မှတ်မျဉ်း ကျွံဝင်မှု ပြဿနာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထို့အတူ အပစ်ရပ် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA ကလည်း နယ်ခြားစောင့်တပ် တပ်ရင်း ၃ ရင်းအတွက် အင်အား ၁၀၀၀ (၈၈၈ ထက်မနည်း) လူအင်အား စာရင်းပေးရန် ဖိအားပေးထားမှု အပေါ် ဒုတိယအကြိမ် အစည်းအဝေး ခေါ်ယူသော်လည်း ဆုံးဖြတ်ချက် ချနိုင်ခြင်း မရှိသေးချေ။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့