..............................

Monday, November 15, 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ကမ္ဘာ့ခေါင်းဆောင်များ ကြိုဆို

စိုင်းဇွမ်ဆိုင်း
Sunday, 14 November 2010

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ၇ နှစ်ခွဲကျော် အချုပ် ခံရရာမှ လွတ်မြောက် လာသည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ ထင်ရှားသည့် ပုဂ္ဂိုလ်များက ထောက်ခံ ကြိုဆို လိုက်ကြသည်။

အမေရိကန်သမ္မတ ဘားရက် အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနှင့် တခြား နိုဗဲလ်ဆုရှင်များ အပါအဝင် ပုဂ္ဂိုလ်များက ၎င်းတို့၏ သဘောထားအမြင်များကို ကြေညာချက် ထုတ်ပြန်ပြီး ကြိုဆိုကြကြောင်း သတင်းရရှိသည်။

မစ္စတာ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ သူရဲကောင်းတဦး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ကမ္ဘာအနှံ့မှ လူ့အခွင့်အရေး လှုပ်ရှား နေသူများအတွက် စိတ်အားတက်စရာ ပုဂ္ဂိုလ်တယောက် ဖြစ်ကြောင်း ပြောသည်။

“နေအိမ် အကျယ်ချုပ်ကျတာပဲ ဖြစ်ဖြစ်၊ အကျဉ်းကျနေတာပဲ ဖြစ်ဖြစ် နိုင်ငံရေး အခန်းကဏ္ဍမှာ သူရဲ့ ဦးဆောင်မှု၊ ကိုယ်စားပြုမှုတွေဟာ ပြောင်းလဲမသွားပါဘူး။ မြန်မာ့နိုင်ငံရေးကို အပြောင်းအလဲ ဖြစ်သွားစေနိုင်တဲ့ လှုပ်ရှားမှုတွေကိုတော့ စစ်အစိုးရက အစီအစဉ်တကျ ပိတ်ပင်တားဆီးခဲ့ပါတယ်။ အခုအချိန်ကတော့ နိုင်ငံရေးအကျဉ်းသား တဦးတယောက်တည်းကို လွှတ်ပေးခြင်းမျိုး မဟုတ်ဘဲ အားလုံးကို လွှတ်ပေးဖို့ အချိန်တန်ပါပြီ” ဟု မစ္စတာ အိုဘားမားက ပြောကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က “စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်သွားပါလို့ ကျမတို့ တိုက်တွန်းလိုပါတယ်” ဟု ဆိုသည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဒီမိုကရေစီ၊ လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် အတုယူစရာ ပြယုဂ် တခုဖြစ်သည်ဟု ပြောသည်။

“လွတ်လပ်ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခွင့်အရေးတခုပါ။ စစ်အစိုးရအနေနဲ့ သူ့ရဲ့ လုပ်ရပ်တွေကို ထောက်ခံအားပေး သင့်တယ်” ဟု ဗြိတိန်ဝန်ကြီးချုပ်က ဆိုသည်။

နိုဗဲလ်ဆုရှင်များကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုကို ထောက်ခံကြိုဆိုကြောင်းနှင့် သူ့ကို တွေ့ဆုံခွင့်ရရန် မျှော်လင့်ကြသည်ဟု ပြောဆိုကြသည်။

နိုဗဲလ်ဆုရှင်များဖြစ်ကြသည့် ဂျိုဒီဝီလျံ၊ ရှီရင် အီဘာဒီ၊ ဘက်တီဝီလျံ၊ ကော်ရီဂင်မက်ဂွိုင်းယား စသူတို့က ဒေါ်အောင်ဆန်း စုကြည်လွတ်မြောက်မှုအတွက် ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးပေမယ့်လည်းပဲ သူ့ရဲ့ စကားလုံးတွေ၊ သူကိုင်စွဲတဲ့ နည်းလမ်းတွေ၊ သူ့ကို လေးစားတဲ့သူတွေအတွက်၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တန်းတူအခွင့်အရေးအတွက် စုဆောင်းထားသည်” ဟု နိုဗဲလ်ဆုရှင်များ ထုတ်ပြန်သည့် ကြေညာချက်တွင် ပါရှိသည်။

နိုင်ငံတကာမှ ခေါင်းဆောင်များဖွဲ့စည်းထားသည့် The Elders အဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှုကို ကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်သည်။

ယင်းအဖွဲ့အစည်း၏ ဥက္ကဋ္ဌဖြစ်သူ အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုဟာ မြန်မာလူထုအတွက် မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်လာစေပါတယ်။ အချိန်အတော်ကြာအောင် နေအိမ်အကျယ်ချုပ် ကျခံထားရတော့ သူကျန်းမာအောင်၊ ခွန်အားတွေရှိအောင် ကျနော်တို့ ဆုတောင်းပေးပါတယ်” ဟု ပြောသည်။

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင်လည်း နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်များ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် အထိမ်းအမှတ်ပွဲတခု ကျင်းပကြောင်း သိရှိရသည်။

၎င်းတို့သည် နျူကလီးယားလက်နက် အဆုံးသတ်ရေး တိုက်တွန်းမှုအတွက် ဟီရိုရှီးမားမြို့တွင် ၃ ရက်ကြာ အစည်းအဝေးတရပ် ကျင်းပနေချိန်၌ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့်သတင်းကို ကြားသိကြခြင်းဖြစ်သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးလိုက်ခြင်းကို ကြိုဆိုကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ရှနားက ယမန်နေ့ညက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ခြေလှမ်းအစဖြစ်လို့ အိန္ဒိယက ကြိုဆိုပါတယ်” ဟု ၎င်း၏ ပြောဆိုချက်ကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာသည်။

နှစ်ရှည်လများ အကျဉ်းကျနေခဲ့သော ဒေါ်အောင်ဆန်းစုကြည် အရေးအတွက် နှုတ်ပိတ်နေခဲ့သည့် အိန္ဒိယအစိုးရအနေဖြင့် ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည်၏ အမည်အား ထုတ်ဖော်ပြောဆိုခြင်းကို ကြိုဆိုကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ (NCGUB) ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၁ နှစ်အတွင်း၌ ၁၅ နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ် ချထားခံခဲ့ရသည်။

စစ်အစိုးရ၏ ယနေ့ထုတ် သတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည်သည် လျှော့ပေါ့ပြောင်းလဲလိုက်သော ပြစ်ဒဏ် ကျခံရမည့် အချိန်ကာလအတွင်း သတ်မှတ်စည်းကမ်းများနှင့်အညီ ကောင်းမွန်စွာနေထိုင်သဖြင့် ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ခြင်းဖြစ်သည်ဟူ၍ ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံအခြေစိုက် ဧရာဝတီ သတင်းထောက် ဇာနည်မာန် ပူးပေါင်းရေးသားသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့