..............................

Monday, April 26, 2010

ပြည်သူ့ စစ်ဖွဲ့ ရန် ဖိအားပေးမှု မွန်ပြည်သစ်ပါတီ ငြင်းဆန်

ဘစောတင် Friday, April 23, 2010

စစ်အစိုးရက ပြည်သူ့ စစ်ဖွဲ့ ရန် ဖိအားပေး တောင်းဆိုမှုကို မွန်ပြည်သစ် ပါတီ (NMSP) က လက်မခံဘဲ ငြင်းပယ် လိုက်ကြောင်း ပါတီ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

လွန်ခဲ့သော ၂ ရက်အတွင်း မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူကာ ယခု ကဲ့သို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း ယနေ့ ညနေပိုင်းက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောရေး ဆိုခွင့် ရှိသူ နိုင်ချေးမွန်က ပြောဆိုသည်။

“အမျိုးသားအခွင့်အရေး ပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်ခင်စပ်ကြား တပ်ဖွဲ့ များ အသွင်ပြောင်း ဖွဲ့ စည်းရန်မှာ အခက်အခဲ များစွာ ရှိပါတယ်၊ မွန်ပြည်သစ် တပ်ဖွဲ့ ဝင်များနဲ့ မွန်ပြည်သူများက လက်ခံလိုသော ဆန္ဒမရှိပါ၊ ဒါကြောင့် နအဖ တောင်းဆိုတဲ့ ပြည်သူ့စစ် ဖွဲ့ရန် ဆိုသည်မှာ မဖြစ်နိုင်ဘူးဆိုတာကို မနေ့ကပဲ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို အကြောင်း ပြန်ကြား လိုက်ပြီးပါပြီ”ဟု ၎င်းက ဆိုသည်။

စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ဧပြီလ(၇)ရက်နေ့တွင် မွန်ပြည်သစ် ပါတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် မဖွဲ့ပါက ပြည်သူ့စစ် ဖွဲ့ရန်နှင့် ပတ်သက်ပြီး အကြောင်းပြန်ရန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံပွဲသို့ NMSP ဒုဥက္ကဋ္ဌ နိုင်ရော့စ အပါအ၀င် ဗဟိုကော်မတီ ၀င်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ NMSP အနေဖြင့် နယ်ခြားစောင့်တပ် ဖွဲ့ဖြစ်စေ၊ ပြည်သူ့စစ် အသွင် ကူးပြောင်းရေးကို ဖြစ်စေ ပြောင်းလဲဖွဲ့စည်းရန် အကြိမ်ကြိမ် ငြင်းဆို ထားသည်။

“ကျနော်တို့ကို စစ်အစိုးရက ပြည်သူ့စစ်ဖွဲ့ဖို့ အင်အားသုံး ဖိအားပေးလာရင်တော့ ကျနော်တို့ကိုယ် ကျနော်တို့ ကာကွယ်ရမှာပဲ” ဟု နိုင်ချေးမွန်က ပြောသည်။

ယခုကဲ့သို့ ငြင်းဆန်ပြီးနောက် ပြည်တွင်း၌ ဖွင့်လှစ်ထားရှိသော NMSP ရုံးများကို ပိတ်ပစ်ခြင်းနှင့် လူဦးရေ လျှော့ချ ခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် မတ်လက NMSP သည် လက်နက် စုဆောင်းရေး ဌာန အပါအဝင် ဌာနတချို့ကို နေရာ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

“ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ကျနော်တို့ ကို နယ်ခြားစောင့်တပ် ဖွဲ့မလား၊ ပြည်သူ့စစ် ဖွဲ့မလား၊ ဘာမှ လက်မခံ ရင်တော့ ခင်ဗျားတို့ဟာ အပစ်အခတ် ရပ်စဲမှု မပြုလုပ်ခင် ၁၉၈၉ ခုနှစ်က အနေအထားကို ရောက်သွားမယ်လို့ ပြောခဲ့တာကြောင့် ကျနော်တို့ ဘက်ကလည်း ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ ရုံးတွေမှာရှိတဲ့ လူတွေ လျှော့ချ တာတို့၊ ပိတ်တာတို့ စလုပ်နေပြီ၊ ဆက်ဆံရေး ရုံး တရုံးကိုပဲ ထားတော့မယ်” ဟု နိုင်ချေးမွန်က ဆက်ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူ တောင်ကြားလမ်းမှ NMSP ပါတီဝင် တချို့ကလည်း နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေး အတွက် ဆွေးနွေး ညှိနှိုင်းမှုပျက်ပြားပြီး စစ်ကို မရှောင်လွှဲနိုင်ပါက နေအိမ်များစွန့်ခွာ၍ တောတွင်းသို့ ပြန်ဝင်ကြရန် ခေါင်းဆောင်များက မှာကြား ထားကြောင်း ပြောဆိုသည်။

NMSP ၏ တရားဝင် စာရင်းများအရ အဖွဲ့ဝင် ၃၅၀၀ ရှိသော်လည်း လက်ရှိတွင် တာဝန် ထမ်းဆောင်နေသူမှာ ၇၀၀ ခန့် သာ ရှိကြောင်း သိရသည်။

အကယ်၍ စစ်ဖြစ်ပွားရန် အကြောင်းပေါ်လာပါက တပ်ဖွဲ့ဝင်များ ပြန်လာဖွယ်ရှိကြောင်း၊ အစပိုင်းတွင်မှု အခက်အခဲ ရှိမည်ဖြစ်ကြောင်း NMSP အတွင်းရေးမှူး နိုင်ဟံသာက ဧရာဝတီသို့ မကြာသေးခင်က ပြော ဆိုထားသည်။

သို့သော် အပစ်ရပ်ထားသည့် ဆယ်စုနှစ်တခုကျော်ကြာအတွင်း မြို့ပေါ်၌ စီးပွားရေးလုပ်ငန်းများနှင့် အခြေကျနေသည့် ပါတီ အဖွဲ့ဝင်များ အဖို့ လက်ရှိ အခြေအနေကို စွန့်လွှတ်၍ NMSP နှင့် တောတွင်းသို့ လိုက်ပါ ပူးပေါင်းရန် အခက်အခဲ ရှိမည်ဟု မွန် နိုင်ငံရေး လေ့လာ အကဲခတ်သူများက ဆိုသည်။

NMSP ဗဟိုအလုပ်အမှုဆောင်ဟောင်း နိုင်တင်အောင်ကမူ မြန်မာစစ်တပ် အနေဖြင့် ၎င်းတို့ကို တိုက်ခိုက်လိမ့်မည်ဟု မထင်ကြောင်း ပြောဆိုဖူးသည်။

ယမန်နှစ်က နယ်ခြားစောင့်တပ် ဖွဲ့ရန် NMSP က ငြင်းဆန်ပြီးနောက် စစ်အစိုးရနှင့် ဆက်ဆံရေး တင်းမာခဲ့သည်။

အကယ်၍ တိုက်ပွဲ ပြန်ဖြစ်ခဲ့လျှင် ပြောက်ကျား နည်းဖြင့် ပြန်လည် ခုခံမည် ဖြစ်ကြောင်းလည်း NMSP ခေါင်းဆောင် များက ပြောဆိုထားသည်။

အပစ်အခတ်မရပ်စဲခင်က မွန်ဒေသတွင် စစ်အစိုးရ တပ်ရင်း ၁၀ ရင်းသာ တပ်စွဲထားခဲ့သော်လည်း ၁၅ နှစ်ကြာ ကာလအတွင်း တပ်စွဲ ထားသည့် တပ်ရင်း ၃၀ ခန့် ရှိကြောင်း သိရသည်။

မွန်ပြည်သစ် ပါတီသည် စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်က အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အပစ်ရပ်အဖွဲ့များအနေနှင့် ဧပြီ ၂၈ ရက်နေ့ မတိုင်မီ နယ်ခြားစောင့်တပ် အသွင် မပြောင်းပါက စစ်အစိုးက မတရားအသင်း အဖြစ် ကြေညာမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့