..............................

Wednesday, September 30, 2009

မွန်ပြည်သစ် ကန့်သတ်နယ်မြေအတွင်း တပ် စခန်းနှင့် ဂိတ်တည်ရန် နအဖပြင်ဆင်

NEJ / ၂၉ စက်တင်ဘာ ၂၀၀၉

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် မွန်ပြည်သစ်ပါတီ ထိန်းချုပ် ထားသည့် အဓိက ကျသော နေရာ အချို့တွင် မြန်မာ စစ်အစိုးရက တပ်စခန်းနှင့် ဂိတ်သစ်များ တိုးချဲ့ ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ၏ လျှို့ဝှက် ညွှန်ကြားချက်ဖြင့် မွန်ပြည်သစ် ထိန်းချုပ်ရာ ဘုရားသုံးဆူ နယ်စပ်ဒေသ တနေရာနှင့် သထုံခရိုင်၊ ကျိုက်မရောနှင့် ကော့ကရိတ်မြို့နယ် တို့တွင် ရွေးချယ် ထားကြောင်း ရတခ လက်အောက်ခံ တပ်ရင်း တရင်းမှ နအဖ ဗိုလ်မှူးတဦးက ပြောကြားသည်။

မြန်မာစစ်အစိုးရက မွန်ပြည်သစ် ကန့်သတ်နယ်မြေ အတွင်း တပ်တည် စခန်းနှင့် ဂိတ်သစ် တိုးချဲ့ရန် စီစဉ်နေသည်မှာ မှန်ကန်ကြောင်း မွန်ပြည်သစ် စစ်ဘက် အရာရှိ တဦးကလည်း အတည်ပြု ပြောကြားခဲ့ပြီး ထိုသို့ အမှန်တကယ် အကောင်အထည် ဖော်ခဲ့ပါက နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေး ပျက်ပြား သွားနိုင်သည်ဟု ဆိုသည်။

၎င်းက “အပစ်ရပ်တုန်းက တပ်တည်နေရာ ချမှတ်ထားရေး အပိုင်းမှာ နယ်မြေ ကျူးကျော်ပိုင်ခွင့် မရှိတဲ့ ကိုယ်ပိုင် ဒေသတွေ ရှိတယ်။ ပါတီအတွက် အသက်သွေးကြော ဖြစ်တဲ့ နယ်စပ် ဒေသထဲမှာ နအဖက ဂိတ်ဖွင့်တာ၊ တပ်စခန်း တည်တာမျိုး လုပ်လာရင်တော့ ရထားပြီးသား သင့်မြတ်ရေးကို ထိခိုက်နိုင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

တပ်စခန်းထားရှိရန် မြန်မာစစ်အစိုးရဘက်က တရားဝင် ခွင့်တောင်းခြင်း မရှိသေးသော်လည်း သတ်မှတ်ထားသည့် နေရာများ အနက် ဘုရားသုံးဆူ ဒေသအတွင်းရှိ ထိုင်းနိုင်ငံ စန်ခရဘူရီနှင့် မွန်ပြည်သစ် ဗဟိုဌာနချုပ်သို့ သွားရာ အဓိက နယ်စပ်ဂိတ် တဝိုက်လည်း ပါဝင်သည်ဟု မွန်ပြည်သစ်က ပြောသည်။

“ကျနော်တို့ရဲ့ အဓိကလမ်းကြောင်းအဖြစ် သုံးနေတဲ့ ဟလောက်ခနီ နယ်စပ် ဂိတ်လမ်းကြောင်း မှာတော့ သူတို့ တပ် လာတည်ခွင့် မရှိဘူး။ နအဖက ဒီလို စီစဉ်တာက နယ်ခြားစောင့်တပ် ဖွဲ့ဖို့ ဖိအား ပေးတာလည်း ဖြစ်နိုင်တယ်။ ဒီနယ်မှာ လုပ်လည်း မလုပ်သင့်ဘူး” ဟု မွန်ပြည်သစ် စစ်ဘက်ရေးရာ အရာရှိက ပြောသည်။

၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် အဆိုပါဟလောက်ခနီ နယ်စပ်ဂိတ် အနီးတဝိုက်တွင် ဂိတ်ဖွင့်လှစ်ရန် ၂၀၀၃ ခုနှစ်အထိ စစ်အစိုးရက ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

ဟလောက်ခနီ နယ်စပ်ဂိတ်သည် ဘုရားသုံးဆူမြို့နှင့် ကီလိုမီတာ (၄၀) ကျော်၊ စန်ခရဘူရီမြို့မှ ကီလိုမီတာ (၃၀) ခန့် ကွာဝေးပြီး နွေရာသီတွင်သာ အသုံးပြုနိုင်သည့် ကားလမ်းမှာ မွန်ပြည်နယ် တောင်ပိုင်း ရေးမြို့အထိ ခရီးပေါက်ရောက်သည်။

အဆိုပါ ဟလောက်ခနီဂိတ်နှင့် (၁) ကီလိုမီတာခန့်အကွာတွင် ဘန်တောင်ယန်း ဒုက္ခသည် စခန်း တည်ရှိပြီး ဒုက္ခသည်ပေါင်း (၄,၃၀၀) ကျော် မှီခိုလျက်ရှိကြောင်း ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် အရေး ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (TBBC) ၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

မွန်ပြည်သစ် ဗဟိုကော်မတီဝင်တဦးက “ဒီ (ဟလောက်ခနီ) နယ်စပ် လမ်းကြောင်းကို နအဖက ချုပ်ကိုင်ချင်ရင် ကျနော်တို့ကို တိုက်ရိုက်နည်းနဲ့ ဖိအား မပေးရင်တောင်မှ ဒီတဝိုက် လှုပ်ရှားနေတဲ့ ကေအန်ယူ တပ်ဖွဲ့တွေကို စစ်ဆင်နေတယ် ဆိုပြီး နအဖ စစ်တပ်တွေ အချိန်မရွေး ဝင်ရောက် လှုပ်ရှားနိုင်တယ်။ ဒါပေမယ့် ဒီနယ်စပ်ဂိတ် အထိတော့ သူတို့ကို ဝင်ခွင့်ပေးမှာ မဟုတ်ဘူး။ အဲဒီ နယ်စပ်ဂိတ် ကနေ ဒုက္ခသည်စခန်းလည်း ရှိတယ်လေ။ ဒီမှာ နအဖဂိတ် ရှိသွားရင် သူတို့ဘယ်လိုလုပ် သွားလာလို့ ရတော့မလဲ” ဟု ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့